ကွတ်ခိုင်မြို့တွင် လက်နက်ကြီးသံများ ကြားရ

0

သျှမ်းပြည် မြောက်ပိုင်း ကွတ်ခိုင်မြို့နယ် အတွင်း ယနေ့ (ဇန်နဝါရီ ၈) ညနေ ၄နာရီ ကျော်တွင် လက်နက်ကြီး ပစ်ခတ်သံများ ကြားရကြောင်း ဒေသခံများ ပြောပြချက် အရ သိရသည်။

 

Photo by ဒေသခံ

အဆိုပါ လက်နက်ကြီး ပစ်သည့် သံကြောင့် ကွတ်ခိုင်ဒေသခံများ စိုးရိမ် ထိတ်လန့်မှု ဖြစ်နေကြောင်း၊ မည်သည့် အဖွဲ့ က ပစ်သည်ကို မသိရှိကာ မည်သည့်နေရာတွင် ပစ်ခတ်သည်ကိုလည်း အသေးစိတ်မသိရှိကြောင်းလည်း ကွတ်ခိုင် ဒေသခံများက ပြောသည်။

“ လက်နက်ကြီး သံ ၄၊ ၅ချက်တော့ ကြားတယ်။ ကွတ်ခိုင် ရပ်ကွက် (၁) ဘက်က ပိုကြားတယ်။ သတိနဲ့တော့ နေနေရတယ်” ဟု ကွတ်ခိုင်မြို့ဒေသခံတဦးဖြစ်သည့် မိုင်းမိုင် က သျှမ်းသံတော်ဆင့် သို့ပြောသည်။

လက်ရှိ အခြေအနေမှာ လက်နက်ကြီးသံ ငြိမ်သက်သွားသော်လည်း ညပိုင်းတွင် ထပ်မံ ကြားရမည်ကို စိုးရိမ်ရကြောင်း၊ သတိဖြင့် နေရကြောင်းလည်း မိုင်းမိုင် က ဆိုသည်။

“ လက်နက်ကြီး အသံကတော့ တော်တော်ကျယ်တယ်။ ဘယ်ကနေ ပစ်နေလဲဆိုတာတော့ သေချာမသိသေးဘူး။ ဘယ်ကို ထိလည်းဆိုတာ မပြောတက်သေးဘူး။ စုံစမ်းနေတုန်းပါ” ဟု ကွတ်ခိုင်မြို့ ဒေသခံ အမျိုးသား စိုင်းအောင် က ပြောသည်။

လက်နက်ကြီးသံသည် ကွတ်ခိုင်၊ နမ့်ဖက်ကာ နှင့် မူဆယ်လမ်းကြော တလျောက် ကြားနေရသည် ဟုလည်း လူမှုကွန်ရက် စာမျက်နှာပေါ်တွင် ရေးသားနေသည်ကိုတွေ့မြင်ရသည်။

လက်ရှိမှာ နမ့်ဖက်ကာ နှင့် မူဆယ်လမ်း တကြောတွင် လည်း လက်နက်ကြီးသံ ကြားရခြင်းနှင့် ပတ်သက်ပြီး အတည်ပြုချက် မရရှိသေးပေ။

၂၀၂၀ ရွေးကောက်ပွဲ တွင် ငြိမ်းချမ်းသည့် ပတ်ဝန်းကျင် တည်ဆောက်ပြီး ပြည်တွင်းစစ် ချုပ်ငြိမ်းရန် အတွက် ညီနောင် မဟာမိတ် (၃)ဖွဲ့သည် တဖက်သတ် အပစ်ရပ် ၂လ ထပ်မံတိုးမြင့်ခဲ့သည်။

ထို့ပြင် ယနေ့ (ဇန်နဝါရီ ၈) တွင် လည်း နေပြည်တော် ၌ အပစ်ခတ် တိုက်ခိုက်ရေး၊ ရပ်စဲရေး သဘောတူစာချုပ် အကောင်အထည် ဖော်မှုဆိုင်ရာ ညှိနှိုင်း အစည်းအဝေး (JICM) ကျင်းပခဲ့သည်။

Leave a Comments

SHARE