Sunday, July 21, 2024

ချင်းမိုင်တွင် ယာဉ်တိုက်ခံရသည့် ရွှေ့ပြောင်း အမျိုးသမီးတဦး ဆေးကုသရန် ခက်ခဲနေ

Must read

ထိုင်းနိုင်ငံ ချင်းမိုင်မြို့တွင် သျှမ်းရွှေ့ပြောင်း အလုပ်သမားတဦး ယာဉ်တိုက်မှု ဖြစ်ပွားကာ လက်ရှိ အချိန်ထိ လျော်ကြေးငွေ မရရှိသေးသဖြင့် ဆေးကုသရန် ခက်ခဲနေကြောင်း သတင်းရရှိသည်။

Photo by Sai Tai/ ယာဉ်တိုက်မှုဖြစ်ပွားကာ လျော်ကြေး ငွေ မရသေးသည့် ရွှေ့ပြောင်းအမျိုးသမီးပုံ

ဖြစ်စဉ်မှာ လွန်ခဲ့သည့် အောက်တိုဘာ ၈ ရက်နေ့တွင် ထိုင်းနိုင်ငံ ချင်းမိုင်မြို့ ၌ အသက် ၃၆နှစ် အရွယ် ရွှေ့ပြောင်းအလုပ်သမား အမျိုးသမီး စီးလာသည့် ဆိုင်ကယ်ကို ကုန်တင်ကား တစီး က ဝင်တိုက်ခဲ့သည်။

ထို ယာဉ်တိုက်မှု ဖြစ်ပွားမှုကြောင့် ရွှေ့ပြောင်း အလုပ်သမား နန်းဆီနွန်း သည် လျော်ကြေးငွေ မရသဖြင့် ဆေးကုသ စရိတ် အခက်အခဲဖြစ်နေကြောင်း   သျှမ်းသံတော်ဆင့် သို့ ပြောသည်။

“ ယာဉ်တိုက်တဲ့နေ့က ကျမ ဘာမှ မသိတော့ဘူး။ ၃ရက်လောက် မေ့သွားတယ်။ ဆေးရုံကို ဘယ်လို ရောက်လာလည်း မသိဘူး။ အခု ကျမ ဆေးကုသ စရိတ် ခက်ခဲနေတယ်။ အလုပ်လည်း မလုပ်နိုင်ဘူး” ဟု နန်းဆီနွန်း က ပြောသည်။

နန်းဆီနွန်း သည် သျှမ်းပြည် မိုင်းကိုင်မြို့ မှ ထိုင်းနိုင်ငံ ချင်းမိုင်မြို့ ဆောက်လုပ်ရေး လုပ်ငန်းခွင် တွင် အလုပ်လုပ်ကိုင်နေသည့် အမျိုးသမီး တဦးဖြစ်သည်။

ထို ကားတိုက်မှုကြောင့် လက်ရှိမှာ လုပ်ငန်းခွင် ပြန်ဝင်ရန် ခက်ခဲသဖြင့် ဝင်ငွေမရှိကာ ဆေးကုသရန်လည်း အဆင်မပြေကြောင်း၊ ထို့ကြောင့် ယာဉ်တိုက်မှု ကျူးလွန်သူများကို လျော်ကြေးငွေ လာရောက် ပေးစေလို ကြောင်းလည်း နန်းဆီနွန်း က ပြောသည်။

“ ကျမ အခု ဒုက္ခိတ ဖြစ်နေပြီ။ ခြေထောက်လည်း ထောက်လို့မရ။ တင်ပါးရိုး ကပ်သွားတယ်။ အဆုတ် ထဲလည်း ရေဝင်လို့ ထုတ်လိုက်ရတယ်။ ကျမမှာ သမီးတယောက်ကလည်း ရှိတော့ ဘာလုပ်ရမှန်းမသိဘူး” ဟု နန်းဆီနွန်း က ပြောသည်။

ယာဉ်တိုက်မှု ဖြစ်ပွားမှုကြောင့် လျော်ကြေးငွေရရှိရန် အတွက် သျှမ်း ရွှေ့ပြောင်းအလုပ်သမားများကို ကူညီဆောင်ရွက်ပေးနေသည့် အဖွဲ့ကလည်း ကြိုးစားနေကြောင်း၊ သက်ဆိုင်ရာ ထိုင်းရဲတပ်ဖွဲ့များကိုလည်း ကျူးလွန်သည့် ကားကို စုံစမ်းပေးရန် အကူအညီ တောင်းထားကြောင်း ရွှေ့ပြောင်း အလုပ်သမားများ အရေးကို ကူညီပေးနေသည့် စိုင်းတိုင်း က သျှမ်းသံတော်ဆင့်သို့ ပြောသည်။

“ လက်ရှိ ဆေးရုံမှာ ဆေးကုခတွေ အားလုံး နန်းဆီနွန်း ပဲ ကုန်ခံရတယ်။ ကျနော်ကတော့ သူ့အတွက် လျော်ကြေးငွေ ပြန်ရဖို့တော့ ရဲတွေကို ပြောထားတယ်” ဟု စိုင်းတိုင်းက ဆိုသည်။

ယခုနှစ် အတွင်း ထိုင်းနိုင်ငံ ချင်းမိုင် ခရိုင် ယာဉ်တိုက်မှုကြောင့် သေဆုံးသူ၊ ထိခိုက်ဒဏ်ရာရရှိသူ သျှမ်းရွှေ့ပြောင်း အလုပ်သမား ၁၀ဦး ကျော်ရှိပြီး၊ ထိုထဲတွင် သေဆုံးသူ က ပိုများကြောင်း သျှမ်းရွှေ့ပြောင်း အလုပ်သမားအရေးဆောင်ရွက်သူများက ပြောဆိုသည်။

Leave a Comments

- Advertisement -spot_img

Latest article