လားရှိုးမြို့တွင် အုပ်စုဖွဲ့ လုယက်မှုများ သောင်းကျန်းနေ

0

သျှမ်းပြည်နယ် မြောက်ပိုင်းလားရှိုးမြို့နယ် အတွင်း ယခုရက်ပိုင်း အုပ်စုဖွဲ့ လုယက်မှုများသောင်းကျန်းနေသဖြင့် ဒေသခံများ စိုးရိမ် ထိတ်လန့်မှုဖြင့် သွားလာနေရကြောင်း သိရသည်။

Photo Credit to Lashio Media- လားရှိုးမြို့တွင်း နေ့ခင်းအလှ

လားရှိုးမြို့တွင် စက်တင်ဘာ လနှင့် အောက်တိုဘာ လဆန်းအတွင်း အုပ်စုဖွဲ့ လုယက်မှု၊ ဓါးပြ တိုက် မှုများ သောင်းကျန်းနေကြောင်း၊ ထိုအုပ်စုဖွဲ့ လုယက်မှု သက်ဆိုင်ရာ ရဲတပ်ဖွဲ့ မှ အမြန်ဆုံး ရှင်းလင်းပေးရန် လားရှိုးဒေသခံ တဦးဖြစ်သည့် ကိုနေမျိုး က သျှမ်းသံတော်ဆင့် သို့ပြောသည်။

“ အခုနောက်ပိုင်း နေ့တိုင်းနီးပါး ဖုန်း ၊ ပိုက်ဆံအိတ်တွေ လုယက်ခံရတယ်။ အိမ်ထဲထိ ဝင်ခိုးတယ်။ ဖောက်ထွင်းတယ်။ အုပ်စုလိုက် ကျူးလွန်နေတာပါ။ မဖမ်းမိဘူး” ဟု ကိုနေမျိုး က ဆိုသည်။

အုပ်စုဖွဲ့ ခိုးယူလုယက်သူများသည် ယခုနောက်ပိုင်း နေအိမ်အုတ်တံတိုင်းကို ကျော်ကာ ဆိုင်ကယ်များကို လူအုပ်ဖြင့် ထမ်းထုတ်ခိုးယူသည်အထိရှိနေကြောင်းလည်း ကိုနေမျိုး က ပြောသည်။

လွန်ခဲ့သည့် တပတ်ကလည်း  ကမ္ဘောဇဘဏ် သို့ ငွေလာထုတ်သည့် ပညာရေး ကောလိပ် ဆရာမ ၂ ဦး လည်း ငွေလုယက်ခံခဲ့ပြီး လုယက်သွား သူများကို ခုချိန်အထိ စုံစမ်းနေဆဲကြောင်း ၊  ညပိုင်းလမ်းသွားလမ်းလာများထံမှလည်း ဓါးထောက်ပြီး ဖုန်းနှင့် ပိုက်ဆံအိတ်များဓါးပြတိုက်ခဲ့သည်လည်းရှိကြောင်း  သိရသည်။

“ နေ့တိုင်း ဖြစ်ပေမယ့် တရားခံတွေကတော့ မှ ရဲတွေဖမ်းမိတာ မရှိဘူး။ လုံခြုံရေးကတော့ ကိုယ့်ဘာသာကိုယ်ယူနေရတဲ့ အဆင့်ပါပဲ။ ရဲတိုင်ရင်လည်း ထူးမှ မထူးတာ” ဟု လားရှိုး ဒေသခံ စိုင်းလှ က ပြောသည်။

လားရှိုးမြို့ ပေါ်တွင် တရားမဝင် ဂိမ်းဆိုင်များ၊ မူးယစ်ဆေးများ အလွယ်တကူ ဝယ်ယူသုံးစွဲနိုင်ပြီး ထို အုပ်စုဖွဲ့ လုယက်သူများသည် မူးယစ်သားကောင်များ ဖြစ်နိုင်ကြောင်းလည်း စိုင်းလှ က မှတ်ချက်ပြုသည်။

တချို့ နေအိမ် အိမ်စီးကားများ၊ ဆိုင်ကယ်များပါ ခိုးခံရကြောင်း၊ ထိုခိုးခံရသည် ကို သွားရောက်တိုင်ကြားသော်လည်း တရားခံ မဖမ်းမိကြောင်းလည်း သိရသည်။

“ တချို့ကတော့ ကား၊ဆိုင်ကယ် က လိုင်စင်မရှိလို့ ခိုးခံရလည်း ငြိမ်ခံနေရတယ်။ တချို့ ကား၊ဆိုင်ကယ်ကတော့ လိုင်စင်ရှိတယ် ဒါပေမယ့် တိုင်လည်း ခိုးတဲ့သူကို ဖမ်းမမိပါဘူး” ဟု စိုင်းလှ က ထပ်လောင်းပြောသည်။

Photo Credit to PS Express- လားရှိုးမြို့တွင်းညအလှ

ထို အုပ်စုဖွဲ့ လုယက်မှု၊ ခိုးမှုများကို သက်ဆိုင်ရာ က အမြန်ဆုံး ရှင်းလင်းပေးရန်၊ ဖမ်းဆီးပေးရန်လည်းလားရှိုးဒေသခံများ က ပြောဆိုလိုက်သည်။

သျှမ်းပြည်နယ် မြောက်ပိုင်း လားရှိုးမြို့ ပြည်သူများသည် တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့ နှင့် မြန်မာ့ တပ်မတော် တိုက်ပွဲဖြစ်ပွားမည်ကို ကြောက်နေရသလို၊ တဖက်မှာလည်း ခိုးလုယက်မှုကို စိုးရိမ်ထိတ်လန့်နေရသည်။

“ ဒီမှာက အရာရာကို ကြောက်နေရတယ်။ ဘာမှ မလုံခြုံဘူး ခံစားရတယ်။ တိုက်ပွဲဖြစ်လိုက်၊ ခိုးလုယက်ဖြစ်လိုက်ပါပဲ။ ဘယ်သူ့ကို အားကိုးရမှန်းမသိဘူး” ဟု စိုင်းလှ က ထပ်လောင်းဖြည့်စွတ်ပြောသည်။

လားရှိုးမြို့နယ် ရဲတပ်ဖွဲ့ များအနေဖြင့် ဒေသခံများ လုံခြုံမှုရှိကြောင်း ခိုးမှု လုယက်မှု ကင်းအောင် ဆောင်ရွက်ပေးရန်လည်း ဒေသခံများက ပြောဆိုလိုက်သည်။

ထို လားရှိုး မြို့ လုံခြုံရေး နှင့်ပတ်သက်ပြီး လားရှိုးမြို့မ ရဲစခန်းမှ တာဝန်ရှိသူ က “ ကျနော်တို့ လုံခြုံရေး တွေ ကင်းလှည့်နေပါတယ်။ ခိုးမှုတွေ လုယက်မှုတွေ ကိုလည်း ဖမ်းဆီး အရေးယူတာတွေရှိပါတယ်” လို့ သျှမ်းသံတော်ဆင့် သို့ ပြောသည်။

 

ဢုပ်ႇဢူဝ်း ၽူႈတွႆႇႁွၵ်ႈ

SHARE