သိန္နီမြို့တွင်းပစ်ခတ်မှုကြောင့် လွှတ်တော် အမတ်နှင့် လူထုတွေ့ဆုံမည့်အစီအစဉ် ရွှေ့ဆိုင်းရ

0

သျှမ်းပြည်နယ် မြောက်ပိုင်း သိန္နီမြို့ အတွင်း ယမန်နေ့ (အောက်တိုဘာ ၉ ) ရက်နေ့ က ပစ်ခတ်မှုကြောင့် သိန္နီလွှတ်တော် ကိုယ်စားလှယ်နှင့် ဒေသခံများတွေ့ဆုံပွဲကို ရက်ရွှေ့ဆိုင်း လိုက်ရကြောင်း သတင်းရရှိသည်။

Photo By SHAN / သိန္နီမြို့နယ် ကျားခေါင်းပါတီ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် နန်းခင်ထားရီ

“ တကယ်ဆိုရင် ဒီနေ့(အောက်တိုဘာ ၁၀)ရက်နေ့ ကျမတို့ လွှတ်တော်ကိုယ်စားလှယ် ၄ ဦး နဲ့သိန္နီဒေသခံတွေ တွေ့ဆုံဖို့ လုပ်ထားတာ။ အခုတော့ ရက်ရွှေ့လိုက်ရတယ်။ ဘယ်နေ့ ပြုလုပ်မလဲဆိုတာ တော့ ဆွေးနွေးနေတုန်းပါ” ဟု သိန္နီမြို့နယ် အမှတ်(၁) မဲဆန္ဒနယ် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် နန်းခင်ထားရီ က သျှမ်းသံတော်ဆင့်သို့ ပြောသည်။

ယမန်နေ့ မနက်ပိုင်း ၆ နာရီခွဲက မြန်မာ့တပ်မတော် နှင့် တအာင်း(ပလောင်) အမျိုးသား လွတ်မြောက်ရေး တပ်မတော်  TNLA  တို့ ပစ်ခတ်မှု ဖြစ်ပွားခဲ့ပြီး အရပ်သား ၇ ဦး ထိခိုက် ဒဏ်ရာရရှိကာ မြန်မာ့တပ်မတော် ၃ ဦး ကျဆုံးခဲ့သည်။

သိန္နီ လွှတ်တော်ကိုယ်စားလှယ်နှင့် ဒေသခံများ တွေ့ဆုံမှုကို ရက်ရွှေ့ဆိုင်းလိုက်ရပြီး၊ မည်သည့် နေ့ရက် ပြန်ပြုလုပ်မည်ကို မသိရှိသေးကြောင်း၊ မဆုံးဖြတ်ရသေးကြောင်း နန်းခင်ထားရီ က ပြောသည်။

လူထုတွေ့ဆုံပွဲ ပြုလုပ်ရခြင်းမှာ သိန္နီ မြို့ လွှတ်တော် ကိုယ်စားလှယ် များအနေဖြင့် လွှတ်တော် တွင်မည်သို့ ဆောင်ရွက်နေသည် ကို ဒေသခံများသိရှိစေရန် နှင့် ရှေ့ဆက်မည့် လုပ်ငန်းစဉ် အတွက် ပြည်သူ့အသံ နားထောင်ရန်  ဖြစ်သည် ဟု နန်းခင်ထားရီ က ပြောသည်။

“ လွှတ်တော်သက်တမ်းမှာ ၄ ယောက်လုံး ဆုံပြီး တခါမှ ပြည်သူနဲ့တွေ့ဆုံတာ မလုပ်ရသေးဘူး။ ကိုယ့် ဘာသာကိုယ် ပြည်သူနဲ့ တွေ့တာပဲရှိတယ်။ ပြည်ထောင်စု အဆင့် မှာ ပြည်နယ် အဆင့်မှာ ဘာလုပ်ခဲ့လဲ။ ပြီးတော့ ရှေ့လုပ်ငန်းစဉ် အတွက် ပြည်သူရဲ့ အသံကို နားထောင်ပြီး ဘာတွေ လုပ်ဖို့လိုလဲဆိုတာ ကို ရည်ရွယ်ပြီး တွေ့ဆုံတာဖြစ်ပါတယ်” ဟု နန်းခင်ထားရီ က ရှင်းပြသည်။

ထို့ပြင် ယမန်နေ့ သိန္နီမြို့ လယ်ခေါင် အတွင်း ဖြစ်ပွားသည့် ပစ်ခတ်မှုကြောင့် သိန္နီမြို့ ဈေးဆိုင်များ၊ နေအိမ်များ တချို့ ခိုးယူခြင်း၊ ဖောက်ထွင်းခံရခြင်း လည်း ရှိကြောင်း သိန္နီ ဒေသခံ အမျိုးသမီး နန်းမွေ က ပြောသည်။

“ မနေ့က ကျမတို့ ဈေးထဲမှာ ကြက်တွေ၊ စားစရာတွေ လာယူတဲ့ အဖွဲ့ရှိတယ်။ နောက် အိမ်ဝင်းထဲမှာ ရှိတဲ့ ပစ္စည်းတွေကိုလည်း ယူသွားတယ်။ အဓိက စားစရာတွေ ယူသွားတယ်” ဟု နန်းမွေ က ပြောသည်။

သိန္နီမြို့ အတွင်း ပစ်ခတ်မှုကို အခွင့်ကောင်းယူပြီး ပစ္စည်းခိုးခြင်း၊ ဈေးဆိုင်ထဲ ပစ္စည်းဖောက်ထွင်းခြင်းသည့် မူးယစ်သားကောင်များလည်း ဖြစ်နိုင်ကြောင်း၊ ထို သတင်း ၏ အသေးစိတ်ကို မသိရှိသေးကြောင်း လည်း သိန္နီမြို့ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် စိုင်းဦးခမ်း က သျှမ်းသံတော်ဆင့် သို့ပြောသည်။

အလားတူ မြို့လယ်ရှိ  CB ဘဏ်ကိုလည်း လူတစုမှ ဖောက်ထွင်းရန်ကြိုးစားမှုများရှိခဲ့ကြောင်း ဒေသခံလူထုပြောပြချက်အရသိရသည်။ သို့သော် ဖောက်ထွင်းမှုနောက်ဆက်တွဲအခြေအနေကို သျှမ်းသံတော်ဆင့်မှ အတည်ပြုချက်မရခဲ့ပေ။

သိန္နီမြို့ တွင်း ပစ်ခတ်မှုကြောင့်  ကျရောက်ပေါက်ကွဲသည့် လက်နက်များ၊  ကျရောက်လာပြီးမပေါက်ကွဲသည့်ကျည်များကို သက်ဆိုင်ရာ က လာရောက်ရှင်းလင်းပြီးဖြစ်ကြောင်း၊ ယနေ့မနက်ပိုင်းတွင်မူ ဒေသခံများ ပုံမှန် သွားလာနေကြပြီဖြစ်ကြောင်း သိရသည်။

 

ဢုပ်ႇဢူဝ်း ၽူႈတွႆႇႁွၵ်ႈ

SHARE