ကွတ်ခိုင်မြို့နယ်တွင် မှိုရှာထွက်သည့် အမျိုးသားတဦး မိုင်းနင်းမိ

0

သျှမ်းပြည်နယ်မြောက်ပိုင်း ကွတ်ခိုင်မြို့နယ် မော်ဟန် ကျေးရွာ တွင် မှိုထွက်ရှာသည့် အမျိုးသားတဦး မိုင်းနင်းမိ ဒဏ်ရာရရှိရာ  ကွတ်ခိုင်ဆေးရုံတွင် ဆေးကုသခံနေရကြောင်း သတင်းရရှိသည်။

Photo by Helen Mai facebook / မော်ဟန်ကျေးရွာ မိုင်းနင်းမိသည့် ဦးခေါင်ဂျုံးခြေထောက်ဒဏ်ရာ

စက်တင်ဘာ ၁၆ ရက် မနက် ၉ နာရီဝန်းကျင်က ကွတ်ခိုင်မြို့နယ် မော်ဟန် ကျေးရွာ အနီး အသက် ၃၆ နှစ်အရွယ် အမျိုးသား ဦးခေါင်ဂျုံး သည် မှိုထွက်ရှာရင်း မိုင်းနင်းမိသဖြင့် ခြေထောက်နှင့် လက်များတွင် မိုင်းစများ ထိမှန်ဒဏ်ရာရရှိခဲ့ကြောင်း မိုင်းနင်းမိခံရသူ၏ မိသားစုဝင် တဦးဖြစ်သည့် မေရီခေါင် က သျှမ်းသံတော်ဆင့် သို့ ပြောသည်။

“ မှိုသွားရှာရင်း မိုင်းနင်းမိတာပါ။ ခြေထောက်ကတော့ မိုင်းစများတယ်။ တချို့လည်း ထုတ်ပြီးပြီ၊ မိုင်းစ ထပ်ရှိ၊ မရှိတော့ ထပ်ရှာနေတုန်း၊ လက်ကတော့ နည်းနည်းပဲထိတယ်။ အခု ကွတ်ခိုင်ဆေးရုံမှာပါပဲ”  ဟု မေရီခေါင် က ဆိုသည်။

ကွတ်ခိုင်မြို့နယ် မော်ဟန်ကျေးရွာသည် ညီနောင်မဟာမိတ် ၃ ဖွဲ့ နှင့် မြန်မာ့တပ်မတော် တို့ သြဂုတ်လ အတွင်း  တိုက်ပွဲဖြစ်ပွားခဲ့သည့်နေရာတခုဖြစ်သည်။

လက်ရှိ မိုင်းနင်းမိသည့် အမျိုးသားသည် အသက် အန္တရာယ်မစိုးရိမ်ရသော်လည်း မိုင်းစများထပ်ရှိနေမည်ကို စိုးရိမ်နေရကြောင်း၊ ယခုကဲ့သို့မိုင်းနင်းမိသည့်အတွက် မော်ဟန်ကျေးရွာ ဒေသခံများ ဝမ်းရေးအတွက် တောထဲသို့ ဒေသထွက်ရာသီစာသွားရှာရန် စိုးရိမ်ကြောင့်ကြနေကြောင်းလည်း မေရီခေါင် က ထပ်လောင်းပြောသည်။

“ အရင်က မော်ဟန်မှာ ဘာမိုင်းမှ မနင်းမိဘူး။ ကျမတို့ တောထဲမှာပဲ အစားအစာတွေသွားရှာစားကြတာ။ ဒီလိုဖြစ်တော့ ကျမတို့ တောထဲသွားရမှာတောင် ကြောက်နေတယ်” ဟု မေရီခေါင် က ဆိုသည်။

မိုင်းနင်းမိသည့် အသက် ၃၀ ကျော် အမျိုးသား ခေါင်ဂျုံးကို ကွတ်ခိုင် ဂရုဏာ လူမှု ကူညီရေးအသင်းမှ စက်တင်ဘာ ၁၆ ရက် မနက် ၁၀ နာရီ သွားရောက် ခေါ်ဆောင်ပြီး ကွတ်ခိုင်ဆေးရုံသို့ ပို့ဆောင်ပေးခဲ့သည် ဟု ဂရုဏာ လူမှုကူညီရေး အသင်း မှ ဦးတင်ဝင်းက သျှမ်းသံတော်ဆင့် သို့ ပြောသည်။

“ တိုက်ပွဲဖြစ်ပြီးတော့ ကွတ်ခိုင် ပတ်ဝန်းကျင်မှာ မိုင်းတွေ နင်းမိလာတယ်။ မော်ဟန်က မိုင်းနင်းမိသူကို လည်း ကျနော်တို့အဖွဲ့ သွားခေါ်တယ်။ သြဂုတ်လကုန် တုန်းကလည်း မော်ဟိတ်မှာ မိုင်းနင်းမိသူတယောက် ကွတ်ခိုင်ဆေးရုံကို ပို့ရသေးတယ်” ဟု ဦးတင်ဝင်းက ဆိုသည်။

သျှမ်းပြည်နယ်မြောက်ပိုင်း ကွတ်ခိုင်မြို့နယ် တွင် ညီနောင် မဟာမိတ်(၃)ဖွဲ့ နှင့်မြန်မာ့ တပ်မတော်တို့ သြဂုတ်လ လလယ် တွင် တိုက်ပွဲ အပြင်းအထန်ဖြစ်ပွါးခဲ့သည်။

လက်ရှိတွင်  ပစ်ခတ်မှုများငြိမ်နေသော်လည်း   လယ်ယာလုပ်ငန်းခွင်ဝင်၊ တောတောင်တွင်းဒေသထွက်စာရှာစားသည့် ကျေးလက်ရွာသားများအတွက်မိုင်းအန္တရာယ်မှာ ခြိမ်းခြောက်မှုတခုဖြစ်နေကြောင်းလည်း ကွတ်ခိုင်ဒေသခံများကပြောဆိုပါသည်။

ဢုပ်ႇဢူဝ်း ၽူႈတွႆႇႁွၵ်ႈ

SHARE