ကွတ်ခိုင် တအာင်းပညာရေး စင်တာ TEC ကျောင်း မြန်မာ့တပ်မတော် ဝင်ရောက်ရှာဖွေ

0

သျှမ်းပြည်နယ် မြောက်ပိုင်း ကွတ်ခိုင်မြို့ အဝင် ၌ ဖွင့်ထားသည့် တအာင်း ပညာရေး စင်တာ(TEC) ကို မြန်မာ့တပ်မတော် ကဝင်ရောက်မွှေနှောက်ခဲ့ပြီး ကျောင်းဆရာ ၂ ဦးကိုလည်းခေါ်ယူစစ်ဆေးနေကြောင်း သတင်းရရှိသည်။

Credit to RFA- လားရှိုးက တအာင်း T.E.C ကျောင်း

သြဂုတ် ၂၄ ရက်နေ့ ညနေပိုင်းတွင် မြန်မာ့တပ်မတော် မှ TEC ဘော်ဒါဆောင် အခန်းတံခါးများကို ရိုက်ချိုးပြီး အခန်းအတွင်းသို့ ဝင်ရောက်မွှေနှောက် ရှာဖွေ ရာ ကျောင်းဆရာ ၂ ဦးကိုလည်း ခေါ်ယူစစ်ဆေးခဲ့ကြောင်း တအာင်း စာပေ၊ယဉ်ကျေးမှု ဥက္ကဌ မှ မိုင်းအိုက်မွန်းက သျှမ်းသံတော်ဆင့် သို့ ပြောသည်။

TEC ဘော်ဒါဆောင် မှ ကျောင်းသားများအား တိုက်ပွဲ စတင်ဖြစ်ပွားသည့် သြဂုတ် ၁၆ ရက် ကကွတ်ခိုင်မြို့ ပေါ်သို့ ပြောင်းရွှေ့ထားပြီး ၊ TEC ဘော်ဒါဆောင်ကို သော့ခတ်ထားခဲ့ကြောင်း ၄င်းကဆိုပါသည်။

“ သြဂုတ် ၂၄ ရက် က တိုက်ပွဲ ငြိမ်နေတော့ ကျနော်တို့ ကျောင်းက ဆရာ ၂ယောက်က ကျောင်းကို သွားကြည့်ကြတယ်။ အဲ့မှာ မြန်မာ့တပ်မတော်က ရောက်နေပြီ ကျောင်းက တံခါးတွေ ရိုက်ချိုးထားတယ်။ အခန်းတွေလည်း မွှေနောက်ရှာထားတယ်” ဟု မိုင်းအိုက်မွန်း က ဆိုသည်။

ထို့ပြင် ကျောင်းဆရာ ၂ဦးကိုလည်း မြန်မာ့ တပ်မတော် က ခေတ္တ ခေါ်ယူစစ်ဆေးမှုများပြုလုပ်ခဲ့သေးကြောင်း သိရသည်။

“ ကျနော်တို့ စာပေယဉ်ကျေးမှု အဖွဲ့တွေ၊ လူမှု ကူညီရေးအဖွဲ့တွေ ရောက်သွားတော့ ဒါက ဘော်ဒါဆောင် ပရဟိတကျောင်းလို့ပြောလိုက်တယ်။ အဲ့ဒါနဲ့ ဆရာ ၂ယောက်ကို ပြန်လွှတ်ပေးလိုက်တာ။ သူတို့ကတော့ ဒီ အနားတဝိုက်လက်နက်တွေ သိမ်းထားတယ်ဆိုတဲ့ သတင်းကြားရလို့ စစ်တာပါ” ဟု မိုင်းအိုက်မွန်းက ပြန်လည် ပြောပြသည်။

မြန်မာ့တပ်မတော် အနေဖြင့် TEC ကျောင်းကို စစ်ဆေးလိုပါက တာဝန်ရှိ ပုဂ္ဂိုလ် ကို အကြောင်းကြားရန် လိုအပ်ကြောင်း၊ ထိုကဲ့သို့ ပြုလုပ်ခြင်းကို ရှု့့တ်ချ ကြောင်း လည်း မိုင်းအိုက်မွန်းက ထပ်လောင်းပြောသည်။

“ ဘယ်စစ်တပ်ပဲဖြစ်ဖြစ် ဘယ်အဖွဲ့ပဲဖြစ်ဖြစ် ပိုင်ရှင်မရှိတဲ့ အချိန်လုပ်ပိုင်ခွင့်မရှိဘူး။ တကယ်လို့ သတင်းရ မသင်္ကာရင်ပဲဖြစ်ဖြစ် တာဝန်ယူတဲ့သူကိုခွင့်တောင်းရမယ်။ စစ်ဆေးချင်ရင်တောင် မှ ကျနော်တို့ လိုက်ပါ ဆောင်ရွက်ပေးလို့ရပါတယ်” ဟု လည်း ၎င်း က မှတ်ချက်ပြုသည်။

လက်ရှိ TEC ပရဟိတ ဘော်ဒါဆောင်တွင် ကျောင်းသား များသည် ကွတ်ခိုင်မြို့ ရပ်ကွက် ၂ ရှိ ရတနာထွန်း ဘော်ဒါဆောင် တွင် စစ်ရှောင်နေရကြောင်း သိရသည်။

သျှမ်းပြည်နယ် မြောက်ပိုင်း ကွတ်ခိုင်မြို့နယ် အတွင်း မြောက်ပိုင်း မဟာမိတ် နှင့် မြန်မာ့ တပ်မတော်တို့ တိုက်ပွဲများ ပြင်းထန်ကာ စစ်ဘေးရှောင်များ ၂၀၀၀ ကျော် ရှိလာကြောင်း သိရသည်။

ဢုပ်ႇဢူဝ်း ၽူႈတွႆႇႁွၵ်ႈ

SHARE