Tuesday, April 23, 2024

DSTA တိုက်ခိုက်ခံရမှု ပရဟိတ သျှမ်းကျောင်းဆရာ ညီအစ်ကို ၂ ဦး ပတ်သက်ဟုစွပ်စွဲပြီး စရဖ ခေါ်ယူထိန်းသိမ်း

Must read

သျှမ်းပြည်နယ် ကော့တိုင်း ပညာရေးအဖွဲ့အစည်းမှ သျှမ်း ပရဟိတ ကျောင်းဆရာ ညီအစ်ကို ၂ ဦး သည် ညီနောင် မဟာမိတ် (၃)ဖွဲ့ နှင့် ချိတ်ဆက်မှု ရှိသည်ဟု တပ်မတော် မှ စွပ်စွဲကာ ၄င်းတို့ ညီအစ်ကို နှစ်ဦးအားဖမ်းဆီးခေါ်ဆောင်ထားသည်ဟု သတင်းရရှိသည်။

Credit to Owner- ဖမ်းဆီးထိန်းသိမ်းခံထားရသည့် သျှမ်းပရဟိတ ကျောင်းဆရာ ၂ ဦး စိုင်းခွန်မိိုင်းနှင့်စိုင်းလျန်းစင့်

သြဂုတ် ၁၅ ရက်နေ့က မန္တလေးတိုင်း ပြင်ဦးလွင်မြို့ တပ်မတော် နည်းပညာ တက္ကသိုလ် (DSTA) တိုက်ခိုက် ခံရမှု နှင့် ပတ်သက်ပြီး သျှမ်းပရဟိတ ကျောင်းဆရာ ၂ ဦး ဖြစ်သည့် စိုင်းခွန်မိုင်း နှင့် စိုင်းလျန်းစင့် တို့ညီအကို ၂ ဦးမှာ ပတ်သက်ဆက်နွယ်သည်ဟု တပ်မတော် စစ်ဘက်လုံခြုံရေးအဖွဲ့ စရဖ က ဖမ်းဆီးကာ စစ်ဆေးမှုပြုနေသည် ဟု ဖခင်ဖြစ်သူ ဦးစိုင်းစောလှ က သျှမ်းသံတော်ဆင့် သို့ပြောသည်။

ထို သျှမ်းပရဟိတ ကျောင်းဆရာ ၂ဦးသည် ပြင်ဦးလွင်မြို့ ဖောင်တော်ရပ်ကွက်တွင် နေထိုင်သူများဖြစ်ပြီး၊ သျှမ်းပညာရေး စင်တာ တခုဖြစ်သည့် ကော်တိုင်း အဖွဲ့အစည်းမှ ကျောင်းဆရာများ ဖြစ်ကြသည်။

သြဂုတ် ၁၇ရက် ညနေ ၅နာရီတွင် နေပြည်တော် စရဖ မှ ကျောင်းဆရာ ၂ ဦး နေအိမ်ကို လာကာ စစ်ဆေးခွင့် တောင်းခံခဲ့သည်။

ထိုသို့လာရောက် စစ်ဆေးချိန်တွင် အကို ဖြစ်သူ အသက် ၂၈ နှစ် အရွယ် စိုင်းခွန်မိုင်းတဦးသာ နေအိမ် တွင် ရှိပြီး၊ ညီဖြစ်သူ အသက် ၂၄အရွယ် စိုင်းလျန်းစင့် သည် ကော်တိုင်း အဖွဲ့အစည်းသို့ ခေတ္တ ခဏ ပြန်သွားနေချိန်ဖြစ်ကြောင်း ဖခင် ဖြစ်သူ ဦးစိုင်းစောလှ က ပြောပြသည်။

လာစစ်တဲ့အချိန် ကတော့ ညနေ ၅နာရီ ကနေ ည ၁၀နာရီခွဲထိပဲ။ အိမ်နေရာ အနှံ့လိုက်ရှာတယ်။ စိုင်းလျန်းစင့် ရဲ့ (ကျောင်းမှာ အသုံးပြု တဲ့) စကားပြောစက် (Walkie Talkie) အသေးနဲ့ ပြောက်ကျား အိမ်ယာခင်း တွေ ကို တွေ့တယ်။ အဲ့ဒါနဲ့ အကိုဖြစ်သူကို စစ်ဆေးမယ်ဆိုပြီး သြဂုတ် ၁၇ ရက်ည မှာ ခေါ်သွားတယ်” ဟု ဦးစိုင်းစောလှ က ဆိုသည်။

စိုင်းလျန်းစင့်အားလည်း ကွန်ဟိန်းမြို့နယ် ကာလိ ကော်တိုင်း အဖွဲ့အစည်းမှ ပြန်ခေါ်ကာ သြဂုတ် ၁၉ ရက်နေ့တွင် ဖခင် ဖြစ်သူ ကိုယ်တိုင် ပြင်ဦးလွင် ရဲစခန်းသို့ ပို့ဆောင်ခဲ့သည်ဟုဆိုပါသည်။

သား (စိုင်းလျန်းစင့်) ပြန် ရောက်လာတော့ ကျနော်ကိုယ်တိုင် ရဲစခန်း လိုက်ပို့လိုက်တာပါ” ဟု ဖခင် ဖြစ်သူ ဦးစိုင်းစောလှ က ပြောပြသည်။

သျှမ်းပရဟိတ ဆရာ ၂ဦး သည် လက်ရှိမှာ ပြင်ဦးလွင်မြို့မ ရဲစခန်းတွင်ထိန်းသိမ်းကာ စစ်ဆေးနေကြောင်း သိရသည်။

သူတို့၂ဦးကိုတော့ မိသားစုဝင်တွေနဲ့ တွေ့ခွင့်ပေးထားပါတယ်။ စားရေး၊ သောက်ရေး၊ လိုတဲ့ ပစ္စည်းတွေကို ပေးထားတယ်။ စစ်ဆေးတဲ့နေရာ မှာတော့ ရိုက်တာတော့ မရှိဘူး။ တဖွဲ့ပြီး တဖွဲ့ တယောက်ပြီး တယောက် စစ်ဆေးနေတယ်လို့သိရပါတယ်” ဟု ဖခင် ဖြစ်သူက ထပ်လောင်းပြောပါတယ်။

သျှမ်းပရဟိတ ကျောင်းဆရာ ၂ဦး ကိစ္စကို ကိုယ့်နည်း ကိုယ်ဟန်ဖြင့် သာ ဖြေရှင်းနေရသည် ဟု သိရသည်။

သံသယရှိတယ် ဆိုတာ သူတို့ကိစ္စပါ။ ဗုံး ပေါက်တဲ့ ကိစ္စ လုပ်တဲ့သူတွေက လုံးဝ တာဝန်ခံပြီးပြီပဲ။ ကျနော် သားတွေ ဆက်နွယ်မှု မရှိဘူးဆိုတာ သူတို့ ကောက်ချက် ချနိုင်ရင် ပြန်လွှတ်ပေး တာတော့ ဖြစ်စေချင်တယ်။ မဟုတ်ရင် ကျနော်တို့သိက္ခာကျတယ်။ အလုပ်လည်းပျက်တယ်” ဟု ဖခင်ဖြစ်သူက ဖြည့်စွက်ပြောသည်။

အဆိုပါ သျှမ်းပရဟိတ ကျောင်းဆရာ ၂ဦးကို တရားမဝင် အသင်း ဆက်သွယ်သည့် ပုဒ်မ ၁၇/၁ (က) ဖြင့် စွဲဆိုရန်ပြင်ဆင်ထားသော်လည်း တရားဝင် ပြောဆို ခြင်းမရှိသေးဟု သိရသည်။

ကျနော်အနေနဲ့ အမှန်တိုင်းပဲ ဖြစ်စေချင်တယ်။ အခုက သံသယ နဲ့ စွဲ ထားတယ်။ ကျနော် ကြားရသလောက်တော့ ၁၇/၁(က) နဲ့စွဲထားတယ်လို့ ပြောတယ်။ ရမန်ယူဖို့ ပြင်နေတယ် ပြောတယ်။ ဒါပေမယ့် တရားဝင် အကြောင်း ရှာတာ မရှိဘူး” ဟုလည်း ဖခင်ဖြစ်သူ က ဖြည့်စွတ်ပြောသည်။

လက်ရှိ တပ်မတော် မှ ဖမ်းဆီး စစ်ဆေးနေသည့် ကျောင်းဆရာ ၂ဦးဖြစ်သည့် စိုင်းခွန်မိုင်း၊ စိုင်းလျန်းစင့် သည် ကော့တိုင်း အဖွဲ့အစည်း မှ ကျောင်းဆရာများဖြစ်သည် ဟု ကော်တိုင်း အဖွဲ့အစည်းက တရားဝင်ပြောဆိုလိုက်သည်။

စိုင်းခွန်မိုင်းသည် ကော်တိုင်း ကျောင်းဆရာမှ အနားယူပြီး မိသားစုဝင် ၏ အလုပ်အကိုင်ကို ကူညီပေးနေသည့် လူငယ်တဦးဖြစ်သည်။

စိုင်းလျန်းစင့် မှာလက်ရှိ ကော်တိုင်း မှ ကျောင်းဆရာဖြစ်ပြီး ပညာရေး အတွက် ဆက်လက် ဆည်းပူး သင်ယူရန် ဆန္ဒရှိနေသူ တဦးဖြစ်သည်။

ထို လူငယ် ၂ ဦးသည် တပ်မတော် နည်းပညာ တက္ကသိုလ် ကို ဗုံးပေါက်ကွဲသည့် ကိစ္စတွင် လုံးဝ ပါဝင်မည့်သူမဟုတ်ကြောင်း၊တပ်မတော်ဘက်မှ တဖက်သတ်စွပ်စွဲသည့် ကိစ္စ ဖြစ်နိုင်ကြောင်း၊ ဆရာ ၂ ဦး သည် သျှမ်းအသိုင်းအဝန်းကို ကူညီပေးနေသည့်လူငယ်များဖြစ်ကြောင်း ကော်တိုင်း အဖွဲ့အစည်း တည်ထောင်သူ စိုင်းဘုန်းခေါင်က သျှမ်းသံတော်ဆင့်တို့ပြောသည်။

စိုင်းခွန်မိုင်းဆို ယဉ်ကျေးမှု ဖြစ်တဲ့ ဓားသိုင်းပညာ ချစ်မြတ်နိုးသူဖြစ်ပြီး လူငယ်တွေကို ဓားသိုင်းပညာ သင်ကြားနေတဲ့ ဆရာဖြစ်တယ်။ သူတို့တွေက ဘာသာတရား ကိုင်းရှိုင်းသူ၊ အေးအေးဆေးဆေးသမားတွေပါ။ နောက် စိုင်းလျန်းစင့် ဆိုရင် သူပညာရေး ဆက်သင်ဖို့ လုပ်နေတဲ့ လူငယ်တယောက်ပါ” ဟု စိုင်းဘုန်းခေါင် က ဆိုသည်။

တပ်မတော် သတ်မှတ်ထားသည့် စကားပြောစက် (Walking Talking) စက်အသေးစား၊ GPS စက်ကို ရှာဖွေတွေ့ရှိသဖြင့် ဖမ်းဆီး ခေါ်ယူစစ်ဆေးသော်လည်း ယခုနောက်ပိုင်း ထို စက်ကိရိယာများသည် လူတိုင်း အသုံးပြုနေသည့် ပစ္စည်းများဖြစ်သည် ဟု စိုင်းဘုန်းခေါင် က ပြောသည်။

တပ်အနေနဲ့ ပြောရရင်တော့သူတို့ လက်ထဲမှာတော့ စကားပြောတဲ့ စက်ရှိတယ်။ အဲ့ စက်တွေက ကျနော်တို့နယ်တွေမှာ ပွဲတွေမှာ သုံးတာများတယ်။ GPS စက် က လည်း ရှိတယ်။ ဒါကြောင့် မြောက်ပိုင်း မဟာမိတ် ၃ ဖွဲ့ကို သူတို့ (၂)ဦး ကူညီတယ်လို့စွပ်စွဲလိုက်တာပါ” ဟု စိုင်းဘုန်းခေါင်က ရှင်းပြသည်။

ကော်တိုင်း သျှမ်းပရဟိတ ကျောင်းဆရာ ၂ဦး လွတ်မြောက် ရန် အတွက် နည်းလမ်းရှာဖွေ နေကြောင်း၊ လက်ရှိ ရှာဖွေတွေ့ရှိနေသည့် စက်သည် ကော့တိုင်းကျောင်းတွင် အသုံးပြုသည့် စက်များဖြစ်ကြောင်း စိုင်းဘုန်းခေါင် က ပြောပြသည်။

တပ်က သိမ်းထားတဲ့ ပစ္စည်းတွေက ကျနော်တို့ကျောင်းမှာ သုံးတယ်။ နယ်တွေမှာ သုံးတယ်။ နောက် ကျောင်းသားတွေ ရွာထဲ ဆင်းရင် လမ်းကြောင်းတွေမှာရင် GPS သုံးတယ်။ နောက် ကျောင်းသားတဖွဲ့နဲ့တဖွဲ့ ဆက်သွယ်ဖို့ အတွက် စကားပြောစက် သုံးကြတယ်” ဟု စိုင်းဘုန်းခေါင် က ဖြည့်စွတ်ပြောသည်။

အပြစ်မဲ့ သျှမ်း လူငယ် ၂ဦး ကို ဖမ်းဆီးခြင်းသည် လက်ရှိ တည်ဆောက်နေသည့် ငြိမ်းချမ်းရေး ကို ပိုမို ရှုပ်ထွေးစေသည်ဟုလည်း စိုင်းဘုန်းခေါင်က မှတ်ချက်ပြုလိုက်သည်။

ပြည်သူလူထုကို ၂၄ နာရီ ထက်ကျော်လွန်ဖမ်းဆီး ထိန်းသိမ်းထားပြီး တစုံတရာ မှ ထုတ်ပြန်ခြင်းမပြုသည့် ကိစ္စ လုံးဝ မဖြစ်သင့်ကြောင်း၊ သက်ဆိုင်ရာ အဏာပိုင်းများအနေဖြင့် အမြန်ဆုံးလွှတ်ပေးသင့်ကြောင်းလည်း သျှမ်းတိုင်းရင်းသားများ ဒီမိုကရေစီ အဖွဲ့ချုပ် SNLD အထွေထွေ အတွင်းရေးမှူး စိုင်းလိတ် ကသျှမ်းသံတော်ဆင့် သို့ပြောသည်။

လက်ရှိ ဖမ်းဆီး ထိန်းသိမ်းခံရသည့် သျှမ်း ပရဟိတ လူငယ် ၂ ဦး နှင့်ပတ်သတ်ပြီး “ အပြစ်မဲ့ ပြည်သူ တယောက်ကို ၂၄ နာရီထက်ကျော်လွန်ပြီးတော့ ဖမ်းချုပ်ထားပိုင်ခွင့်မရှိဘူး။ အခု ဒီနေ့ဒီအချိန်အထိ တရားစွဲ ဆိုခြင်းမရှိဘဲနဲ့ ဖမ်းချုပ်ထားတာ ပြည်သူလူထုသိအောင်ပွင့်လင်းမြင်သာမှုရှိရှိနဲ့ ဘာတခုမှထုတ်ပြန်ခြင်းမရှိတဲ့ ဥစ္စာဟာ ဒါတရားဥပဒေနဲ့ ဘယ်လိုမှ မညီညွတ်ပါဘူး။ အဲဒီကိစ္စကိုကျနော်တို့ လုံးဝ လက်မခံနိုင်ပါဘူး။ ဖြစ်လည်းမဖြစ်သင့်ဘူးလို့မြင်တယ်။အဲ့ကြောင့်မို့လို့ သက်ဆိုင်ရာအာဏာပိုင်နဲ့ လုပ်ပုံကိုင်နည်းတွေဟာ တရားဥပဒေနဲ့မညီညွတ်ဘူးဆိုတာ ကျနော် အလေးအနက်ပြောကြားလိုပါတယ်” ဟု စိုင်းလိတ်ကဆိုသည်။

အဆိုပါလူငယ် ၂ ဦးသည် လူထုအကျိုးအတွက် တက်ကြွလှုပ်ရှားသူလူငယ်များဖြစ်ရာ SNLD ပါတီအနေဖြင့် အတတ်နိုင်ဆုံးကူညီဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း စိုင်းလိတ်က ပြောသည်။

သြဂုတ် ၁၅ ရက်နေ့တွင် မြောက်ပိုင်း မဟာမိတ် (၃)ဖွဲ့ တို့သည့် မန္တလေးတိုင်း ပြင်ဦးလွင်မြို့ တပ်မတော် နည်းပညာ တက္ကသိုလ်၊ သျှမ်းပြည်နယ် မြောက်ပိုင်း နောင်ချိုမြို့နယ် အပါအဝင် နေရာ ၅ နေရာကို တိုက်ခိုက်ခဲ့ရာ အရပ်သား တဦးအပါအဝင် တပ်မတော်သား နှင့် ရဲတပ်ဖွဲ့ဝင် ၁၄ ဦး သေဆုံးခဲ့သည်။

ထိုတိုက်ခိုက်မှု နောက်ပိုင်း သျှမ်းပြည်မြောက်ပိုင်း၊ ကျောက်မဲ၊ သီပေါ၊ လားရှိုး၊ သိန္နီ ၊ ကွတ်ခိုင် ၊ မူစယ်၊ နမ့်ခမ်း မြို့နယ် ၊ မူဆယ်- ပြည်ထောင်စုလမ်းမ တလျှောက်တိုက်ပွဲများပျံ့နှံ့သွားပြီး လက်ရှိမှာ သျှမ်းမြောက်ဒေသခံ ၅၀၀၀ ကျော် နေရပ်မှ စစ်ဘေးတိမ်းရှောင်နေရသည်။

Leave a Comments

- Advertisement -spot_img

Latest article