ဆောင်းပါးရှင် – အဆိုတူ
သေနတ်သံတွေ မိုင်းဗုံးသံတွေ တဖြေးဖြေးငြိမ်သွားပါပြီ။ ယမ်းငွေ့ယမ်းနံႉတွေတဖြည်းဖြည်း ပျောက်ကွယ်သွားလို့ သာဘာဝတောရိုင်းပန်းရနံ့လေးများက တဖြေးဖြေးပြန်လည်သင်းပျံ့တော့မယ် ဆိုတဲ့ယုံကြည်ချက်လေးများနဲ့ အတူ စစ်ရှောင်တွေ နေရပ်ပြန်ဖို့ အထုပ်အပိုးလေး တွေပြင်ဆင်နေကြ ပါတယ်။


လေးငါးရက်ကြာ ပျောက်ကွယ်သွားတဲ့ နေမင်းကြီးပြန်ပြီးလင်းလက်လာပြီဆိုတော့ ဗုံးဆံ ဗုံးသီးတွေသံကြား မျက်ရည်လည်ရွဲနဲ့ စစ်ရှောင်လာခဲ့တဲ့ ရွာသူရွာသားတွေဟာ (လားရှိုးမြို့ရဲ့အရှေ့မြောက်ဘက်ခြမ်းမှာရှိတဲ့ ) မိမိတို့ရဲ့ရွာတွေကိုပြန်ရမှာမို့ ပျော်မြူး ရွှင်ပြုံးနေကြပါတယ်။
မိမိတို့ဘ၀အတွက် မိမိတို့ချစ်တဲ့ လယ်ယာစိုက်ခင်း လုပ်ငန်းများကို ပြန်လည်လုပ်ကိုင်ရ တော့မှာမို့ ပျော်ရွှင်နေကြတာပါ။ လေးငါးရက်ကြာ စစ်ဘီလူးစီးခံရတာကြောင့် ကြောက်ရွံ့တဲ့ ခံစားချက်တွေ ကြောင့် ခိုကိုးရာမဲ့ အနေအထား၊ သွေးလှန့်နေတဲ့ မျက်နှာထားမျိုး မရှိတော့ဘဲ – မျက်နှာလေးတွေက အပြုံးပန်းလေးတွေ ဝေလို့- သူတို့လေးတွေကို ကြည့်ပြီးတော့ ကျနော့မှာ ၀မ်းသာပီတိဖြစ်မိတာ ပေါ့။
ပြီးခဲ့တဲ့ ရက်တွေတုန်းကလိုမဟုတ်တော့ဘဲ သူတို့လေးတွေ တယောက်နဲ့ တယောက် ပြောဆိုနောက်ပြောင်နေကြတဲ့အသံတွေ၊ ရယ်သံတွေ က တချက်တချက် ကျောင်းတော်ထဲကနေ ထွက်လာနေပါတယ်။
ပုဇင်းခေါင်းထော်လာဂျီလေးတွေလဲ ရောက်ရှိလာလို့ နှီးဒေါင်းလန်းတွေ၊ အိုးခွက်ပန်းကန်တွေ၊ အထုပ် အပိုးတွေ အသီးသီး တင်ဆောင်နေကြပြီ။ တချို့ကတော့ ဒူးကာတစ်ဘက်သာရှိတဲ့ 125 ဆိုင်ကယ် လေးတွေနဲ့ မိုင်ကုန်နင်းဖို့ ပြင်နေကြပြီ။


တစ်ချို့ တောင်သူဉီးကြီးများ ဘဝသမားပီပီ လေးငါးခြောက်မိုင်ဝေးတဲ့ရွာကို ရွာထိပ် လမ်းထိပ်အလား မိသားစုနဲ့အတူ အထုပ်အပိုးတွေကိုယ်စီ သယ်ပိုးပြီး ခြေကျင်နဲ့ တောနင်းပြန်ကြပါတယ်။ သက်ကယ်မိုး၊ ပျဉ်ထိုး၊ ဝါးထရံကာထားတဲ့ ဘ၀နိဗ္ဗာန် စံအိမ်ကလေးဆီကို အမြန်ရောက်ဖို့ သားသမီးပွေ့ချီသူကပွေ့ချီ၊ ရီကာမောကာနဲ့အချင်းချင်းနောက်ပြောင်ကျီစယ်ရင်း ရွာဆီ ကို ခြေဉီးလှည့်နေကြပါပြီ။
ပစ္စည်းပစ္စယ တွေလာရောက်ကူညီတဲ့ အလှူ ရှင်တွေလဲ တဖြည်းဖြည်း ပြန်နေကြပါပြီ။
သူတို့ဆီက အပျော်တွေ ကျနော့ဆီ ကူးစက်လို့ ပြုံးပျော်နေစဉ်မှာဘဲ ဘေးဘီကိုငဲ့ကြည့်လိုက်တော့ ရွာမှာ လက်နက်ကြီးကျည်စ ထိမှန်သေဆုံးသွားတဲ့ ဦးလုံးအေးရဲ့ ကျန်ရစ်သူဇနီး ပါ့ကိန်နဲ့ သား(ကိုရင် ရှင်စန္ဒါဝရ) နဲ့ သမီးနန်းစံညိုတို့ကို တွေ့ရတော့ ရင်ထဲမချိဖြစ်သွားရပါတယ်။


ကျောင်းဆောင် ဇရပ်ရဲ့ တံခါးနားမှာ ထိုင်နေကြတဲ့ ပါကိန်တို့သားအမိသုံးယောက် သူများတွေလို ရွာပြန်ဖို့ တက်ကြွမနေတဲ့ ပုစ္ဆာကို အဖြေ လိုက်ရှာနေမိပါတယ်။
သူတို့သားအမိခမျာလည်း အိမ်ကနေ ဖခင်ဖြစ်သူက လာကြိုမှာကို မျှော်နေကြမှာဘဲ။
“ သူများဖေဖေလို ငါတို့ဖေဖေလည်း ငါတို့ကိုလာကြိုစေချင်တယ်။”
“ ဖေဖေရေ ဘာကြောင့် သားတို့ သမီးတို့ကို လာမကြိုတာလဲ?”
“ သားတို့အိမ်ပြန်ရတော့မယ်၊ ဖေဖေသာလာကြိုရင် လမ်းလျှောက်ပြန်ရမယ်ဆိုလည်း ပျော်ပါတယ်။ ကားစီးရမှ သွားမယ် ကားစီးရမှ ပြန်မယ်လို့ သမီးတို့ တခါမှမပြောဘူး။ ”
“ဖေဖေလာမကြိုသေးတာဟာ သားတို့ သမီးတို့အတွက် မိုးထဲရေထဲ လယ်ထဲမှာ အလုပ်ကြိုးစားနေတုန်းပဲလား ? သားတို့သမီးတို့ ငါးတွေ ဖားတွေမစားချင်ပါဘူးအဖေရယ်။ အဖေလာကြိုမှာကိုသာ မျှော်နေတာပါ ။ အိမ်ပြန်ချင်လှပါပြီ။”
“ သားတို့သမီးတို့ ကို ဖေဖေ ချစ်နေတုန်းဘဲမဟုတ်လား”
ကိုယ်ရင်ငယ်လေးရဲ့ ရင်ထဲကိုကျနော်က အစားထိုးဝင်ကြည့်တာပါ။
သူတို့သားအမိကိုနှစ်သိမ့်ဖို့ ကျနော် ကိုယ့်ကိုယ်ကို အားပြန်မွေးရင်းသူတို့ဆီ ခြေဦးလှည့်လို့ ကျနော့နှလုံးသား သွေးခုန်နှုန်းတွေမြန်လာနေတယ်။ သူတို့သားအမိနဲ့နီးလာလေလေဘယ်ကစလို့ နှစ်သိမ့်စကားပြောရမလဲ။ စကားတောင်မစရသေးဘူး မျက်ရည်ကဝဲလာလို့ သူတို့သားအမိကိုတောင် မကြည့်ဝံ့တော့ဘဲ မျက်နှာလွှဲပြီး …….
သုံးလောကထွဋ်တင် မေတ္တာရှင် ဗုဒ္ဓမြတ်စွာဘုရားထံ မျက်နှာလှည့် ဒူးထောက်ထိုင်ချကာ သူတို့မိသားစုဘ၀လေး ငြိမ်းအေးပါစေကြောင်း မျက်ရည်သုတ်ရင်းဆုတောင်းပေးနေမိပါတော့တယ်။
( လားရှိုးမြို့နယ်၊ ကုန်းဆာကျေးရွာမှာ ဩဂုတ်လ ၁၈ ရက်ညက လက်နက်ကြီးကျည်စထိမှန်သေဆုံးသွားတဲ့ ( ဦးလုံးအေး) ရဲ့ ကျန်ရစ်သူမိသားစု ပါ့ကိန် နဲ့သားသမီး ကို ရည်စူးကာ )
# အဆိုတူ
# ဢၢႆႈသိူဝ်တိုဝ်
23/8/2019 , 14:57 / lso.