မြောက်ပိုင်း တိုက်ပွဲ အခြေအနေကို တပ်ချုပ် နှင့် တရုတ်သံအမတ် တွေ့ဆုံ ဆွေးနွေး

0

သျှမ်းပြည်နယ် မြောက်ပိုင်း တိုက်ပွဲ အခြေအနေနှင့်ပတ်သက်ပြီး တပ်ချုပ်ကြီးနှင့် တရုတ်သံအမတ်တို့ တွေ့ဆုံဆွေးနွေးခဲ့ကြကြောင်းသိရသည်။

Photo cincds – ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် နှင့် မြန်မာနိုင်ငံဆိုင်ရာ တရုတ် ပြည်သူ့သမ္မတနိုင်ငံ သံအမတ်ကြီး တို့ သြဂုတ်လ ၂၂ ရက် ၂၀၁၉ ကတွေ့ဆုံ

သျှမ်းပြည်နယ် မြောက်ပိုင်းတွင် မြောက်ပိုင်း မဟာမိတ် တပ်ဖွဲ့နှင့် မြန်မာ့ တပ်မတော်တို့ ဖြစ်ပွားနေသည့် တိုက်ပွဲနှင့် ပတ်သက်ပြီး တပ်မတော်ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် နှင့် မြန်မာနိုင်ငံဆိုင်ရာ တရုတ် သံအမတ်ကြီး မစ္စတာ ချိန်ဟိုင်း (H.E Mr. Chen Hai) တို့ သြဂုတ်လ ၂၂ ရက်နေ့၂၀၁၉ က တွေ့ဆုံဆွေးနွေးခဲ့ကြောင်း တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်ရုံး သတင်းထုတ်ပြန်ချက် တွင် ရေးသားထားသည်။

အဆိုပါ တွေ့ဆုံမှုတွင် တရုတ်နိုင်ငံ အနေဖြင့် ပြင်ဦးလွင်မြို့ နှင့် သျှမ်းပြည်နယ် (မြောက်ပိုင်း) တွင် တိုက်ခိုက်မှု ဖြစ်စဉ်ကို ကန့်ကွက် ရှုတ်ချကြောင်း ၊ ငြိမ်းချမ်းရေး လုပ်ငန်းစဉ် များတွင် တရုတ်နိုင်ငံက ကူညီဆောင်ရွက်ပေးလျက်ရှိကြောင်း နှင့် ငြိမ်းချမ်းရေး ဆွေးနွေးမှုများ တိုးတက်မှု ရရှိရန် လုပ်ဆောင် နိုင်မည့် အခြေအနေများကို မစ္စတာ ချိန်ဟိုင်း က ဆွေးနွေးခဲ့သည်ဟုသိရသည်။

ထို့နည်းတူ သြဂုတ် ၂၀ရက်နေ့တွင် တရုတ် နိုင်ငံ နိုင်ငံခြားရေး ဝန်ကြီးဌာန၏ အာရှ ရေးရာ အထူးကိုယ်စားလှယ် မစ္စတာ ဆွန်းကော်ရှန် က မြောက်ပိုင်း မဟာမိတ် အဖွဲ့ကို ခေါ်ပြီး တိုက်နေသည့် တိုက်ပွဲများရပ်ရန် ဖိအားပေးခဲ့သည်ဟု သိရသည်။

တရုတ်နိုင်ငံသည် အိမ်နီးချင်း နိုင်ငံဖြစ်သည့် အလျောက် ငြိမ်းချမ်းရေး အကျိုးဆောင် အနေဖြင့် တရုတ်နိုင်ငံ အခန်း ကဏ္ဍသည့် အလေးထားကြောင်း နိုင်ငံတော် သမ္မတရုံး မှ ပြောရေးဆိုခွင့် ရှိသူ ဦးဇော်ဌေး က ပြောသည်။

သြဂုတ် ၁၅ ရက်နေ့ မနက် မှ စတင်ကာ မြောက်ပိုင်းမဟာမိတ် ဖြစ်သည့် တအာင်း(ပလောင်) အမျိုးသား လွှတ်မြောက်ရေး တပ်မတော်(TNLA)၊ ရက္ခိုင် စစ်တပ်( AA) နှင့် ကိုးကန့် စစ်တပ်( MNDAA) တို့သည် မန္တလေးတိုင်း ပြင်ဦးလွင် နည်းပညာ တက္ကသိုလ် နှင့် သျှမ်းပြည်နယ် မြောက်ပိုင်း နောင်ချို မြို့ အပါအဝင် ၅နေရာ စစ်ဆင်ရေးစတင်ခဲ့သည်။

ထို့နောက် မြောက်ပိုင်း မဟာမိတ် (၃)ဖွဲ့ နှင့် မြန်မာ့တပ်မတော်တို့သည် သျှမ်းပြည်နယ် မြောက်ပိုင်း လားရှိုးမြို့နယ်၊ ကွတ်ခိုင်မြို့ နယ်၊သိန္နီမြို့နယ်၊ နမ့်ဖတ်ကာ၊ မူဆယ်မြို့နယ်၊ နမ့်ခမ်းမြို့နယ် အတွင်း တိုက်ပွဲများ ဆက်တိုက်ဖြစ်ပွားခဲ့သည်။

ထိုတိုက်ပွဲကြောင့် စစ်ဘေးရှောင်များ ၅၀၀၀ ကျော် ထွက်ပြေး တိမ်းရှောင်နေရသည်။

ဢုပ်ႇဢူဝ်း ၽူႈတွႆႇႁွၵ်ႈ

SHARE