ကျောက်မဲမြို့အမြှောက်တပ်ဘက်တွင် ပစ်ခတ်သံ လက်နက်ကြီးသံများကြောင့်လူထုထိတ်လှန့်

0

သျှမ်းပြည်မြောက်ပိုင်း ကျောက်မဲမြို့နယ်အတွင်း အမြှောက်တပ်ဘက်တွင် ပစ်ခတ်သံများကြားရသဖြင့် ဒေသခံလူထု ထိတ်လှန့်မှုရှိနေကြောင်းသိရသည်။

သြဂုတ်လ ၁၆ ရက် ည ၁၀ နာရီခန့်က သေနတ်ပစ်ခတ်သံ လက်နက်ကြီးငယ်ပစ်ခတ်သံများကြား ရခြင်းဖြစ်ကြောင်း ကျောက်မဲဒေသခံများကပြောသည်။

“ကနေ့ည ၁၀ နာရီအချိန်လောက်မှာပေါ့ ၃၅၂ အမြှောက်တပ်နားမှာ ပစ်ခတ်သံလက်နက်ကြီးသံကြားတယ်။ ဘယ်သူ့လက်ချက်၊ ဘယ်လိုဖြစ်လဲဆိုတာတော့မသိရသေးဘူခင်ဗျ။ ညလည်းနက်ပြီဆိုတော့ ဘယ်သူမှနေအိမ်ကနေမထွက်ရဲကြဘူးလေ။ ”- ဟု ကျောက်မဲမြို့နယ် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် စိုင်းထွန်းဝင်း ကသျှမ်းသံတော်ဆင့်အားပြောသည်။

ကားတစီးဖြင့် တပ်သို့ ၀င်ရောက်ပစ်ခတ်ပြီး ပြန်လှည့်ထွက်သွားကြောင်း လူမှုကွန်ယက် ပေါ်တွင်ပြော ဆိုမှုများရှိသော်လည်း ကျောက်မဲဆေးရုံရောက်အမည်မဖေါ်လိုသူတဦးက ဆေးရုံအနီးက တပ်တွင်ဖြစ်ကြောင်း တပ်အတွင်းမှ တဖက်သာပစ်ခတ်သည့်အသံသာဖြစ်ကြောင်း သျှမ်းသံတော်ဆင့်အားပြောသည်။

လက်ရှိအခြေအနေသည် လုံခြုံမှု မရှိသောအခြေအနေဖြစ်သဖြင့် ဒေသခံလူထုအနေဖြင့် – အခုက တရားဥပဒေ စိုးမိုးမှု မရှိတော့ဘူး အားလုံးသတိထားရမယ် – ကျောက်မဲမြို့ ပြည်နယ်လွှတ်တော်အမတ် စိုင်းထွန်းဝင်းက ပြောဆိုသည်။

သြဂုတ်လ ၁၅ ရက်နေ့က ပြင်ဦးလွင်နှင့် နောင်ချိုမြို့ နယ်အတွင်း နေရာ ၅ နေရာ အား မြောက်ပိုင်းမဟာမိတ်တပ်များဝင်ရောက်ပစ်ခတ်ခဲ့သည်။ ၀င်ရောက်တိုက်ခိုက် ပစ်ခတ်မှုတွေ ဂုတ်တွင်းတံတား ထိခိုက်ပျက်စီးခြင်း၊ ရဲများ၊ တပ်မတော်သားများ ထိခိုက်ကျဆုံးမှုများခြင်းတို့ကြောင့် တပ်မတော် အဖြင့် လက်ရှိအချိန်အထိ သွားလာဆက်သွယ်ရေးလမ်းများ ပိတ်ထားနေသေးကြောင်း၊ နောင်ချို ၊ ကျောက်မဲ လူထုအနေဖြင့်လည်း လုံခြုံရေးအထူးစိုးရိမ်နေရကြောင်း သိရပါသည်။

ယခုကဲ့သို့ ပြသနာများဖြစ်ပွါးရခြင်းမှာ နိုင်ငံရေးပြသနာကို နိုင်ငံရေးနည်းလမ်းဖြင့် မ ဖြေရှင်းခြင်း၊ ငြိမ်းချမ်းရေး လက်မှတ်ထိုးရာတွင်လည်း ဟိုအဖွဲ့ဒီအဖွဲ့မထိုးရ စသဖြင့် ချန်လှပ်မှုများထားခြင်း တို့ကြောင့် စစ်ရေးပဋိပက္ခများ ကြီးထွားလာရခြင်းဖြစ်သည်ဟု မြန်မာ့နိုင်ငံရေး သျှမ်းပြည်အရေးကျွမ်းကျင်သူ ဆရာ ဟိဏ်းကာယန်းက သုံးသပ်သည်။

အဆိုပါ တိုက်ခိုက်မှုများနှင့်ပတ်သက်ပြီး အစိုးရ တပ်မတော် အနေဖြင့်လည်း လိုအပ်သလို တားဆီး ဆောင်ရွက် သွားမည်ဖြစ်ကြောင်း ထုတ်ပြန်ကြေငြာထားသောကြောင့် စစ်ရေးအကဲခတ်များက သျှမ်းပြည် မြောက်ပိုင်းအတွင်းတိုက်ပွဲများ ပိုမို ပြင်းထန်လာနိုင်သည်ဟု သုံးသပ်ကြသည်။

ဢုပ်ႇဢူဝ်း ၽူႈတွႆႇႁွၵ်ႈ

SHARE