Thursday, May 30, 2024

နောင်ချိုမြို့နယ် အတွင်း ဖြစ်ပွါးသောတိုက်ပွဲတွင် လူ ၁၀ ဦးထက်မနဲသေဆုံး

Must read

သျှမ်းပြည်မြောက်ပိုင်း နောင်ချိုမြို့နယ် အတွင်း ယနေ့မနက်ပိုင်းကဖြစ်ပွါးသော ညီနောင်မဟာမိတ် အဖွဲ့နှင့် မြန်မာ့ တပ်မတော် တို့ကြား တိုက်ပွဲကြောင့် သေဆုံးသူ ၁၄ ဦး ၏ရုပ်အလောင်းများအားတွေ့ရှိခဲ့ကြောင်း သတင်း ရရှိသည်။

Photo Credit to Shar Htet Paing- ပစ်ခတ်ခံရမှုကြောင့် သေဆုံးသူ၏ရုပ်အလောင်းများအား နယ်စည်းမခြားပရဟိတ၊ စေတနာမွန်အဖွဲ့များမှ ကူညီသယ်ထုတ်နေစဉ်

လက်ရှိ မြေပြင် သတင်း အရ မဟာမိတ်တပ်များဝင်ရောက်ပစ်ခတ်ခဲ့သော ဂုတ်တွင်းရဲကင်း၌ ညနေ ၄ နာရီ ကျော်အချိန်လူမှုကူညီရေးအဖွဲ့မှ ၀င်ရောက်ကယ်ဆယ်ရာတွင် သေဆုံးသူ ၁၄ ဦး၏ အလောင်းများကိုတွေ့ရှိပြီး နောင်ချို ဆေးရုံသို့ ၁၂ လောင်းပို့ဆောင်နိုင်ခဲ့ပြီဖြစ်ကြောင်း၊ ကျန် ရုပ်အလောင်း ၂ လောင်းကိုတော့ မသယ် ထုတ်နိုင်သေးကြောင်း နောင်ချိုမြို့နယ် SNLD ဥက္ကဌ စိုင်းအောင်လွင် က သျှမ်းသံတော်ဆင့် သို့ပြောသည်။

“ သေဆုံးသူ ၁၂ ဦးရဲ့အလောင်းကို နောင်ချိုဆေးရုံ သို့ ပို့လိုက်ပြီး၊ ကျန်တဲ့အလောင်း ၂ လောင်းကတော့ ဂုတ်တွင်း ရဲကင်းမှာ ရှိနေသေးတယ်။ အဲ့မှာ မိုင်းတွေရှိသေးလို့ ၀င်မယူနိုင်သေးတာလို့ ကျနော်တို့ကြားသိရပါတယ်ခင်ဗျ ” ဟု စိုင်းအောင်လွင် ကဆိုသည်။

လက်ရှိ တိုက်ပွဲကြောင့် သေဆုံးသူ ၁၄ ဦး ရှိပြီး၊ ဒဏ်ရာရရှိသူ ၁၅ ဦး ရှိကာ ဒဏ်ရာပြင်းထန်သော ၅ ဦးမှာ ပြင်ဦးလွင် ဆေးရုံသို့ ပို့ဆောင်လိုက်ပြီဖြစ်ကြောင်းလည်း စိုင်းအောင်လွင် က ပြောပြသည်။

“ ကျနော် အထင် သေဆုံးသူတွေ ဒီထက် များနိုင်တယ်။ တချို့ နေရာတွေ အခုထိ ဝင်လို့မရသေးဘူး။ မိုင်းတွေရှိသေးတယ်” ဟု လည်း စိုင်းအောင်လွင်က ပြောပြသည်။

နောင်ချိုမြို့ အနီးတဝှိုက်တွင် တိုက်ပွဲများ ရပ်ဆိုင်နေသော်လည်း နောင်ချိုမြို့နှင့် ၁၂မိုင် ဝေးကွာသည့် နမ့်ကိုင်အက် ကျေးရွာဘက်သို့ ပစ်ခတ်မှုဖြစ်ပွါးနေကြောင်း၊ တိုက်ပွဲများကြောင့် ဘုန်းကြီးကျောင်းသို့ စစ်ဘေးရှောင်များရောက်ရှိနေသည်ဟုကြားသိရသော်လည်း အရေအတွက်အတိအကျ မသိရသေးကြောင်းလည်း စိုင်းအောင်လွင် က ထပ်လောင်းပြောသည်။

ယနေ့ သြဂုတ် ၁၅ရက်နေ့ မနက် ၅နာရီမှ စတင်ကာ သျှမ်းပြည်နယ်မြောက်ပိုင်း နောင်ချိုမြို့ နှင့် ပြင်ဦးလွင် တပ်မတော် နည်းပညာ တက္ကသိုလ် (DSTA) ကို တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် (TNLA) နှင့် ညီနောင် မဟာမိတ် တပ်များပူးပေါင်း စစ်ဆင်ရေး ပြုလုပ်ခဲ့ သည်။

ထို့ပြင် ပြင်ဦးလွင် မြို့နယ် ရှိ တပ်မတော် နည်းပညာ တက္ကသိုလ် (DSTA) ကို လည်း ယနေ့ မနက် ၅နာရီ ၄၀မိနစ်တွင် လက်နက်ကြီးဖြင့် ပစ်ခတ်ခဲ့ကြရာ ကျောင်းတွင်း တာဝန်ထမ်းဆောင်သည့် အရပ်သားတဦး သေဆုံးခဲ့ပြီး၊ စစ်သားတဦး ထိခိုက်ဒဏ်ရာ ရခဲ့သည်ဟု သိရသည်။

မြန်မာ အစိုးရ တပ်မတော် အနေဖြင့် ဇူလိုင် ၁ ရက် မှ သြဂုတ် ၃၁ရက်အထိ တိုင်းစစ်ဌာနချုပ် ၅တိုင်း ကို စစ်ရေး လှုပ်ရှားမှု ထပ်မံ ရပ်ဆိုင်းခဲ့သည်။

သို့သော် သြဂုတ် လဆန်းကစတင်ပြီး သျှမ်းပြည်နယ် မြောက်ပိုင်း အတွင်း မြန်မာ့ တပ်မတော် မှ TNLA နှင့် သျှမ်းပြည်နယ် တိုးတက်ရေး ပါတီ၊ သျှမ်းပြည် တပ်မတော် (SSPP/SSA) တို့ တိုက်ပွဲ ဖြစ်ပွားခဲ့သည်။

Leave a Comments

- Advertisement -spot_img

Latest article