သျှမ်းအရှေ့တွင် ၀က်သေဆုံးမှုများပြား ဒေသခံများ စိုးရိမ်

0

သျှမ်းပြည်နယ် အရှေ့ပိုင်း အတွင်း မွေးမြူရေး ဝက်အများအပြား သေဆုံးမှုကြောင်း ဒေသခံများ စိုရိမ်နေကြောင်း သိရသည်။

Photo Credit to TCL Youth- လွယ်ဆထုံချောင်းမှမျောပါလာသည့်ဝက်များကိုတွေ့ရစဉ်

သျှမ်းပြည်နယ် အရှေ့ပိုင်း တာချီလိတ်ခရိုင် တာချီလိတ်မြို့နယ် နှင့် မိုင်းဖြတ်မြို့နယ် အတွင်း ဇူလိုင်လ နှင့် သြဂုတ် လအတွင်း အိမ်မွေးဝက် ၁၀၀၀ နီးပါး သေဆုံးခဲ့ပြီဖြစ်ကြောင်းသြဂုတ်လ ၅ ရက်နေ့က မြန်မာ့အလင်းသတင်းစာတွင် ရေးသားဖော်ပြထား သည်။

 

သြဂုတ်လ ၅ ရက် ယမန်နေ့မနက်ပိုင်းကလည်း အိမ်မွေး ဝက်များ တာချီလိတ် မြို့နယ် ဝမ်လုံ ကျေးရွာ အုပ်စု နှင့် မိုင်းဟဲ ကျေးရွာ အုပ်စု ကြားရှိ လွယ်ဆထုံ ချောင်းအတွင်း မျောပါလာသည်ကိုတွေ့ရကြောင်း သိရသည်။

“ အခုတလော သေဆုံးတဲ့ အိမ်မွေးဝက်တွေ ချောင်းတွေမှာ မျောလာတာ တော့ တွေ့ရတယ်။ ကျနော်တို့ လည်း အိမ်က ဝက်တွေ ရောဂါ ကူးစက်မှာစိုးရိမ်နေရတယ်” ဟု မိုင်းဖြတ်ဒေသခံ စိုင်းဆမ် ပြောသည်။

သေဆုံးသည့် အိမ်မွေးဝက်များအား အလွယ်တကူ ချောင်းထဲ မပစ်သင့်ကြောင်း၊ ကူးစက်နိုင်သည့်ရောဂါ ဖြစ်သည့် အတွက် စနစ်တကျ မြုပ်နှံသင့်ကြောင်း စိုင်းဆမ် က ပြောသည်။

“ ဒီရက်ပိုင်း ဝက်တွေ သေဆုံးမှု များတော့ ဝက်သားတောင် မစားရဲကြဘူး။ ဝက်သားကတော့ ရောင်းတော့ ရောင်းပေမယ့် ဝယ်မစားရဲဘူး။ ဘာရောဂါဖြစ်လဲဆိုတာ မသိဘူး” – ကျိုင်းတုံ ဒေသခံ စိုင်းမိုင် က သျှမ်းသံတော်ဆင့် က ပြောသည်။

အိမ်မွေးဝက်များ သည် မည်သည့်ရောဂါဖြင့် သေဆုံးသည်ကို မသိရှိသေးကြောင်း၊ ဖျားနာပြီး သံသယ ရှိသည့် အကောင်များကို ရောဂါပိုးစမ်းသပ်ရန် အတွက် သွေးဖောက်ကာ နေပြည်တော် သို့ပို့ဆောင်နေကြောင်း တာချီလိတ်မြို့နယ် မွေးမြူရေး နှင့် ကုသ ရေး ဦးစီးဌာန လက်ထောက်ဝန်ကြားရေးမှူး ဒေါက်တာ ကျော်ကျော်စိုးက ပြောသည်။

“ ဒေသခံတွေ က ဝက်သေတာ ကို အကြောင်းမကြားဘူး။ ဝက်သေတွေကို ရေချောင်းတွေထဲမျှောတာများတယ်။ တချို့ကတော့ မြေမြုပ်တယ်။ ကျနော်တို့ ဝက်တွေ အများကြီးသေတာ သတင်းရလို့ သွားကြည့်ကြတာပါ” ဟု ဒေါက်တာ ကျော်ကျော်စိုး ကပြောသည်။

ရောဂါဖြင့် သေဆုံးသည့် ဝက်သေများအား ရေမျှောခြင်း၊ မြစ်/ချောင်း နှင့် ရေတွင်း ရေကန် အနီး မြေမြုပ်ခြင်း မပြုရန်၊ ရောဂါဖြင့် သေဆုံးသည့် ဝက် အစိတ်အပိုင်း တစုံတစရာ ကို သယ်ဆောင်ခြင်း၊ လှီးဖြတ်ခြင်း၊ ရောင်းချခြင်း နှင့် စားသုံးခြင်းမပြုရန် လည်း သက်ဆိုင်ရာက အသိပညာပေး ဆွေးနွေးခဲ့ကြောင်း သိရသည်။

ယခုတလော အိမ်နီးချင်းနိုင်ငံ နှင့် သျှမ်းပြည်နယ် အရှေ့ပိုင်း ဒေသ အတွင်း အာဖရိက ဝက်တုတ်ကွေးရောဂါ ဖြစ်ပွားနေကြောင်းသိရသည်။

ထို ကပ်ရောဂါ ဖြစ်ပွားမှု ကို ထိရောက်စွာ ထိန်းချုပ်နိုင်ရန် ရောဂါ မပြန့်ပွားအောင် ကြိုတင် ကာကွယ်နိုင်ရန် အတွက် ဝက်နှင့် ပတ်သက်သည့် ရောင်းဝင်မှု များကို သျှမ်းပြည်နယ် အရှေ့ပိုင်း အထူးဒေသ(၄) မှ ပိတ်ပင်လိုက်ကြောင်း သြဂုတ် ၂ရက်နေ့တွင် ထုတ်ပြန်လိုက်သည်။

ဢုပ်ႇဢူဝ်း ၽူႈတွႆႇႁွၵ်ႈ

SHARE