၂၀၀၈ ဖွဲ့စည်းပုံ ပြင်ဆင်ရေးအတွက် SNLD မှ အကြံပြုချက် အများဆုံးပေးခဲ့

0

၂၀၀၈ ဖွဲ့စည်းပုံ ပြင်ဆင်ရေး နှင့် ပတ်သတ်ပြီး အကြံပြုချက် ပေါင်း ၃၇၀၀ ကျော် ရှိရာတွင် သျှမ်းတိုင်းရင်းသားများ ဒီမိုကရေစီ အဖွဲ့ချုပ် SNLD မှ ၁၁၁၂ ချက်အထိ ပြင်ဆင်ရန် အကြံပြုချက် အများဆုံး ပေးခဲ့သည်။

Photo Credit to Myanmar Electoral Resource & Information Network

၂၀၀၈ ဖွဲ့စည်းပုံ ကို ပြင်ဆင်၊ ဖြည့်စွက်၊ ပယ်ဖျက် နှင့် အသစ်ရေးဆွဲ ရန် တင်ပြလာသည့် အကြံပြုချက် ၃၇၆၅ ချက် ရှိသည် ဟု ၂၀၀၈ ဖွဲ့စည်းပုံ ပြင်ဆင်ရေး ပူးပေါင်း ကော်မတီ ၏ အစီရင်ခံစာ ကို ဇူလိုင် ၁၅ ရက်နေ့ တွင် ပြည်ထောင်စု လွှတ်တော်သို့ တင်သွင်းခဲ့ကြောင်း သိရသည်။

အစီရင်ခံစာ ၏ အကြံပြုချက် ၃၇၆၅ ချက်တွင် SNLD မှ ၁၁၁၂ ချက် နှင့် အများဆုံး အကြံပြုခဲ့ကြောင်း၊ ရခိုင် အမျိုးသား ပါတီ မှ ၈၅၈ ချက် ဖြင့် ဒုတိယ အများဆုံးဖြစ်ပြီး အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် NLD က ၁၁၃ချက် ဖြင့် တတိယ အများဆုံး အကြံပြုခဲ့ကြောင်းသိရသည်။

အဆိုပါ အစီရင်ခံစာ တွင် အခြေခံ ဥပဒေ ၏ အခန်း ၁၅ ခန်း ဖြစ်သည့် နိုင်ငံတော် အခြေခံမူ၊ အုပ်ချုပ်ရေး၊ နိုင်ငံရေး ပါတီများ၊ ဖွဲ့စည်းပုံ အခြေခံ ဥပဒေ ပြင်ဆင်ခြင်း၊ ကူးပြောင်းရေး ကာလ ပြဌာန်းချက် နှင့် အထွေထွေ ပြဌာန်းချက်များ ကို အများဆုံး အကြံပြုထားကြောင်းသိရသည်။

ထို့ပြင် ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံ ဥပဒေ ပြင်ဆင်ရေး ပူးပေါင်းကော်မတီ ဖွဲ့စည်း ဆောင်ရွက်ခြင်းသည် ဖွဲ့စည်းပုံ အခြေခံ ဥပဒေ အခန်း (၁၂) နှင့် ကိုက်ညီ ခြင်းမရှိသောကြောင့် တပ်မတော်သားလွှတ်တော် ကိုယ်စားလှယ်များ က ကော်မတီဖွဲ့စည်းရန် အဆိုတင်သွင်းစဉ် ကပင် ကန့်ကွက်ခဲ့ကြောင်း တပ်မတော် လွှတ်တော် ကိုယ်စားလှယ် များ အစု အဖွဲ့ ကိုယ်စားလှယ်များ က သဘောထား မှတ်ချက်ပေးခဲ့သည်။

သို့ရာတွင် ပြည်ထောင်စု လွှတ်တော်မှ မဲခွဲဆုံးဖြတ် အတည်ပြုပြီး အဆိုပါ ကော်မတီ ကို ဖွဲ့စည်း ခဲ့ခြင်းဖြစ်၍ ပြင်ဆင်ရေး ပူးပေါင်း ကော်မတီတွင် တပ်မတော်သား ကိုယ်စားလှယ်များ က ပြည်ထောင်စု လွှတ်တော် ၏ ဆုံးဖြတ်ချက် ကို လေးစားလိုက်နာ သဖြင့် ပါဝင်တက်ရောက်ခဲ့ကြောင်း သဘောထားမှတ်ချက်တွင် ရေးသားထားသည်။

တပ်မတော်သား လွှတ်တော် ကိုယ်စားလှယ်များမှ ပြင်ဆင်ရန် အဆိုပြုချက် များ တင်သွင်းခြင်း၊ သဘောထားမှတ်ချက် ပြုခြင်းတို့ကို ဆောင်ရွက်ခဲ့ခြင်း မရှိကြောင်း၊ ယခု ပူးပေါင်းကော်မတီ ၏ အစီရင်ခံစားဆိုင်ရာ လုပ်ငန်းစဉ် များသည် ဖွဲ့စည်းပုံ အခြေခံ ဥပဒေ အခန်း(၁၂) ပါ ဖွဲ့စည်းပုံ အခြေခံ ဥပဒေ ပြင်ဆင်ခြင်း ဆိုင်ရာ ပြဌာန်း ချက် များနှင့် ကိုက်ညီမှု မရှိပါကြောင်း တပ်မတော်သား လွှတ်တော် ကိုယ်စားလှယ် များ အစိုးရအဖွဲ့ က သဘောထားမှတ်ချက် ပြုထားသည်။

အစီရင်ခံစာ နှင့်ပတ်သတ်ပြီး ဆွေးနွေးလိုသည့် လွှတ်တော်ကိုယ်စားလှယ် များ အနေဖြင့် ဇူလိုင် ၁၈ ရက် နောက်ဆုံးထားပြီး အမည် စာရင်းပေးရန် ပြည်ထောင်စု လွှတ်တော် နာယက ဦးတီခွန်မြတ် က ကြေညာခဲ့သော်လည်း အစီရင်ခံစားကို ပြန်လေ့လာရန် အချိန်မလောက်သဖြင့် ဇူလိုင် ၂၂ရက်သို့ ပြောင်းလဲ သတ်မှတ်ခဲ့သည်။

အခြေခံ ဥပဒေ ပြင်ဆင်ရေး ကော်မတီကို ၂၀၁၉ ခုနစ် ဖေဖော်ဝါရီ ၁၉ ရက်တွင် စတင်ဖွဲ့စည်းခဲ့ပြီး အဖွဲ့ဝင် ၄၅ဦး၊ နိုင်ငံရေး ပါတီ ၁၄ ပါတီ မှကိုယ်စားလှယ်များ နှင့် တသီး ပုဂ္ဂလိက ကိုယ်စားလှယ်များ၊ တပ်မတော်သား ကိုယ်စားလှယ်များ ပါဝင်ခဲ့ကြောင်း သိရသည်။

ဢုပ်ႇဢူဝ်း ၽူႈတွႆႇႁွၵ်ႈ

SHARE