တန့်ယန်းမြို့တွင် မိန်းခလေးငယ်တဦးအားဝိုင်းဖွဲ့ရိုက်နှက်သည့်အဖွဲ့ကို ရဲများဖမ်းဆီးထား ၂ ဦးထွက်ပြေးလွှတ်မြောက်နေ

0

တန့်ယန်းမြို့နယ်တွင် အမျိုးသမီးငယ်တဦးအား အမျိုးသမီး ၄-၅ ယောက်အဖွဲ့က ဝိုင်းဖွဲ့ရိုက်နှက်ရန်ဖြစ်သည့် ဗီဒီယိုကလစ်ယခုရက်ပိုင်းအတွင်း ဖေ့စ်ဘု လူမှုကွန်ယက်တွင်ပျံ့နှံ့ခဲ့ပြီးနောက် နစ်နာသူဆွေမျိုးများနှင့် မြို့နယ်အုပ်ချုပ်ရေးမှူးများက အမှုဖွင့်တိုင်ကြားလိုက်သဖြင့် ရိုက်နှက်မှုလက်သည်အား ရဲများက ဖမ်းဆီးထိန်းသိမ်းစစ်ဆေးနေကြောင်းသိရသည်။

Photo Credit to Sai Tiger Tai- WY အဖွဲ့ဝင် ရိုက်နှက်မှုကျူးလွန်သည့်ကကလေးမလေးများ

အသက် ၁၄ နှစ်အရွယ်အမျိုးသမီးငယ်ကို တန့်ယန်းမြို့ ကျောက်တောင် တရုတ် နတ်စင်အနီးတွင် အမျိုးသမီး ၄-၅ ယောက်ကအုပ်စုဖွဲ့ကာ အဝတ်အစားချွတ် ရိုက်နှက်နှိပ်စက်သည့် ဗီဒီယိုကလစ် ပျံ့နှံ့ခဲ့ပြီးနောက် ဇူလိုင်လ ၉ ရက်မနက်ပိုင်းက တန့်ယန်းရဲစခန်းမှ ခေါ်ယူထိန်းသိမ်း လိုက်ခြင်းဖြစ်ကြောင်းသိရသည်။

“အရိုက်ခံရသူက နောင့်ဆိုင်မွမ်း အသက် ၁၄ နှစ်တဲ့။ ရိုက်နှက်တဲ့ ကလေးမလေးတွေကလည်း အသက် ၁၇-၁၈ နှစ်တွေချည်းဘဲ။ သူတို့ခေါင်းဆောင်က အသက် ၁၉ နှစ်တဲ့။ ရိုက်နှက်တဲ့အဖွဲ့က ရ ယောက်ရှိတာ ၅ ယောက်ကိုရဲက ဖမ်းထားပြီး စစ်ဆေးအရေးယူနေတယ်။ ကျန်တဲ့ ၂ ယောက်က ထွက်ပြေးတိမ်းရှောင်နေတယ်။ ဒီအဖွဲ့က အဖွဲ့နာမည်က WY လို့ပေးထားတယ်။ ထိုင်းမှာလည်းသူတို့အဖွဲ့ရှိတယ်တဲ့။ ဒီအဖွဲ့ကိုဖွဲ့ထားတာ ၂ နှစ်လောက်ရှိပြီတဲ့။ ” – ဟု တန့်ယန်းအထိသွားရောက်သတင်းယူသည့် သျှမ်းသံတော်ဆင့်သတင်းထောက် နောင့်ဆိုင်ဟွမ် ကပြောသည်။

၄င်းတို့သည် ခိုက်ရန်စကားများခြင်း အချင်းများခြင်းတစုံတရာမရှိဘဲ ဇူလိုင်လ ရ ရက်က မွန်းတည့် (၁၂ နာရီ) အချိန်က နန်းဆိုင်မွမ်းအား WY အဖွဲ့မှ ဖုန်းဆက်ခေါ်ကာ ရိုက်နှက်ခဲ့ခြင်းဖြစ်ကြောင်း အရိုက်ခံရသူ ကပြောသည်။

Photo Credit to Sai Tiger Tai- ရိုက်နှက်ခံရသည့် နောင့်ဆိုင်မွမ်းအား သတင်းထောက်များတွေ့ဆု့မေးမြန်းစဉ်

“သူတို့က ကျမ ကိုဖုန်းဆက်ခေါ်တယ်။ ရှင်းစရာလိုတယ်တဲ့။ ကျမက မလာဘူးဆိုတော့ သူတို့က ဒီနေ့လာရင် မရိုက်ဘူးတဲ့ ။ အဲလိုခေါ်တော့ ကျမလည်း သူငယ်ချင်းတယောက်နဲ့သွားတာသူတို့ဆီကို ။ သူတို့အဖွဲ့နဲ့လည်း ကျမ မသိပါဘူး။ ဘာမှ ခိုက်ရန်စကားများဖူးတာလည်းမရှိဘူး။ ကျမ ကိုဖုန်းဆက်ခေါ်တာက ကျမ သူငယ်ချင်း ဘဲ။ အဲဒီကိုရောက်တော့ သူတို့မျက်နှာကိုကြည့်လို့ဆိုပြီး ရိုက်တော့တာ။ ကျမကိုရိုက်နှက်နေတာကို လူတွေ တွေ့တယ်။ ဘာမှလည်းဝင်မတားဘူး ။ ကျမကိုလည်းဝင်မကူဘူး။ ကျမ သူငယ်ချင်းကိုတော့သူတို့မရိုက်ဘူး။ အဖေအမေကိုပြန်ပြောပြရင် အသေသတ်မှာလို့ပြောလို့ အဖေအမေကိုပြန်မပြောပြရဲဘူး ” – ဟု နောင့်ဆိုင်မွမ်းက မျက်ရည်သုတ်ကာ သျှမ်းသံတော်ဆင့်အား ပြောပြသည်။

နောင့်ဆိုင်မွမ်း အားရိုက်နှက်သူများမှာ WY အဖွဲ့ဝင် မအေးမိတ်ရီ၊ အေးဖွေး၊ အေးလုံ၊ အေးနု၊အေးလင်း နှင့်အပေါင်းအပါများဖြစ်ကြောင်းသိရသည်။

တရုတ်ကျောင်းတွင် WY အဖွဲ့က ကျောင်းအပေါ်ထပ်မှ ရေများလောင်းချမည့်အချိန် ကျောင်းအတွင်းသို့ ၀င်လာသည့် နောင့်ဆိုင်မွမ်းက ရေများကိုရှောင်ရန်အလို့ငှာ မော့ကြည့်ခြင်းဖြစ်ကြောင်း သျှမ်းသံတော်ဆင့်အားပြောသည်။
“သူ့မှာရိုက်နှက်ခံရတာကြောင့် ကုတ်ခြစ်ဒဏ် ပွန်းပဲ့ဒဏ်ရာ တွေရတယ်။ ခေါင်းမူးတယ်လို့ပြောတယ် ” -ဟု သတင်းထောက် နောင့်ဆိုင်ဟွမ် ကပြောသည်။

” အုပ်စုလိုက် ရိုက်နှက်နှိပ်စက်တာ တော်တော်လေးကိုလွန်ပါတယ်။ ဒီလိုလုပ်ရင် ဒီလိုဖြစ်မယ်ဆိုတဲ့ ဥပဒေကိုနားမလည်ကြတာလည်းပါတယ်။ မနေ့က သူတို့အမှုလာဖွင့်ပါတယ်။ အမှုဖွင့်မှ ကျနော်တို့ဘက်က ဥပဒေနဲ့အညီကူညီဆောင်ရွက်ပေးလို့ရမှာပါ။ ခံရတဲ့ကလေးဘက်ကနစ်နာမှုမရှိအောင် ကျနော်တို့ ကူညီ ဆောင်ရွက်မှာပါ။ ဒါမှ လက်လွန်တဲ့အဖွဲ့တွေ နည်းနည်းဟန့်သွားပြီး နောင်ဆင်ခြင်သွားနိုင်ကြမှာ”ဟု မြို့နယ်မှူးကပြောသည်။

လက်ရှိတွင် ရိုက်နှက်သူများအား တန့်ယန်းမြို့ရဲစခန်းတွင် ဖမ်းဆီးထားပြီး ဥပဒေအရစစ်ဆေး အရေးယူသွားမည်ဖြစ်ကြောင်းရဲများကပြောဆိုပြီး နောင့်ဆိုင်မွမ်း၏ မိဘဆွေမျိုးများကမူ ထွက်ပြေးနေသူများကိုပါဖမ်းဆီးအရေးယူပေးပါရန်တောင်းဆိုထားသည်။

WY အဖွဲ့သည် ဇူလိုင်လ ရ ရက်နေ့ အဆိုပါနေ့က မွန်းလွဲ ၁ နာရီ၊ ၃ နာရီနှင့် ၄ နာရီအချိန်များတွင်လည်း တန့်ယန်းမြို့တွင်ပင် တခြားသော မိန်းခလေး ၃ ဦးအား ၄င်းတို့မျက်နှာကြည့်သည်ဟုဆိုကာ ထပ်မံရိုက်နှက် ခဲ့ကြောင်းလည်း မြို့နယ်အုပ်ချုပ်ရေးမှူးများမှ ရဲတပ်ဖွဲ့ထံပေးပို့သောစာတွင်ရေးသားထားသည်။

ဢုပ်ႇဢူဝ်း ၽူႈတွႆႇႁွၵ်ႈ

SHARE