ထိုင်းရောက် ရွှေ့ပြောင်းအလုပ်သမားများ တင်းကျပ်စစ်ဆေးဖမ်းဆီးမှုများဆက်တိုက်ခံနေရ

0

ထိုင်းနိုင်ငံရောက် ရွှေ့ပြောင်းအလုပ်သမားများအား ထိုင်းရဲများက တင်းကျပ်စစ်ဆေးဖမ်းဆီးမှုများ ပြုလုပ်လျှက်ရှိရာ ရွှေ့ပြောင်းအလုပ်သမားများ အခက်အခဲရင်ဆိုင်နေရကြောင်းသိရသည်။


ဇူလိုင်လလယ်ပိုင်းကတည်းက ချင်းမိုင်မြို့တွင် ထိုင်းရဲများတင်းကျပ်စစ်ဆေးမှုများပြုလုပ်လျှက်ရှိရာ အလုပ်ခွင် နှင့် အလုပ်လုပ်ခွင့်လက်မှတ်ပါ အချက်အလက်များတူညီနေသော်လည်း ခွင့်ပြုချက်အတိုင်း အထွေထွေ လုပ်ငန်း မဟုတ်ပါက ဖမ်းဆီးအရေးယူမှုများပြုလုပ်နေသဖြင့် နေထိုင်အလုပ်လုပ်ရခက်ခဲနေကြောင်း ချင်းမိုင်မြို့ ဟန်ဒုန်းမြို့နယ်အတွင်းနေထိုင်အလုပ်လုပ်နေသော စိုင်းစံ ကသျှမ်းသံတော်ဆင့်အားပြောသည်။

“ကျနော်တို့လုပ်နေတဲ့ ဆောက်လုပ်ရေးလုပ်ငန်းခွင်မှာ ရဲတွေဝင်တယ်။ အားလုံးကလည်း အလုပ်လုပ်ခွင့် လက်မှတ်ရှိတယ်။ အကုန်လည်းမှန်ကန်နေတော့ ဘယ်သူမှမတုန်လှုပ်ဘူး။ ဒါပေမယ့် မာဆလာမွှေ နေသူကိုရော မီတာကြိုး ပေကြိုးကိုင်နေတဲ့သူတွေကိုရော ဖမ်းသွားတယ်။ ရွှေ့ပြောင်းအလုပ်သမားတွေ လုပ်လို့မရဘူးတဲ့အဲတာတွေက ။ မာဆလာမွှေဖို့ကလည်း အချိန်အဆအချိုးအစား ဘယ်လောက်ထည့်ရ မလဲဆိုတာ သိရမယ်လေ။ အတိုင်းအထွာသမားကလည်း တွက်ချက်ရမယ် ဦးနှောက်သုံးရမယ်လေ တဲ့။ ကျနော်တို့အလုပ်လုပ်ဖို့အရမ်းခက်နေတယ်ဗျ ”- ဟု သျှမ်းသံတော်ဆင့် အားပြောသည်။

ချင်းမိုင်မြို့တွင် သျှမ်းရွှေ့ပြောင်းအလုပ်သမားများနှင့်ခိုက်ရန်ဖြစ်ပွါးခဲ့သည့် ထိုင်းကျောင်းသား ၂ ဦး ဆိုင်ကယ်မှောက်သေဆုံးခဲ့ပြီးနောက်ပိုင်း ထိုင်းရဲများ ပိုမိုတင်းကျပ်စစ်ဆေးဖမ်းဆီးလာခြင်းဖြစ်ကြောင်း၊ လမ်းများတွင်လည်း ကားနှင့် ဆိုင်ကယ်များအား ထိုင်းရဲများ ဂိတ်ထောင်စစ်ဆေးမှုများပြားလာကြောင်း အလုပ်သမားအရေးဆောင်ရွက်နေသူများကပြောသည်။

“အခု ချင်းမိုင်မှာ ထိုင်းအာဏာပိုင်တွေ အရမ်းကို တင်းကျပ်စစ်ဆေးနေတယ်။ တကယ်လို့ ရွှေ့ပြောင်း အလုပ် သမားတွေဟာဆောက်လုပ်ရေးလုပ်ငန်းမှာ မာဆလာမွှေနေတာတို့၊ နံရံဆေး သုတ်တာတို့ လုပ်နေတာတွေ့ရင် ဖမ်းတာပါဘဲ။ ဘာလို့လဲဆိုတော့ ရွှေ့ပြောင်းအလုပ်သမားတွေအတွက် သူတို့ခွင့်ပြုထားတာက အထွေထွေ လုပ်သား (အလေးအပင် မ ခြင်း သယ်ခြင်း)နဲ့ အိမ်စေ (အညှစ်အကြေးများ ရှင်းလင်းသုတ်သင်ခြင်း) ဒါလေးဘဲ ခွင့်ပြုထားတယ်လေ။ သူတို့ပြောတဲ့အထဲမှာ ရွှေ့ပြောင်းအလုပ်သမားတွေဟာ ဦးနှောက်သုံးစရာ မလိုတဲ့ အလုပ် ဘဲလုပ်ခွင့်ရှိတယ် – လို့ပါပါတယ်။ ”- ဟု သျှမ်းသံတော်ဆင့်အားပြောသည်။

ထိုင်းနိုင်ငံတွင် ထိုသို့ရွှေ့ပြောင်းအလုပ်သမားများအား အလုပ်အကိုင်မှားယွင်းမှုဟုဆိုကာ တင်းကျပ် စစ်ဆေးဖမ်းဆီးနေရပ်ပြန်ပို့နေမည့်အစား ထိုင်း-မြန်မာ ၂ နိုင်ငံခေါင်းဆောင်များ အချင်းချင်းတွေ့ဆုံညှိနှိုင်းကာ ကူညီဖြေရှင်းပေးစေလိုကြောင်းလည်း အလုပ်သမားအရေး ဆောင်ရွက်နေသည့် ထိုင်းရောက်မြန်မာနိုင်ငံသား များက ဆန္ဒရှိနေကြသည်။

“ကျနော်တို့ဖြစ်စေချင်တာကတော့ အခုထိုင်းအစိုးရက ပြောပြောနေတဲ့ “ရွှေ့ပြောင်းအလုပ်သမားများသည် အထွေထွေအလုပ်သမားအဖြစ်သာ အလုပ်လုပ်ခွင့်ရှိသည်” – ဆိုတဲ့နေရာမှာ ရွှေ့ပြောင်းအလုပ်သမား တွေလုပ်ခွင့်ရှိတဲ့ အထွေထွေအလုပ် ကို တိတိကျကျ တရားဝင်ရေးသားဖော်ပြထားပေးစေချင်တယ်။ အဲဒီအတွက် မြန်မာအစိုးရကနေ ထိုင်းအစိုးရကို တွေ့ဆုံဆွေးနွေးပြီး ဖြေရှင်းပေးစေချင်တယ်။ ဒီကရွှေ့ပြောင်းအလုပ်သမားတွေရဲ့အခက်အခဲကို မြန်မာအစိုးရ သိစေချင်တယ် ကူညီမှုပေးစေချင်ပါတယ် ” – ဟု စိုင်းပိန်းက သျှမ်းသံတော်ဆင့်အားဆက်လက်ပြောပြသည်။

လက်ရှိ ထိုင်းနိုင်ငံအတွင်း မြို့နယ်အသီးသီးတွင်အလုပ်လုပ်နေသော ရွှေ့ပြောင်းအလုပ်သမားများအား ထိုင်းရဲများက တင်းကျပ်စစ်ဆေးနေရာ (ဥပဒေနှင့်မညီဟုဆိုကာ) ဖမ်းဆီးရမိသော ရွှေ့ပြောင်းအလုပ်သမားများ အား သက်ဆိုင်ရာ နေရပ်သိုု့ တပတ်အတွင်းပြန်လည်ပို့ဆောင်နေကြောင်း၊ တာချီလိတ်မယ်ဆိုင်တံတားတွင် ၂ ရက်ခြား ၃ ရက်ခြားတကြိမ် မြန်မာအာဏာပိုင်ဘက်သို့ လွဲပြောင်းပေးနေကြောင်း ၊ ၂၀၁၉ ခုနှစ် ၆ လ တာကာလအတွင်း ရွှေ့ပြောင်းအလုပ်သမား ၁၀၀၀ ကျော်ကို တရားဝင်ပြန်လည်လွှဲပြောင်းပေးလိုက်ပြီဖြစ် ကြောင်း ထိုင်းအာဏာပိုင်များကဘက် ပြောဆိုပါသည်။

ဢုပ်ႇဢူဝ်း ၽူႈတွႆႇႁွၵ်ႈ

SHARE