တရုတ်နယ်စပ် ရွှေ့ပြောင်းအလုပ်သမားကို မူစယ်ရဲတပ်ဖွဲ့ရိုက်နှက် ဒဏ်ရာများစွာဖြင့်ဆေးရုံရောက်

0

တရုတ်နိုင်ငံ အတွင်း သွားရောက် အလုပ်လုပ်ကိုင်နေသည့် ရွှေ့ပြောင်းအလုပ်သမားတစ်ဦးအား မူစယ်ရဲ လှည့်ကင်းအဖွဲ့က ဖမ်းဆီးချုပ်နှောင်ထိုးကြိတ်ရိုက်နှက်သဖြင့်ဒဏ်ရာအပြင်း အထန်ရရှိကာ မူစယ်ပြည်သူ့ ဆေးရုံတွင် ဆေးဝါးကုသမှုခံယူနေသည်ဟု မိသားစုဝင်က ပြောသည်။

Photo by Htung Huay Li- ရိုက်နှက်ခံရသူ စိုင်းထွန်း

၂၀၁၉ ဇွန်လ ၂၃ ရက် ည ၈.၃၀ နာရီအချိန် တရုတ်ပြည်ဘက်ခြမ်းသို့ အလုပ်ပြန်သွားလုပ်ရန် မော်တော် ဆိုင်ကယ်ဖြင့် တန်းစီနေသည့် အသက် ၃၀ ၀န်းကျင်အရွယ် သားတဦးဖခင် စိုင်းထွန်းဆိုသူအား ရဲတပ်ဖွဲ့မှ ဖမ်းဆီးချုပ်နှောင်ကာ ရဲကင်းဝန်းအတွင်း အုပ်စုလိုက်ရိုက်နှက်သည့်အကြောင်း အရိုက်နှက် ခံရသူ စိုင်းထွန်းက သျှမ်းသံတော်ဆင့်အား ဤသို့ပြောသည်။

“ကျနော့်ကို နေရာကျော်တယ်ဆိုပြီး လာပြောတယ်။   တန်းစီနေတဲ့သူတွေက ဘာမှမဖြစ်ဘူး။  အဲဒါကို ရဲက ကျနော့်ဆိုင်ကယ်တော့ လာဆွဲယူတယ်။ ပြီးတော့ ကျနော့်ကိုလက်ထိပ်ခတ်ဖို့လုပ်တယ်။ ကျနော်ကလက်မခံဘူး။ ကျနော့်မှာအပစ်မှမရှိတာ။ အဲဒါ ကို မကျေနပ်ဘဲ သူတို့ စခန်းထဲကို အုပ်စုလိုက်ကျနော့်ကို ဆွဲခေါ်သွားတယ်။ အဲ့ကိုရောက်တော့ တယောက် ထိုးတယောက်ကန် နဲ့ ၀ိုင်းချ ကြတာ ကျနော့်ကို” – ရိုက်နှက်ခံရသည့် စိုင်းထွန်းမှ ပြောသည်။

လက်ရှိတွင် စိုင်းထွန်းသည် နားတဘက် မကြားရတော့တဲ့အပြင် ၊ မျက်လုံးတဘက်လဲ အမြင်အာရုံ လုံးဝ မရှင်းတော့ကြောင်း၊ တရားမျှတမှု ရရှိရန် မူစယ်လွှတ်တော်အမတ်များက ကူညီဆောင်ရွက် ပေးနေ ကြောင်း လွှတ်တော်အမတ် စိုင်းကျော်သိန်းက သျှမ်းသံတော်ဆင့်သို့ ဤကဲ့သို့ပြောသည်။

“သူတို့လူ မှားတဲ့အကြောင်း စခန်းမှူး က ပြောတယ်။ ကုသဖို့အားလုံး တာဝန်လဲယူပေးမယ်ပေါ့ ။ လူထု အသားလွတ်ရိုက်နှက်ခံရတာ က မဖြစ်သင့်ဘူးလေ။ လူထု အသက်အိုးအိမ်လုံခြုံဖို့ သူတို့မှာ တာဝန်ရှိတဲ့ အပြင် အထူး ကျူးလွန်မှု အပေါ်မှာ လဲ တရားမျှမျှတတ ဖြစ်ဖို့အဓိက ဘဲ ။ ကျနော်တို့ ၀န်းကူပေးနေ ပါတယ်။ ” – မူစယ်မြို့နယ် ပြည်နယ် လွှတ်တော်အမတ် စိုင်းကျော်သိန်းက ပြောသည်။

စိုင်းထွန်း အားရဲတပ်ဖွဲ့ မှ ဖမ်းဆီးခေါ်ဆောင်သွားစဉ် – “ကျနော့် အိပ်ထဲ ဘောင်ချာတွေကို ကြည့်ပြီး ကျနော့်ကို အဖွဲ့အစည်းက ဆိုပြီး ရိုက်နှက် စစ်ဆေးတယ်။ အမှန်တော့ ၀ါ၀င်ရင်  ဆင်တူ ၀တ်ပြီး ဝါဆိုသင်္ဃန်းကပ်ပွဲ လုပ်ဖို့  အကျီင်္လာရိုက်တာ။  ”- ဟုလည်းပြောသည်။

၄င်းနှင့်ပတ်သက်ပြီး မူစယ်ရဲတပ်ဖွဲ့ထံ ဖုန်းဆက်သွယ်သော်လည်း လက်ခံဖြေကြားပေးခြင်းမရှိခဲ့ပေ။

တရုတ်နိုင်ငံ ရွှေလီမြို့ ၊ စယ်ဂေါင်မြို့တွင်းတွင် အောက်ပြည်မှ မြန်မာရွှေ့ပြောင်းအလုပ်သမားများ၊ စစ်ဘေးစစ်ဒဏ်ကြောင့် သျှမ်းပြည်မြောက်ပိုင်းတွင်း စစ်ဘေးရှောင်က ၀မ်းရေးအတွက် အလုပ်လုပ် ကိုင်နေသည့် စစ်ရှောင်များလည်းအများအပြားရှိကြောင်း၊ လူတဦး တရက်လုပ်အားခ ယွမ်ငွေ ၅၀ မှ – ၁၂၀ ၀န်းကျင်ရှိကြောင်း ၊ ကျွမ်းကျင်လုပ်သား အမျိုးသားတဦးလုပ်အားခ ယွမ်ငွေ ၂၅၀ မှ ၃၀၀ နီးနီးရှိကြောင်း၊ နယ်စပ်ဖြတ်ကျော်ရာတွင် အခက်အခဲအမျိုးမျိုး ကြုံ တွေ့ရသော်လည်း ဇာတိရပ်ရွာ အလုပ်အကိုင်နှင့် နှိုင်းယှဉ်လျှင် တရုတ်နယ်စပ်တွင် ၀င်ငွေပိုကောင်းကြောင်း သိန္နီသား ဖြစ်သည့် ရိုက်နှက်ခံရသူစိုင်းထွန်း၏ ညီအစ်ကိုတော်စပ်သူများ ပြောပြ ချက်အရသိရသည်။

ဢုပ်ႇဢူဝ်း ၽူႈတွႆႇႁွၵ်ႈ

SHARE