ထိုင်းနိုင်ငံမှ တရားမဝင် ရွှေ့ပြောင်းအလုပ်သမား ၂၂ ဦး မြန်မာသို့ လွှဲပြောင်းပေး

0

သျှမ်းပြည်နယ် အရှေ့ပိုင်း တာချီလိတ်မြို့ထိုင်း -မြန်မာ အမှတ် ၂ ချစ်ကြည်ရေး တံတားတွင် ထိုင်းနိုင်ငံအစိုးရမှ ဖမ်းဆီးထားသော တရားမဝင် မြန်မာရွှေ့ပြောင်း အလုပ်သမား ၂၂ ဦးကို မြန်မာအာဏာပိုင်ဘက်သို့ လွှဲပြောင်းပေးခဲ့ကြောင်း သတင်းရရှိသည်။

 Photo by U Htun Maesai - တာချီလိတ်-မယ်ဆိုင်ဂိတ်တွင် သျှမ်းပြည်ပြန်ရန်တန်းစီနေသော ထိုင်းနိုင်ငံရောက်သျှမ်းပြည်သားရွှေ့ပြောင်းအလုပ်သမားများ
Photo by U Htun Maesai – တာချီလိတ်-မယ်ဆိုင်ဂိတ်တွင် သျှမ်းပြည်ပြန်ရန်တန်းစီနေသော ထိုင်းနိုင်ငံရောက်သျှမ်းပြည်သားရွှေ့ပြောင်းအလုပ်သမားများ

ဇွန်လ ၄ ရက် နေ့လည် ၃နာရီ ဝန်းကျင်က ထိုင်းနိုင်ငံ လူဝင်မှု ကြီးကြပ်ရေး ဌာန ဦးစီးအရာရှိ က မြန်မာ နိုင်ငံဘက်သို့ မြန်မာရွှေ့ပြောင်းအလုပ်သမား ၂၂ ဦးအား လွှဲပြောင်းပေးခဲ့ကြောင်း ၊ အမျိုးသား ၁၇ ဦး နှင့် အမျိုးသမီး ၅ ဦး ဖြစ်ကြောင်းသိရသည်။

အဆိုပါ အလုပ်သမားများသည် မိမိ ဆန္ဒအရ ပြန်လာကြသူများ မဟုတ်ကြကြောင်း၊ ထိုင်းနိုင်ငံတွင် Border Pass ( နိုင်ငံကူးလက်မှတ် ) သက်တမ်းလွန်ခြင်း၊ နေထိုင်အလုပ်လုပ်ခွင့် အထောက်အထားမရှိဘဲ ထိုင်းနိုင်ငံအတွင်းနေထိုင်ခြင်း၊ အလုပ်ရှင် အမည်ကွဲလွဲခြင်း၊ နယ်မြေ ကျော် ခြင်း စသည်တို့ကြောင့် ဖမ်းဆီးခံရကာ မြန်မာနိုင်ငံသို့ ပြန်လည် စေလွှတ်ခံရသူများဖြစ်ကြောင်း သိရသည်။

ယခုတလော ထိုင်းနိုင်ငံ ချင်းမိုင်တွင်လည်း ရွှေ့ပြောင်းအလုပ်သမားများ မကြာခဏ ဖမ်းဆီး စစ်ဆေးခံရကြောင်း၊ အများစု နိုင်ငံကူးလက်မှတ် မရှိဘဲ ထိုင်းနိုင်ငံ တွင် အလုပ်လုပ်သူများဖြစ်ကြောင်း သိရသည်။

“ ဒီရက်ပိုင်း ထိုင်းနိုင်ငံကို တရားမဝင် လာရောက် အလုပ်လုပ်ပြီး ဖမ်းခံရတဲ့သူတွေ များတယ်။ နိုင်ငံကူးလက်မှတ်မရှိတာပေါ့။ အဲ့ထဲမှာ တချို့ဆို အသက် ၁၈နှစ်မပြည့်သေးဘူး ” ဟု အဖမ်းခံရသည့် မြန်မာ အလုပ်သမားများအား သွားရောက် ဘာသာပြန်ပေးသည့် အမျိုးသမီး က ပြောပြသည်။

ထိုင်းနိုင်ငံသို့ ၀င်ရောက်အလုပ်လုပ်သူများအဖို့ တရားဝင်အထောက်အထားဖြင့် ၀င်ရောက်အလုပ်လုပ်ကြရန်နှင့် အလုပ်လုပ်ခွင့်ကတ်ပြားတွင် အလုပ်ရှင်အမည်နှင့် အလုပ်လုပ်သည့်နေရာ တူဖို့ လိုအပ်ကြောင်းလည်း ၎င်း အမျိုးသမီး က ပြောသည်။

ယခုနှစ်ဆန်းပိုင်းအတွင်းပင် ထိုင်းနိုင်ငံမှ မြန်မာနိုင်ငံသို့ ပြန်လည်လွဲပြောင်းပေးသည့် ဖမ်းဆီးရမိ ရွှေ့ပြောင်းအလုပ်သမား စုပေါင်း ၈၉၃ ဦးရှိရာ အမျိုးသား ၅၉၂ ဦး၊ အမျိုးသမီး ၂၇၃ ဦး နှင့် ကလေး ငယ် ၃၁ ဦး တို့ဖြစ်ကြောင်းသိရပါသည်။

ဢုပ်ႇဢူဝ်း ၽူႈတွႆႇႁွၵ်ႈ

SHARE