Monday, October 14, 2024

သျှမ်းတပ်မတော်နှစ်ခု ပေါင်းဖို့နီးလာနေပြီလား

Must read

သံဃာတော် နဲ့ သျှမ်းလူထု တိုက်တွန်းတောင်းဆိုချက်ကြောင့် မကြာခင်က သျှမ်းပြည်တပ်မတော် နှစ်ခု တွေ့ဆုံဆွေးနွေးပြီး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲကြောင်း ပူးပေါင်းကြေငြာချက်တစောင် ထုတ်ပြန်လိုက်တဲ့အတွက် ဒေသခံလူထု အထူးဝမ်းသာကြောင်းပြောဆိုနေကြပါတယ်။ လနဲ့ချီတိုက်ခိုက်ခဲ့ကြတဲ့ သျှမ်းလက်နက် ကိုင်တပ်ဖွဲ့ ၂ ခုကြား ပစ်ခတ်မှုရပ်တန့်နိုင်အောင် ဘယ်လိုဆွေးနွေးခဲ့သလဲ ။ နှစ်တပ်ကနေ တစ်တပ်တည်း ဖြစ်ဖို့အလားအလာရှိလာနေပြီလား။

RCSS နဲ့ SSPP တို့ ပူးပေါင်းပြီး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲကြောင်းကြေငြာချက်တစောင်ကို မေလ ၁၁ ရက်နေ့က ထုတ်ပြန်

RCSS နဲ့ SSPP တို့ ပူးပေါင်းပြီး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲကြောင်းကြေငြာချက်တစောင်ကို မေလ ၁၁ ရက်နေ့က ထုတ်ပြန်လိုက်ပါတယ်။ ကြေငြာချက်မှာ အချက် ၄ ချက်ပါရှိပါတယ်။ ဒေသခံလူထုနဲ့ သံဃာတော်တွေတောင်းဆိုချက်အရ ၂ ဦး ၂ ဖက်ဆွေးနွေးပြီးအပစ်ရပ်ဖို့သဘောတူညီကြောင်း၊ ထာဝရအပစ်ရပ်သွားနိုင်ရေး အတွက် တဖက်နဲ့တဖက် မကြာခဏ တွေ့ဆုံဆွေးနွေးသွားမှာဖြစ် ကြောင်းပါရှိပါတယ်။

သျှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ သျှမ်းပြည်တပ်မတော် RCSS/SSA ရဲ့အတွင်းရေးမှူး ၂ ဗိုလ်မှူးကြီးစိုင်းငင်းက နောက်ဆုံး တဖွဲ့တည်းဖြစ်သွားအောင်ပူးပေါင်းနိုင်သည်အထိ ကြိုးပမ်းသွားမယ်လို့ ပြောပါတယ်။

“ကျနော်တို့ အဆင့်ဆင့်ထပ်ပြီးတွေ့ဆုံဆွေးနွေးသွားမယ်။ အလွှတ်သဘောနဲ့လည်းဆွေးနွေးသွားမယ်။ တရားဝင်နည်းနဲ့လည်းဆွေးနွေးမယ်။ ၂ ဦး ၂ ဖက်လုံးက ဆွေးနွေးရေးကော်မတီဖွဲ့ထားပြီးသား။ ကော်မတီအချင်းချင်းဆွေးနွေးမယ်။ ပြီးရင်တဆင့်ထပ်တက်ပြီး ဗဟိုနဲ့ဗဟိုပေါ့။ ပြီးရင် ဌာနချုပ်အဆင့်ပေါ့။ နောက်ဆုံး ကျနော်တို့ ၂ ဖွဲ့ တဖွဲ့တည်းဖြစ်သွားအောင်ပူးပေါင်းနိုင်သည်အထိ ကြိုးစားသွားမယ်။ တဆင့်ချင်းစီ ဆွေးနွေးသွားမှာမို့ အချိန်တော့နဲနဲပေးရလိမ့်မယ်။ ”

ထာဝရအပစ်ရပ်နိုင်ရေးဆီသွားနိုင်ဖို့အတွက် ပစ်ခတ်မှုရပ်စဲရေးထိန်းသိမ်းနိုင်ဖို့က ၂ ဦး ၂ ဖက်ရဲ့ပြန်ကြားရေးဌာနကရော ၊ ထောက်ခံတဲ့ ပြည်သူလူထုအချင်းချင်းကြားထဲမှာပါ ပြသနာဖြစ်စေမယ့် အရေးအသားအပြောဆိုတွေ အထူးသတိထားရမယ်လို့ သျှမ်းပြည်တိုးတက်ရေးပါတီ သျှမ်းပြည်တပ်မတော် SSPP/SSA ရဲ့ အတွင်းရေးမှူး ၂ လည်းဖြစ် ပြောခွင့်ရလည်းဖြစ်တဲ့ ဒု ဗိုလ်မှူးကြီး စိုင်းဆုက ပြောပါတယ်။

“ကျနော်တို့ ၂ ဦး ၂ ဖက်ကြား တူညီတာတွေကိုပေါင်းပြီးလုပ်သွားမယ် ။မတူညီတာတွေကိုလည်း ကိုယ့်နည်း ကိုယ့်ဟန်နဲ့လုပ်သွားမယ်။ အချင်းချင်းလည်း ဆွေးနွေးသွားမယ်။ အဓိကကတော့ ကြေငြာချက်မှာပါတဲ့ ၄ ချက်ပေါ့။ အဲ့အတိုင်းလုပ်သွားမယ်။ အချက်နံပတ် ၂ မှာပါတဲ့အတိုင်း ၂ဖက်တပ်လုံးက မိမိတပ်တွင်း ကိုထိန်းသိမ်းပေးဖို့ပေါ့။တဖက်နဲ့တဖက် ပုတ်ခတ်ကဲ့ရဲ့တဲ့အရေးအသားတွေမရေးကြဖို့ အဲတာအရေးကြီးတယ်လေ ။ ”

မတ်လ ၁၉ ရက်နေ့က သီပေါမြို့နယ် တွန်ကျိုင်းကျေးရွာ တိုက်ပွဲဖြစ်ပွါးတဲ့နေ့က ညနေပိုင်း ၂ ဦး ၂ ဖက်လုံး ပစ်ခတ်မှုရပ်စဲပြီး တပ်များ စစ်မြေပြင်မှ တပ်ဆုတ်ပေးကြရန် ၂ ဖက်ခေါင်းဆောင်က အမိန့်ထုတ်ပြန်လိုက်ပြီး ထိုညနေပိုင်း တိုက်ပွဲ ရပ်စဲသွားခဲ့ပါတယ်။ သို့ပေမယ့် နောက်တနေ့မှာဘဲ နမ္မတူမြို့နယ်ဘက်မှာ ၂ ဖက်တပ် ပြန် လည်ပစ်ခတ်ခဲ့ရပါတယ်။

စစ်ဒဏ်အပြင်းအထန်ခံစားခဲ့ရတဲ့ သီပေါမြို့နယ် ကုန်းကျိုင်းဒေသခံ စိုင်းဝီး ကတော့ သျှမ်းတပ် အပစ်ရပ်တဲ့အပေါ် ၀မ်းသာကြောင်းအခုလိုပြောပါတယ်။

“တိုက်ပွဲက တကယ်ရပ်ရင်တော့ သိပ်ကောင်းတာပေါ့ဗျ။ မဟုတ်ရင်အခွင့်အရေးယူပြီး စစ်အင်အားတွေတိုးချဲ့ နေမယ် ဆိုရင်တော့ တိုက်ပွဲကပြန်ဖြစ်မှာဘဲ။ ၂ တပ်ကို တတပ်တည်းဖြစ်အောင်လုပ်နိုင်ရင်တော့ အကောင်းဆုံးပေါ့ဗျာ။ ပြသနာလည်းရှိတော့မှာမဟုတ်ဘူး။ အဲလိုသာမဟုတ်ရင်တော့ ဒီလက်နက်ကိုင်တပ်ဖွဲ့တွေကြား ကျနော်တို့လူထုက နုံချာနေပြီ မွဲပြာကျနေပြီဗျ။ ”

သျှမ်းပြည်မြောက်ပိုင်း သီပေါ၊ ကျောက်မဲ၊ နမ္မတူမြို့နယ်တွေမှာ ၂၀၁၈ နှောင်းပိုင်းကတည်းကစပြီး ၂၀၁၉ မတ်လအထိ RCSS နဲ့ SSPP တို့ကြားတိုက်ပွဲတွေ ဆက်တိုက်ဖြစ်ပွါးခဲ့ပြီး ဒေသခံလူထုထောင်နဲ့ချီ စစ်ဘေးရှောင်ခဲ့ရပါတယ်။ စစ်ဘေးရှောင်နေရတာကြောင့် လယ်ယာလုပ်ငန်းခွင်တွေ ပျက်ခဲ့ရပြီးလာမယ့်နှစ် အတွက် မိသားစုဝမ်းရေး အဖွဲ့အစည်းတွေကို ကူညီထောက်ပ့ံရေးမှာ အခက်အခဲဖြစ်နိုင်ဖွယ်ရှိတယ်လို့ လည်း စစ်ဘေးရှောင်တွေကပြောပါတယ်။

မေလ ၁၁ ရက်နေ့က RCSS နဲ့ SSPP တို့ပူးတွဲထုတ်ပြန်ချက်မှာ အချက် ၄ ချက်ပါရှိပါတယ်။ ၁- သံဃာတော်တွေနဲ့ ပြည်သူလူထုတောင်းဆိုချက်အရ တပ် ၂ တပ် တိုက်တွန်းတောင်းဆိုမှုကြောင့် အပစ်ရပ်နိုင်ရေး ၂ တပ်မှနည်းလမ်းရှာဖွေကာ ဆွေးနွေးလာခဲ့သည်။၂- ပစ်ခတ်တိုက်ခိုက်မှုရပ်စဲနိုင်ရေး ပြည်သူလူထု အေးချမ်းမှုရရှိရေးအတွက် ၂ ဖက်တပ်ပစ်ခတ်မှုရပ်စဲဖို့အပြင် တဖက်နှင့်တဖက် ကဲ့ရဲ့ပြစ်တင်ရှုံ့ချသော ထုတ်ပြန်မှုမျိုးပါ ရပ်စဲဖို့ ကြေငြာသည်။ ၃- ပစ်ခတ်တိုက်ခိုက်မှုများ ကြာရှည်ရပ်စဲသွားနိုင်ဖို့အတွက် သံဃာတော်နှင့်လူထုတို့၏ အသံများကိုဆက်လက်နားစွင့်ကာဆွေးနွေးမှုများ မပြတ်လုပ်ဆောင်သွားမည်။ ၄- မူးယစ်ဆေးဝါးနှင့်ပတ်သက်ပြီး ၂ ဖက်တပ်များစွဲကိုင်ထားသည့်ပေါ်လစီအတိုင်း ဒေသခံလူထုနှင့် လူမှုအသင်းအဖွဲ့များနှင့်လက်တွဲကာ တိုက်ဖျက်သွားမည်ဖြစ်သည် – စသဖြင့်ပါရှိပါတယ်။

Leave a Comments

- Advertisement -spot_img

Latest article