သျှမ်းပြည် မြောက်ပိုင်း အတွင်း ယခုရက်ပိုင်း မကြာခဏ ဝါယာရှော့ကြောင့် မီးလောင်မှု များ ဖြစ်ပွားနေကြောင်း သတင်းရရှိသည်။
မူဆယ်မြို့ စွမ်စော်ရပ်ကွက် တွင် ယမန်နေ့ မေလ ၁၅ ရက် နေ့လည် တနာရီ ဝန်းကျင်က ဝါယာရှော့ကြောင့် မီးလောင်မှု ဖြစ်ပွားကာ နေအိမ် ၄ လုံး ပါသွားကြောင်း၊ တန်ဖိုးငွေ ကျပ်သိန်း ၅၀ ကျော် ဆုံးရှုံးသွားကြောင်း မူဆယ်ဒေသခံများပြောဆိုချက် အရ သိရသည်။
“ အိမ်ငှား တဲ့ ဦးလီအာ အိမ်က နေ စလောင်တာပါ။ လျှပ်စစ်ရေနွေးအိုးတည် ရာကနေ ဝါ ယာရှော့ကြောင့် လောင်တာပါ။ လျှပ်စစ်မီးက ခဏခဏပျက် ပြီးတော့ သတိမထားမိလိုက်တာပါ” ဟု မူဆယ်ဒေသခံ စိုင်းလိတ်က ပြောသည်။
ဝါယာရှော့ ကြောင့် မီးလောင်ကျွမ်းသည့် အိမ်သည် ဦးစံရင်ဆိုသူ၏အိမ်ဖြစ်ပြီး၊ မူဆယ်မြို့သို့လာရောက်အလုပ်လုပ်သူများ အဆင်ပြေစေရန် အတွက် အိမ်ဝင်းအတွင်း အိမ်တန်းလျား ဆောက်လုပ်ကာ အခန်းငှားရမ်းထားပေးကြောင်းသိရသည်။
ထို အိမ်တန်းလျားတွင် ငှားရမ်းနေထိုင်သည့် ဦးလီအာ အခန်းမှ ဝါယာရှော့ကြောင့် မီးစတင်လောင်ကျွမ်းခဲ့ကြောင်း သိရသည်။
ယခု ရက်ပိုင်း တွင် သျှမ်းပြည်နယ် တဝှမ်းတွင် လျှပ်စစ်မီးကို အလှည့်ကျ စနစ်ဖြင့် ၂ နာရီ ခြား တခါ မီးပေးမှုကြောင့် ပြည်သူများအနေဖြင့် မီးကို အထူးသတိပြုရန် လိုအပ်ကြောင်း စိုင်းလိတ်က ပြောသည်။
“ လျှပ်စစ်မီးက ပုုံမှန်မဟုတ်တော့ ပြည်သူတွေ အတွက် ဒုက္ခရောက်တယ်။ အချိန်ဇယားပေးထားပေမယ့် လာချင်တဲ့အချိန်လာ ပျက်ချင်တဲ့အချိန်ပျက်တော့ လျှပ်စစ်မီးဖို သုံးတဲ့သူတွေ သတိအရမ်းထားရမယ်” ဟု မူဆယ်ဒေသခံ စိုင်းလိတ် ကဆိုသည်။
လျှပ်စစ်မီး ကို ပုံမှန် မပေးသည့်အတွက်ကြောင့် မီးလာသည့် အချိန်တွင် မီးအားအရမ်းများကာ ဝါယာရှော့ ဖြစ်မည်ကို စိုးရိမ်နေကြသည်။
လျှပ်စစ် ဝါယာရှော့ကြောင့် မတ် လ ၃၀ ရက်တွင်လည်း မူဆယ်မြို့ ခရစ်ယာန်ရပ်ကွက်တွင်လည်း မီးလောင်ကျွမ်းခဲ့ကြောင်းလည်း သိရသည်။
ထို့ပြင် သျှမ်းပြည် မြောက်ပိုင်း ကွတ်ခိုင်တွင်လည်း မေ ရ ရက်နေ့ မနက်ပိုင်းတွင် ဖုန်းမီးအားသွင်းရာမှ ဝါယာရှော့ကြောင့် မီးလောင်ကာ လူငယ် ၂ ဦးသေဆုံးခဲ့ပြီး တန်ဖိုးငွေ သိန်း ရ၀ကျော် ဆုံးရှုံးခဲ့သည်။
နွေရာသီ ပူပြင်းသည့် အချိန်ရောက်ရှိနေသဖြင့် မီးအန္တရာယ် အထူးပြု သတိရှိရန်လည်း သက်ဆိုင်ရာ က ကြေညာထားသည်။