လယ်ယာသွားသည့် ကျောက်မဲမြို့မှ အမျိုးသားတဦး ၁၀ ရက်ကျော်ကြာပျောက်ဆုံးနေ မိသားစုမှစိုးရိမ်ပူပန်နေရ

0

သျှမ်းပြည်မြောက်ပိုင်း ကျောက်မဲမြို့နယ်တွင် လယ်ယာသွားသည့်ဒေသခံအမျိုးသားတဦး ၁၀ ရက်ကျော်ကြာပျောက်ဆုံးနေလျှက်ရှိရာ မိသားစုဝင်များက စိုးရိမ်နေကြကြောင်းသိရသည်။

Photo by Kyaut Mae Youth- ၁၀ ရက်ကျော်ကြာ ပျောက်ဆုံးနေသည့်ကျောက်မဲမြို့ မိုင်းတန်အုပ်စု မန်စန်းရွာသား စိုင်းအောင်ထွန်း

ကျောက်မဲမြို့နယ် မိုင်းတန်အုပ်စု ဝမ့်စန်းရွာနေ စိုင်းအောင်ထွန်း (အသက် ၄၂) ဆိုသူသည် ဧပြီလ ၁၇ ရက်နေ့မနက်ပိုင်းက ၎င်းလယ်ကွက်သို့ မြေဩဇာထည့်ရန်အသွားပျောက်ဆုံးသွားသည်မှာ ယနေ့တိုင် ၁၀ ရက်ကျော်ကြာပြီဖြစ်သော်လည်း သတင်းအစအန မကြားရသဖြင့် မိသားစုဝင်နှင့်ဆွေမျိုး အသိုင်းအဝိုင်းက စိုးရိမ်နေကြသည်ဟု ဇနီးဖြစ်သူ နန်းနွန်းက သျှမ်းသံတော်ဆင့်အားပြောသည်။

“လယ်ထဲမှာမြေဩဇာထည့်မယ်ဆိုပြီး မနက် ၇ နာရီကတည်းကထွက်သွားတာ။ ည ၉ နာရီကျော်အထိ အိမ်ပြန်မရောက်လို့ဖုန်းဆက်ကြည့်လည်းဆက်လို့မရဘူး။ ဆွေမျိုးတချို့ကိုခေါ်ပြီး လယ်အထိသွားကြည့်လည်းမတွေ့ဘူး။ သတင်းလည်းမကြားရ ဆိုတော့ သေလားရှင်လားလည်းမသိရဘူးဒီနေ့အထိပါ။ အဖေအမေတွေလည်း မစားနိုင်မအိပ်နိုင် စိတ်ပူနေကြပါတယ်။ တကယ်လို့လက်နက်ကိုင်တဖွဲ့ဖွဲ့ကဖမ်းသွားခဲ့တယ်ဆိုရင်လည်း ကျေးဇူးပြုပြီး အိမ်နဲ့ဆက်သွယ်အကြောင်းကြားပေးပါ။ အိမ်သားတွေအရမ်းစိတ်ပူနေပါတယ် ”- ဟု သျှမ်းသံတော်ဆင့်အား ပြောသည်။

စိုင်းအောင်ထွန်းသည် ယခင်က ဝမ့်စန်းရွာသူကြီး ဖြစ်ခဲ့ဖူးကြောင်း ၎င်း၏ ဇနီး ကပြောသည်။

“သူက ဘယ်အဖွဲ့အစည်းနဲ့မှမပတ်သက်ပါဘူး။ သူကြီးဆိုတော့လည်း ဖြတ်သန်းသွားလာတဲ့လက်နက်ကိုင်တွေအကုန်လုံးနဲ့ တည့်အောင်ပေါင်းရတာပေါ့။ အဲတာကို ဟိုအဖွဲ့ ဒီအဖွဲ့နဲ့ပတ်သက်တယ်ဆိုပြီးဖမ်းရင်တော့ မဖြစ်သင့်ပါဘူး”- ဟု နန်းနွန်းကပြောသည်။

စိုင်းအောင်ထွန်းသည် မိုင်းတန်ရွာမှ လုံးစိုင်းလေး ပါ့နန်းမွန်းတို့၏သားဖြစ်ပြီး ဇနီးသည် နန်းနွန်းနှင့်အတူ သားသမီး ၂ ဦးထွန်းကားခဲ့သည်။

မိုင်းတန်အုပ်စုတွင်  အစိုးရတပ်မတော်အပြင် RCSS/SSA နှင့်မြောက်ပိုင်းမဟာမိတ်တပ်ဖွဲ့ဝင်များဖြစ်ကြသော TNLA  နှင့် SSPP/SSA တို့လှုပ်ရှားပါသည်။

ဢုပ်ႇဢူဝ်း ၽူႈတွႆႇႁွၵ်ႈ

SHARE