မူဆယ်မြို့နယ်က မူလတန်းကျောင်းတကျောင်း ဖောက်ထွင်းခံရ

0

သျှမ်းပြည်နယ် မြောက်ပိုင်း မူဆယ်မြို့နယ် တာတွေ ကျေးရွာ မူလတန်းကျောင်းတွင် ယခုရက်ပိုင်း အတွင်း ဖောက်ထွင်း မွှေနှောက် ခံရကြောင်း စုံစမ်းသိရသည်။

Photo Credit to ဆရာမ သဲသဲ- ဖောက်ထွင်းခံရသော မူဆယ်မြို့က မူလတန်းကျောင်း

 

မူဆယ်မြို့ နှင့် မိုင် ၅၀ ဝေးသည့် တာတွေကျေးရွာ တွင် မူလတန်းကျောင်းရှိ ဆရာမများ သင်္ကြန်ပိတ်ရက် နေ့ရပ်ပြန်ချိန်တွင် ဆရာမများနေထိုင်သည့် ယာယီ အဆောက်အဦး နှင့် ရုံးခန်းကို သူခိုးမှဝင်ရောက်မွှေနှောက် သွားကြောင်း၊ ဆရာမများ၏ အစားအသောက်များကိုလည်း ယူဆောင်သွားကြောင်း တာတွေကျေးရွာ တွင် တာဝန်ထမ်းဆောင်သည့် ဆရာမ ဒေါ်သဲသဲ က သျှမ်းသံတော်ဆင့်ကို ပြောသည်။

“ မနေ့က (ဧပြီ ၂၂) ရက်က ကျမ မူဆယ်ကနေ ရွာကို ပြန်ပြီး အောင်စာရင်းသွားကပ်တာ။ အဲ့မှာ တွေ့တွေ့ချင်း ဒေါသတွေထွက်တယ်။ သူက အခန်းတံခါးတွေ ရိုက်ချိုးထားတယ်။ ကျောင်းခန်းထဲမှာလည်း မီးတွေမွှေးပြီး ဘီယာတွေ သောက်ထားတယ်” ဟု ဆရာမ ဒေါ်သဲသဲ ကဆိုသည်။

Photo Credit to ဆရာမ သဲသဲ- ဖောက်ထွင်းခံရသော မူဆယ်မြို့က မူလတန်းကျောင်း

အဆိုပါ ဖြစ်ရပ်ကို မြင်သည့်အခါ ကျေးရွာ မှ တာဝန်ရှိသူကို မေးမြန်းသော်လည်း မသိရှိကြောင်း၊ မည်သည့် အဖွဲ့မှ လာရောက်မွှေသွားသည်ကိုလည်း မသိကြောင်းသာ ဖြေသည် ဟု ဆရာမ က ပြန်ပြောသည်။

“ ကျောင်းက ပစ္စည်းတွေ ဘာမှ မယူပေမယ့်။ ရှိသမျှမွှေသွားတာ ကြည့်ရဆိုးတယ်။ နောက် ကျမတို့ ဆရာမနေတဲ့ ဝန်ထမ်းအိမ်တွေလည်း ပျက်စီးသွားတယ်။ ကျမတို့ စားစရာတွေလည်း ယူသွားတယ်” ဟု ၎င်းက ထပ်လောင်းပြောသည်။

ထိုကဲ့သို့ ဖြစ်စဉ်မျိုး တကြိမ်တခါမျှ မရှိခဲ့ဖူးကြောင်း၊ကလေးများ စာသင်ကျောင်းဝန်း အတွင်းသို့ ဝင်ရောက်မွှေနှောက်ပြီး ဘီယာများ လာရောက်သောက်သုံးခြင်းသည် ရုပ်ဆိုးသည့် ဖြစ်ရပ်ဖြစ်ကြောင်း လည်း ဆရာမ များက ပြောဆိုသည်။

“ ဒီလို ဖြစ်တော့ကျမတို့ဆရာမတွေ အတွက် လုံခြုံမှု စိုးရိမ်ရတယ်” ဟုလည်း ဒေါ်သဲသဲ ကဆိုပြန်သည်။

အဆိုပါ မူလတန်းကျောင်းဖောက်ထွင်း မွှေနှောက်ခံရသည့် သတင်းနှင့် ပတ်သက်ပြီး မူဆယ်မြို့ ရဲစခန်းကို ဆက်သွယ် မေးမြန်းသော်လည်း မသိရှိသေးကြောင်း ပြန်လည် ဖြေကြားသည်။

ယခုရက်ပိုင်း မူဆယ်မြို့နယ် အနီးတဝိုက်တွင်လည်း မြန်မာ့တပ်မတော် နှင့် ကချင်လွတ်မြောက်ရေး တပ်မတော် (KIA) တို့ တိုက်ပွဲများဖြစ်ပွားပြီး နမ့်ခမ်းမြို့နယ် တွင်လည်း မြန်မာ့ တပ်မတော် နှင့် တအာင်း(ပလောင်) လွတ်မြောက်ရေး တပ်မတော် (TNLA )တို့ တိုက်ပွဲများပြန်လည်ဖြစ်ပွားနေသည် ဟု သိရသည်။

ဢုပ်ႇဢူဝ်း ၽူႈတွႆႇႁွၵ်ႈ

SHARE