သဘာဝ ပတ်ဝန်းကျင်ကို ချစ်မြတ်နိုးရန် သျှမ်းလူငယ်များ တောင်တက်မည်

0

 

မြန်မာနိုင်ငံလုံး ဆိုင်ရာ သျှမ်းလူငယ်ကွန်ရက် TYN ဦးဆောင်သည့် သျှမ်းလူငယ်အဖွဲ့ သဘာဝပတ်ဝန်းကျင် ချစ်မြတ်နိုးရန် သျှမ်းပြည်တောင်ပိုင်း ပင်လောင်းမြို့နယ်ရှိ လွယ်မောင်းတောင်ကို တက်ရောက်လေ့လာကြ မည်ဖြစ်ကြောင်းသိရသည်။

နှစ်စဉ် နှစ်တိုင်း သျှမ်းပြည်အတွင်းနေထိုင်သည့် လူငယ်များစုဝေးကာ တောင်တက်ခရီးစဉ်များပြုလုပ်ခဲ့ရာ ယခုနှစ်တွင်လည်း မတ်လ ၃၀ ရက်နေ့တွင် စုပေါင်းတောင်တက်ကြမည်ဖြစ် ကြောင်း သိရသည်။

တောင်တက်ရသည့် အဓိက အကြောင်းရင်းမှာ သျှမ်းလူငယ်များ သျှမ်းပြည်၏ ရေမြေသဘာဝကို ချစ်မြတ်နိုးတတ်စေရန်နှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းတတ်စေရန်၊ ကျန်းမာသန်စွမ်းသောလူငယ်များဖြစ် စေရန်အတွက် လေ့ကျင့်ခန်းတရပ်အဖြစ်အထောက်အကူပြုစေရန်၊ လူငယ်များ မူးယစ်ဆေးဝါးနှင့်ကင်းဝေးစေရန်၊ အေးအတူပူအမျှ ပူးပေါင်းလက်တွဲဆောင်ရွက်သည့်အကျင့်ရှိလာစေရန်၊ ဒေသခံများ၏နေထိုင်စားသောက်မှုဓလေ့ စရိုက်လေ့လာနိုင်ရန်နှင့် မိမိလူမျိုးအားချစ်မြတ်နိုးတတ်စေရန်၊ မိမိဒေသဖွံ့ဖြိုးတိုးတက်ရေးနှင့်ငြိမ်းချမ်းရေး လုပ်ငန်းစဉ်အားအထောက်အကူပြုစေရန်၊ သျှမ်းလူငယ်များမိမိတို့၏သမိုင်းကြောင်းနှင့် သမိုင်းဝင်အမွေအနှစ် များအား လေ့လာမှတ်သားနိုင်စေရန်အစရှိ ရည်ရွယ်ချက်များဖြင့် တောင်တက်ခြင်းလှုပ်ရှားမှုပြုလုပ်ရကြောင်း သိရသည်။

“ မတ် ၂၉ ရက်နေ့မှာ လူတွေစုမယ်။ မတ် ၃၀ ရက်နေ့ မှာ မြို့စောင့်နတ်တွေကိုတိုင်တည်ဂါရဝပြုမယ်။ တောင်တက်မယ် ။ လူအင်အားတော ့ ပြောလို့မရသေးဘူး။ အားလုံးကိုတော့ ဖိတ်ကြားတယ် ” ဟု သျှမ်းလူငယ် ကွန်ရက် (TYN )မှ စိုင်းဆု က ပြောသည်။

ယခုနှစ်မှာ သျှမ်းလူငယ် မည်မျှ ပါဝင်မည်ကိုမသိရှိသေးကြောင်း၊ နှစ်စဉ် စာရင်း အရ သျှမ်းလူငယ် ၈၀၀ နီးပါး ပါဝင် ကြကြောင်း စိုင်းဆု က ပြောပြသည်။

“ကျနော်တို့ပင်လောင်းလူငယ်တွေအင်အား ၃၀၀ ထက်မနည်း တောင်တက်ဖို့အဆင်သင့်ဖြစ်နေကြတယ်။ မတ်လ ၂၉ ရက်မှာ ပင်လောင်းလုံက  ကျောင်းတိုက်မှာစုဆုံကြမယ်။ မတ်လ ၃၀ ရက်မနက်ပိုင်းမှာတောင် တက်ကြမယ်။ လွယ်မောင်းတောင်က ပင်လောင်းမြို့မြောက်ဘက်မှာရှိတယ်။ ”- ဟု ပင်လောင်းလူငယ်စိုင်းစိုင်းက သျှမ်းသံတော်ဆင့်အားပြောသည်။

နှစ်စဉ်နှစ်တိုင်း သျှမ်းလူငယ်များစုဝေးကာ သျှမ်း အမျိုးသားနေ့ (သို့မဟုတ်) သျှမ်းလူငယ်များနေ့ တွင် တောက်တက်ခြင်း ပြုလုပ်လေ့ရှိသော်လည်းယခုနှစ်တွင်မူ ပင်လောင်းဒေသခံ အိမ်ရှင်လူငယ်များအားလပ်ချိန်နှင့် တခြားမြို့နယ်အသီးသီးမှလူငယ်များအားလပ်ချိန်တူညီသည့်မတ်လကုန်မှ တောင်တက်ရန်ရွေးချယ် ရခြင်းဖြစ်ကြောင်း သိရသည်။

မတ် ၃၀ ရက်တွင် တောင်တက်ခြင်း အပြင် မတ်လ ၃၁ ရက်နေ့ တွင်လည်း ဟောပြောပွဲကျင်းပမည်ဖြစ်ရာ လားရှိုး အမျိုးသားလွှတ်တော် ကိုယ်စားလှယ် စိုင်းဝမ်းလှိုင်းခမ်း၊ စာရေး ဆရာ စိုင်းဇင်ဒီဒီဇုံ နှင့် သျှမ်း အမျိုးသမီးရေးရာ ဆက်သွယ် လှုပ်ရှားရေး အဖွဲ့ (SWAN) မှ နန်းယိင်းလောဝ် တို့ သိမှတ်စရာဗဟုသုတများ ဟောပြောသွားမည်ဖြစ်ကြောင်းသိရသည်။

သျှမ်းပြည်အတွင်းရှိ နာမည်ကြီး သမိုုင်းဝင် အမြင့်ဆုံးတောင်များကို သျှမ်းလူငယ်ကွန်ရက်မှ နှစ်စဉ် စုပေါင်းတောင်တက်ပြီးလေ့လာမှုပြုကြရာ ယခုနှစ်သည် ၈ ကြိမ်မြောက်တောင်တက်ခြင်းဖြစ်ကြောင်းသိရသည်။ ၄င်းတို့သည် ယခင်နှစ်များက မိုင်းပျဉ်းမြို့နယ်အတွင်းရှိ ဟိုလိန်းဓါတ်တော်စေတီတည်ရှိသည့်တောင်၊ မိုင်းရှူးမြို့နယ်အတွင်းရှိ လွယ်ဆောင်ထောက်တောင်၊နမ့်လန်မြို့နယ် လွယ်စန့်ဟိုင်းပန်တောင်၊  ကချင်ပြည်နယ်ရှိ ၀ိလာသ တောင်၊ မူစယ်မြို့နယ်ရှိ လွယ်တေးမိန်းတောင်၊ မိုင်းကိုင်မြို့နယ်ရှိ လွယ်စန့်တောင်၊ ကွတ်ခိုင်မြို့နယ်ရှိ လွယ်ဆမ်ဆစ်တောင် (လွယ်ဟာ့ယွက်တောင်)၊ သီပေါမြို့နယ်အတွင်းရှိ လွယ်ခေးတောင်၊ မိုင်းရယ်မြို့နယ်အတွင်းရှိ သျှမ်းပြည်တွင်းအမြင့်ဆုံးလွယ်လိန်းတောင် တို့ကို တက်ရောက်ခဲ့ကြောင်းသိရပါသည်။

ဢုပ်ႇဢူဝ်း ၽူႈတွႆႇႁွၵ်ႈ

SHARE