Sunday, February 5, 2023

PPST အစည်းအဝေး ထိုင်းနိုင်ငံ ချင်းမိုင်မြို့တွင် စတင်ကျင်းပ

Must read

၄ လ ခန့်အကြာ ရပ်နားထားသော PPST ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ဦးဆောင်အဖွဲ့ အစည်းအဝေးအား ထိုင်းနိုင်ငံ ချင်းမိုင်မြို့တွင် ယနေ့ပြန်လည်ကျင်းပရာ အဖွဲ့အစည်းအားလုံးမှ ထိပ်သီးခေါင်းဆောင်များတက်ရောက်ကြောင်း သိရသည်။

Photo by SHAN / ယနေ့ချင်းမိုင်မြို့တွင်ပြုလုပ်သော PPST အစည်းအဝေး

“NCA အကောင်အထည်ဖော်မှုဆိုင်ရာနဲ့ပတ်သက်ပြီး အတူတကွတွေ့ဆုံညှိနှိုင်းကြမယ့် အစည်းအဝေးတခုဖြစ်သလို ကျနော်တို့ကြားမှာ ရှိနေတဲ့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်အပေါ်ထားရှိတဲ့ အမြင်တွေကိုလည်း မူလရည်မှန်းချက်ပန်းတိုင်ရောက်ရှိရေးကြိုးပမ်းတဲ့နေရာမှာ ပြည့်မှီခြင်းရှိမရှိ ပြန်လည်သုံးသပ်ညှိနှိုင်းမှုပြုလုပ်ဖို့လိုအပ်တဲ့အတွက်ခေါ်ဆိုတဲ့အထူးအစည်းအဝေးဖြစ်တယ် ”- ဟု ဥက္ကဌကြီး မူတူးဆေးဖိုးက အစည်းအဝေးဖွင့်ပွဲတွင် အဖွင့်မိန့်ခွန်း ပြောကြားခဲ့သည်။

Photo SHAN/ ယနေ့ချင်းမိုင်မြို့တွင်ပြုလုပ်သော PPST အစည်းအဝေး

NCA လက်မှတ်ရေးထိုးပြီးသော တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့ ၁၀ ဖွဲ့ ၏ PPST ခေါင်းဆောင် များ အစည်းအဝေးအား မတ်လ ၅ ရက်နှင့် ၆ ရက်နေ့တို့တွင် ကျင်းပမည်ဖြစ်ကြောင်းသိရသည်။

အစည်းအဝေးစတင်သည့် မတ်လ ၅ ရက်နေ့တွင် တက်ရောက်သူစုစုပေါင်း ၅၀ ၀န်းကျင်ခန့်ရှိ ပါသည်။

KNU နှင့် RCSS တို့၏ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်အပေါ်ထားရှိသည့်အဖွဲ့အစည်းများ၏ ရပ်တည်မှုကို ထပ်မံ အတည်ပြုရန်ဖြစ်သဖြင့် PPST အဖွဲ့ဝင်များလေးလေးနက်နက်စဉ်းစားထားပြီး အကျေအလည် ဆွေးနွေးကြဖို့ NCA လက်မှတ်ရေးထိုးထားသည့် EAO S များအကြား ယခုအထူးအစည်းအဝေးမှ ဘုံသဘောထားရယူဖို့ ဆန္ဒရှိကြောင်း ဗိုလ်ချုပ်ကြီးမူတူးဆေးဖိုး ကပြောသည်။

“လက်ရှိနိုင်ငံရေးအခင်းအကျင်းအရ ရောက်ရှိနေတဲ့ NCA အကောင်အထည်ဖော်မှုလမ်းကြောင်းဟာ မူလကျနော်တို့ရည်မှန်းထားတဲ့ အမျိုးသားတန်းတူရေးနှင့်ကိုယ်ပိုင်ပြဌာန်းခွင့် အခွင့်အရေးတွေ အပြည့်အဝရှိပြီး ဒီမိုကရေစီနှင့် ဖက်ဒရယ်စနစ်တို့ကိုအခြေခံသည့် ပြည်ထောင်စုကိုရောက်ရှိစေမယ့် လမ်းကြောင်းကနေ သွေဖီသွားကြပြီဖြစ်ပါတယ်။ ပြန်လည်သုံးသပ်ပြီးတည့်မတ်နိုင်ဖို့အထူးလိုအပ်ပါတယ်။ တကယ်လို့ဒီလိုလမ်းကြောင်း အပြောင်း အလဲဖြစ်ဖို့လိုအပ်လာပြီဆိုရင်လည်း အန်စီအေ ပေးထားချက်တွေနဲ့ သွေဖီခြင်းမရှိစေဘဲ ပါ၀င် သူအားလုံးအကြားမှာ အကြေအလည်ညှိနှိုင်းဆွေးနွေးဖို့လိုအပ်မှာလည်း ဖြစ်ပါတယ်။ ပြန် လည် တည့်မတ်ဖို့ရည်ရွယ်ချက်နဲ့ဘဲ ကေအန်ယူနဲ့ အာစီအက်အက်တို့ ဥက္ကဌ ၂ ဦး ကနေ ဆွေးနွေး စရာအချက် ၃ ချက်ပါတဲ့ စာစောင်ကို ၂၀၁၈ အောက်တိုဘာလ ၁၀ ရက်နေ့ မှာလက်မှတ်ရေးထိုးပြီး နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နဲ့ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ကြီး တို့ဆီကိုပေးပို့ခဲ့ပါတယ်။ အဲဒီပေးပို့တဲ့စာပါအချက် တွေကိုကျနော်တို့ ဆွေးနွေးပြီးဘုံသဘောထား ရယူလိုပါတယ်။” – ဟုလည်း ဗိုလ်ချုပ်ကြီးစောမူတူးဆေးဖိုးကပြောသည်။

Photo by SHAN / ယနေ့ချင်းမိုင်မြို့တွင်ပြုလုပ်သော PPST အစည်းအဝေး

လက်ရှိအစည်းအဝေးနှင့်ပတ်သက်ပြီး RCSS/SSA ၏ အတွင်းရေးမှူး ၂ ဗိုလ်မှူးကြီးစိုင်းငင်းက သျှမ်းသံတော်ဆင့်အား ဤကဲ့သို့ပြောသည်။

“ကျနော်တို့ အဖွဲ့အစည်းကနေ ဆွေးနွေးဖို့ အဓိက အကြောင်းအရာ (၃) ခု ရှိပါတယ်။ ပထမ တစ်ခုက PPST စုဖွဲ့မှုကို Reform လုပ်ခြင်း၊ ဒုတိယက ငြိမ်းချမ်းရေးလုပ်ငန်းစဉ်မှာ တစ်ဆို့နေတဲ့ အဟန့်အတား ဖြစ်နေတဲ့ အရာတွေကို ဘယ်လိုကျော်လွှားသွားမလဲ၊ တတိယကတော့ NCA စာချုပ် လက်မှတ် မရေး ထိုးနိုင်သေးတဲ့ တခြား EAOတွေနဲ့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်မှာ ဘယ်လိုချိတ်ဆက် ဆောင်ရွက်လုပ်ကိုင် နိုင်မလဲ ဆိုတဲ့ကိစ္စပဲ ဖြစ်တယ်ဗျ။ ”

ပြီးခဲ့သည့်နှစ် အောက်တိုဘာလ အစည်းအဝေးပြီးနောက်ပိုင်း PPST ၏ တရားဝင် အစည်းအဝေးကို ကျင်းပနိုင်ခြင်းမရှိဘဲ ၂၀၁၉ ခုနှစ်၊ ဖေဖော်ဝါရီလ (၁၂) ရက်၊ နေပြည်တော်တွင် အလွှတ်သဘော တွေ့ဆုံခြင်း တစ်ကြိမ်သာ ပြုလုပ်နိုင်ခဲ့သည်။

Leave a Comments

- Advertisement -spot_img

Latest article