Tuesday, January 27, 2026

PPSTကို Reform လုပ်သင့်တယ် (တွေ့ဆုံမေးမြန်းခန်း)

NCA စာချုပ် လက်မှတ်ရေးထိုးထားသော တိုင်းရင်းသားလက်နက်ကိုင် တော်လှန်ရေးအဖွဲ့အစည်းများ၏ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ဦးဆောင်အဖွဲ့ (Peace Process Steering Team- PPST) အထူးအစည်းအဝေးကို မတ်လ (၅- ၆) ရက်များတွင် ကျင်းပမည်ဟု သိရသည်။

သျှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ (RCSS)၏ အတွင်းရေးမှူး(၂) ဖြစ်သူ ဗိုလ်မှူးကြီး စိုင်းငင်း

ပြီးခဲ့သည့်နှစ် အောက်တိုဘာလ အစည်းအဝေးပြီးနောက်ပိုင်း PPST ၏ တရားဝင် အစည်းအဝေးကို ကျင်းပနိုင်ခြင်းမရှိဘဲ ၂၀၁၉ ခုနှစ်၊ ဖေဖော်ဝါရီလ (၁၂) ရက်၊ နေပြည်တော်တွင် အလွတ်သဘော တွေ့ဆုံခြင်း တစ်ကြိမ်သာ ပြုလုပ်နိုင်ခဲ့သည်။

မကြာမီ ကျင်းပပြုလုပ်မည့် PPST အထူးအစည်းအဝေး အခင်းအကျင်းနှင့် ပတ်သက်၍ အဖွဲ့အစည်း၏ အမြင်သဘောထားကို သိရှိနို်င်ရန် သျှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ (RCSS)၏ အတွင်းရေးမှူး(၂) ဖြစ်သူ ဗိုလ်မှူးကြီး စိုင်းငင်းအား သျှမ်းသံတော်ဆင့်မှ တွေ့ဆုံ မေး မြန်းခဲ့ပါသည်။

မေး။ ။ ဗိုလ်မှူးကြီး ခင်ဗျား၊ လာမည့် PPST အထူးအစည်းအဝေးမှာ RCSS အနေနဲ့ ဘာအကြောင်းအရာ ကိုများ ဦးစားပေး ဆွေးနွေးဖို့ ရှိပါသလဲ ခင်ဗျား။

ဖြေ။ ။ ကျနော်တို့ အဖွဲ့အစည်းကနေ ဆွေးနွေးဖို့ အဓိက အကြောင်းအရာ (၃) ခု ရှိပါတယ်။ ပထမ တစ်ခုက PPST စုဖွဲ့မှုကို Reform လုပ်ခြင်း၊ ဒုတိယက ငြိမ်းချမ်းရေးလုပ်ငန်းစဉ်မှာ တစ်ဆို့နေတဲ့ အဟန့်အတား ဖြစ်နေတဲ့ အရာတွေကို ဘယ်လိုကျော်လွှားသွားမလဲ၊ တတိယကတော့ NCA စာချုပ် လက်မှတ် မရေးထိုးနိုင်သေးတဲ့ တခြား EAOတွေနဲ့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်မှာ ဘယ်လိုချိတ်ဆက် ဆောင်ရွက်လုပ်ကိုင် နိုင်မလဲ ဆိုတဲ့ကိစ္စပဲ ဖြစ်တယ်ဗျ။

ကျနော်တို့နားလည်တာက PPST ဟာ တပ်ပေါင်းစုမဟုတ်ဘူး၊ တသွေးတသံတမိန့်နဲ့ သွားနေတာမဟုတ်ဘူး၊ NCA S EAO တွေအတွက် ဆုံရပ်စုရပ်သာဖြစ်တယ်။ တူတာတွေကို တွဲလုပ်မယ်၊ မတူတာတွေကို တူညီအောင် ညှိနှိုင်းပြီး ပူးတွဲလုပ်နိုင်ရေး ဆောင်ရွက်မယ်၊ တစ်ခုခုကို မဲနဲ့ ဆုံးဖြတ်ရင် အဆင်မပြေနိုင်ဘူး၊ ဒါကြောင့် ကျနော်တို့ဖက်က PPST ဟာ ဆုံးဖြတ်ချက်ချမှတ်ပေးတဲ့ Body အဖြစ် မထားသင့်တော့ဘူးလို့ သဘောထား ရှိတယ်၊ ဆွေးနွေးညှိနှိုင်းအဖြေရှာတဲ့ အခင်းအကျင်းအောက်မှာပဲ ဖြစ်စေချင်တယ်။ ဒါကြောင့် ရှေ့ခရီးမှာ ချောချောမွေ့မွေ့ လျှောက်လှမ်းနိုင်ရေးအတွက်ဆိုရင် PPST စုဖွဲ့မှုကို Reform လုပ်သင့်တယ်လို့ မြင်တယ်ဗျ။

ငြိမ်းချမ်းရေးလုပ်ငန်းစဉ်မှာ တစ်ဆို့နေတဲ့ အကြောင်းအရာက (၃) ခုရှိတာ အားလုံးသိပါတယ်ဗျ။ Package Dealလို့ခေါ်တဲ့ ခွဲမထွက်ရနဲ့ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့် အလဲအထပ်လုပ်တဲ့ကိစ္စ၊ တစ်ခုတည်းသော တပ်မတော်ကိစ္စ၊ ၂၀၂၀ မှာ ငြိမ်းချမ်းရေးလုပ်ငန်းစဉ် အပြီးအပြတ်၊ ဖြတ်မယ့်မယ့်ကိစ္စ၊ ဒီ(၃)ခုကို ကျနော်တို့ EAO တွေအကြား အကျေအလည် ဆွေးနွေးပြီး ဘုံသဘောထား ရရှိထားဖို့ လိုအပ်တော့ ဒါတွေကို လာမယ့် အထူး အစည်း အဝေးမှာ အကြိတ်အနယ် ဆွေးနွေးကြဖို့ ကျနော်တို့ဖက်က သဘောထားရှိတယ်ဗျ။

Non NCA Signatories အဖွဲ့တွေနဲ့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်မှာ ဘယ်လို ချိတ်ဆက်လုပ်ကြမလဲ ဆိုတာကလည်း အရေးကြီးတော့ ဒါကို ဆွေးနွေးဖို့ ကျနော်တို့က ဆန္ဒရှိတယ်။ တစ်ဖက်မှာ ငြိမ်းချမ်း ရေးကော်မရှင် (PC) နဲ့ အဲဒီအဖွဲ့တွေလည်း အလွတ်သဘောဆွေးနွေးနေတယ်ဆိုတော့ ကျနော်တို့ တောင်း ဆိုနေကြတဲ့ အားလုံးပါဝင်ရေးဆိုတာကို မြင်တွေ့ရဖို့ ခြေတစ်လှမ်းနီးလာပြီလို့ ထင်ပါတယ်ဗျ။

မေး။ ။ ဟုတ်ကဲ့ ကျေးဇူးတင်ပါတယ်ခင်ဗျား။ PPSTအစည်းအဝေးမခေါ်နိုင်တဲ့ လေးလတာကာလအတွင်းမှာ တချို့ EAO ခေါင်းဆောင်တွေက မီဒီယာမှာ ပြောထားတာတွေရှိပါတယ်။ KNU နဲ့ RCSS က တရားဝင်ငြိမ်းချမ်း ရေး ဆွေးနွေးပွဲတက်ရောက်တာကို ယာယီဆိုင်းငံ့တဲ့အတွက် ငြိမ်းချမ်းရေးလုပ်ငန်းစဉ် ရှေ့မတိုးနိုင်ပဲဖြစ်တယ်၊ အစိုးရကလည်း မျက်နှာကြီးရာ ဟင်းဖတ်ပါ လုပ်တယ်၊ KNU နဲ့RCSS ကို်ပဲ အလေးပေးတယ်၊ ကျန်တဲ့ အဖွဲ့တွေကို လေးစားမှု မပြုဘူး ဆိုတဲ့ အသံတွေထွက်လာတဲ့ အပေါ်မှာရော ဗိုလ်မှူးကြီး အနေနဲ့ ဘယ်လို ပြောချင်လဲ ခင်ဗျ။

ဖြေ။ ။ ဒါကတော့ သူ့တို့အမြင်နဲ့ သူတို့ဆိုတော့ လွတ်လပ်စွာ သဘောထား ကွဲလွဲခွင့်ရှိပါတယ်ဗျ။ RCSS အနေနဲ့ တရားဝင် ဆွေးနွေးပွဲကနေ ပါဝင်ရေး ယာယီဆိုင်းငံ့ထားတာဟာ အားလုံး လက်ခံနိုင်တဲ့ ရလဒ်ကောင်း တွေရဖို့ အချိန်ယူ သေသေချချာ ပြင်ဆင်ဖို့ပဲ ဖြစ်ပါတယ်။ လောလောနဲ့ Process လုပ်ငန်းစဉ် ရှေ့ဆက်နို်င်ရေးကိုပဲ တအားတွန်းနေရင် Outcome ရလဒ်ကောင်းထွက်ဖို့က ခက်ခဲမယ်ဗျ။ ပြီးခဲ့တဲ့ ၂၁ ရာစု ပင်လုံ (၃) ကြိမ်က သက်သေပဲလေဗျ။ ကျနော်တို့ လုပ်နေတာတွေဟာ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ကို တစ်ဆို့ စေဖို့ လုံးဝမဟုတ်ပါဘူးဗျ၊ လမ်းချော်နေတဲ့ လမ်းလွဲနေတဲ့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ကို လမ်းမှန်ပေါ် ပြန်လည် ရောက်အောင် တည့်မတ်ပေးဖို့ သက်သက်ပါ။ ဟိုအလေးပေးတယ်၊ အလေးထားတယ်၊ တစ်ဖွဲ့တစ်မျိုးဆက်ဆံ ပြုမူတယ် ဆိုတဲ့ မှတ်ချက်တွေအပေါ်မှာတော့ ဒါတွေက နားလည်မှုလွဲတယ်လို့ပဲ ပြောချင်တယ်။

မေး။ ။ ကျနော်တို့ ကြားသိရတာက ဒီအထူးအစည်းအဝေးမှာ တခြား EAO တွေကို လေ့လာသူတွေအဖြစ် ဖိတ်ကြားမယ်လို့၊ အဲဒါ ဟုတ်ပါသလား။

ဖြေ။ ။ မပြောတတ်ဘူး ခင်ဗျ။ EAO တွေရဲ့ အစည်းအဝေးတွေမှာ လေ့လာသူတွေကို ဖိတ်ကြားတာ ထူးဆန်းတဲ့အရာတော့ မဟုတ်ပါဘူး၊ ဒါမျိုးက လုပ်လေ့လုပ်ထရှိတဲ့ အကြောင်းအရာပဲ ဖြစ်တယ်။ အထူးအစည်းအဝေးဆိုတော့ ပွင့်လင်းမြင်သာမှုရှိရှိနဲ့ လုပ်နိုင်ရင် ပိုကောင်းတာပေါ့။

မေး။ ။ ဗိုလ်မှူးကြီးကနေ နောက်ထပ် ဘာများ ပြောချင်သေးလဲ ခင်ဗျ၊ မေးတဲ့အထဲမှာ လွတ်သွားတာတွေ ရှိရင်ပေါ့။

ဖြေ။ ။ ဟုတ်ကဲ့၊ ငြိမ်းချမ်းရေးက အလွန်တရာ ရှည်လျားတဲ့ ခရီးရှည်ကြီး ဖြစ်တယ်။ ဒီခရီးကို အဆုံးလျှောက်လှမ်းဖို့က ကိုယ့်ဖက်က ပြင်ဆင်သင့်တာတွေ ပြင်ဆင်နို်င်မှ တော်ရာကျမယ်။ ဒါကြောင့် စိတ်ရှည်ပါ၊ ဘက်ပေါင်းစုံကနေ လိုအပ်တာတွေကို ပြင်ဆင်ပါ။ နောက်တစ်ခုအဓိကကျတဲ့အရာက ကိုယ့် EAO အချင်းချင်းကြား စည်းလုံးညီညွတ်မှုကို ခိုင်မာသထက် ခိုင်မာအောင် ကျစ်လစ်သထက် ကျစ်လစ်အောင် တည်ဆောက်ဖို့ပဲ ဖြစ်တယ်ဗျ။ ခေတ်ကာလနဲ့လိုက်လျော ညီထွေမှုဖြစ်အောင် ပြုပြင်ပြောင်းလဲရေး (Reform) ကိုလည်း ရဲရဲဝံ့ဝံ့ ဆောင်ရွက်ဖို့လည်း လိုအပ်တယ်လို့ ပြောလိုပါတယ်ဗျ။

ဟုတ်ကဲ့၊ အခုလို ဖြေကြားပေးတဲ့အတွက် အထူးကျေးဇူးတင်ပါတယ် ခင်ဗျာ။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

NCA ကို ဆက်လက်ကိုင်စွဲမည်ဟု RCSS ပြော

0
သျှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ၊ သျှမ်းပြည်တပ်မတော် (RCSS/SSA) ၏ (၆) လပတ် အဖွဲ့အစည်းမှ ဆုံးဖြတ်ချက်အရ တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး သဘောတူစာချုပ် ( NCA) စာချုပ်ကို ဆက်လက် စွဲကိုင်ထားကြောင်း သတင်းရရှိသည်။ . အဆိုပါ အစည်းအဝေးကို သြဂုတ် (၁၈- ၂၀) ရက်ထိ ဗဟိုဌာနချုပ်ရှိရာ...

PPST အဖွဲ့ဝင် ၅ ဖွဲ့ စစ်ကောင်စီ နှင့် သွားရောက်တွေ့ဆုံမည်

0
ငြိမ်းချမ်းရေး လုပ်ငန်းစဥ် ဦးဆောင်အဖွဲ့ PPST အဖွဲ့ဝင် NCA-S EAO (၅) ဖွဲ့သည် စစ်ကောင်စီ လက်အောက်ခံ အမျိုးသား စည်းလုံး ညီညွတ်ရေး နှင့် ငြိမ်းချမ်းရေး ဖော်ဆောင်မှု ညှိနှိုင်းရေး ကော်မတီ NSPNC နှင့် တွေ့ဆုံ ဆွေးနွေးမည် ဖြစ်ကြောင်း...

PPST အဖွဲ့ဝင်များ စစ်ကောင်စီ လက်အောက်ခံ NSPNC ဆိုင်ရာ ကိစ္စရပ်ဆွေးနွေးမည်

0
တိုင်းရင်းသား လက်နက်ကိုင် တော်လှန်ရေး အဖွဲ့အစည်းများ၏ ငြိမ်းချမ်းရေး လုပ်ငန်းစဉ် ဦးဆောင်အဖွဲ့ (PPST) အဖွဲ့ဝင် NCA-S-EAO (၇) ဖွဲ့သည် အမျိုးသား စည်းလုံးညီညွတ်ရေး နှင့် ငြိမ်းချမ်းရေး ဖော်ဆောင်မှု ညှိနှိုင်းရေးမှူး ကော်မတီ (NSPNC) ဆိုင်ရာကို ကိစ္စရပ်များကို ဆွေးနွေးသွားမည်ဟု စုံစမ်းသိရသည်။ အဆိုပါ...

PPST အဖွဲ့ဝင် အချင်းချင်း ဘာကြောင့် တိုက်ပွဲဖြစ်နေရတာလဲ

0
သျှမ်းပြည် လင်းခေးခရိုင် မောက်မယ်မြို့နယ် ကဒူးကြီးဒေသအတွင်းမှာ တစ်နိုင်ငံလုံး အပစ်ခတ်ရပ်စဲရေး သဘောတူ စာချုပ် NCA ရေးထိုးထားတဲ့ သျှမ်းပြည် ပြန်လည်ထူထောင်ရေး ကောင်စီ ၊ သျှမ်းပြည် တပ်မတော် RCSS/SSA နဲ့ ပအိုဝ်း အမျိုးသား လွတ်မြောက်ရေး တပ်မတော် (PNLO/PNLA) တို့...

စစ်ကောင်စီကြောင့် အရှိန်ရနေသည့် ငြိမ်ချမ်းရေးလုပ်ငန်းစဉ်များ ရပ်ဆိုင်းရဟု PPST ပြော

0
၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလမှ စတင်ပြီး နိုင်ငံတော် အာဏာသိမ်းယူလိုက်သည့် စစ်ကောင်စီကြောင့် အရှိန်ရနေသည့် ငြိမ်းချမ်းရေး လုပ်ငန်းစဥ်များ ရပ်ဆိုင်းရသည့်အကြောင်း ငြိမ်းချမ်းရေး လုပ်ငန်းစဉ် ဦးဆောင်မှုကော်မတီ (PPST) က ပြောသည်။ NCA စာချုပ်ကို အခြေခံပြီး လုပ်ဆောင်သည့် ငြိမ်းချမ်းရေး လုပ်ငန်းစဥ်များသည် စစ်အာဏာသိမ်းမှု နောက်ဆက်တွဲကြောင့်...