Friday, April 26, 2024

၂၀၀၈ ခြေဥ ပြင်နိုင်ဖို့က အစိုးရနဲ့ တပ်မတော်အကြား ဘယ်လောက်ထိ ရင်ကြားစေ့ရေး လုပ်နိုင်မလဲ ဆိုတဲ့အပေါ်မှာ မူတည်တယ်  (RCSS အတွင်းရေးမှူး (၂) ဗိုလ်မှူးကြီး စိုင်းငင်းနှင့် တွေ့ဆုံခြင်း (အပိုင်း -၃))

Must read

မေး။ ။ ဗိုလ်မှူးကြီး ခင်ဗျ။ အခုတလော ထိပ်တန်းသတင်းဖြစ်နေတဲ့ ၂၀၀၈ ခြေဥ ပြင်ဆင်ရေးအတွက် အာဏာရ NLD အစိုးရ ဦးဆောင်ပြီး ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေးပူးပေါင်းကော်မတီကို ပြည်ထောင်စု လွှတ်တော်က မဲခွဲဆုံးဖြတ်ခဲ့တဲ့အပေါ်မှာ သဘောထား ပြောပြပါဦး ခင်ဗျ။

 

Photo- RCSS အတွင်းရေးမှူး (၂) ဗိုလ်မှူးကြီး စိုင်းငင်း

ဖြေ။ ။ ၂၀၀၈ ခြေဥကို ပြင်ဆင်ရေးဆိုတာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရဲ့ Main ရည်မှန်းချက်တွေထဲက တစ်ခုပဲ ဆိုတော့ ဒီရည်မှန်းချက်ဖို့ စတင်ဆောင်ရွက်ပြီလို့ပဲမြင်တယ်ခင်ဗျ။ လူထုတွေရဲ့ တောင်းဆိုမှုအတိုင်း လူထုကရွေး ကောက်တင်မြှောက်တဲ့ အစိုးရဆိုတော့ မလွဲမသွေ လိုက်လုပ်ဆောင်ပေး နေတယ်လို့ မြင်ပါတယ်။ အစိုးရသက်တမ်းကလည်း သုံးနှစ်ကျော်လာပြီလေ။ အချိန်ကလည်း အကန့်အသတ်ဖြစ်လာတယ်၊ ၂၀၂၀ ရွေးကောက်ပွဲလည်း မဝေးတော့ဘူးဆိုတော့ အစိုးရအနေနဲ့ အချိန်လုပြီး ပြင်ဆင်ရေးလုပ်ငန်းစဉ်ကို စတင်လိုက်ပြီလို့ ထင်ပါတယ် ဗျ။

မေး။ ။ နိုင်ငံတော်သမ္မတဟောင်း ဦးသိန်းစိန်က ခြေဥ ပြင်ဆင်မယ်ဆိုရင် NCA စာချုပ် လက်မှတ်ရေးထိုးတဲ့ EAOအဖွဲ့အစည်းတွေ အပါအဝင် ပြီးခဲ့တဲ့ အမျိုးသားညီလာခံ ခြေဥ ရေးဆွဲရေးမှာ ပါတဲ့ အစုအဖွဲ့ အားလုံးကို ပြန်ခေါ်ပြီး ၂၀၀၈ ခြေဥကို ပြင်ဆင်ဖို့ လုပ်သင့်တယ်ဆိုတဲ့ ပြောကြားချက် အပေါ်မှာရော ဘယ်လိုမြင်ပါသလဲ ခင်ဗျ။

ဖြေ။ ။ အဲဒီလို လုပ်နိုင်ဖို့ အရမ်းခက်မယ်ထင်တယ်ဗျ။ အခုလက်ရှိက ၂၀၀၈ ခြေဥရဲ့ အရိပ်အာဝါသ အောက်မှာဆိုတော့ အခန်း (၁၂) ပါအတို်င်းပဲ ပြင်ဆင်ဖို့ လုပ်နိုင်မယ်။ အမျိုးသားညီလာခံတုန်းက ပါဝင်အစုအဖွဲ့တွေ အများစုက စိတ်ကြိုက် တော်ကောက် ရွေးချယ်ထားခဲ့တဲ့ အစုအဖွဲ့ဖြစ်တယ်ဆိုတာ အားလုံးသိနေတာပဲ။ ခြေဥ ပြင်ဆင်တဲ့နေရာမှာ NCA စာချုပ် လက်မှတ်ရေးထိုးပြီးတဲ့ EAO တွေအတွက်ကတော့ NCA မှာ ပါတဲ့ လမ်းပြမြေပုံ အတိုင်းပဲ ဆောင်ရွက်နိုင်မယ်။ ပူးပေါင်းကော်မတီမှာ တိုက်ရိုက်ပါဝင်ဖို့ဆိုတာ တစ်ဖက်က လက်ခံနိုင်မယ် မထင်ဘူးဗျ။ အကယ်၍ မတော်လို့များ ပူးပေါင်းကော်မတီ ပါဝင်လို့ရရင်တော့ အတိုင်းထက်အလွန်ပေါ့ဗျ။ ဒါပေမယ့် အခုကျနော်တို့EAO လုပ်ဆောင်နေတဲ့ ခြေဥ ပြင်ဆင်ရေးက လွှတ်တော်ပြင်ပလမ်းကြောင်းး ဆိုတာတော့ မမေ့ဖို့ လိုတယ်လေ။

မေး။ ။ ဗိုလ်မှူးကြီးခင်ဗျ။ တပ်မတော်ကိုယ်စားလှယ်တွေ ပြောပြောနေတဲ့ ခြေဥ ပြင်ရင် အနှစ်သာရကို မထိခိုက်ဖို့ လိုတယ်၊ စနစ်တကျနဲ့ ပြင်ဆင့်သင့်တဲ့အချိန်မှာ ပြင်ဆင်မယ်၊ ပါတီတစုတဖွဲ့က လိုသလိုပြောင်းရင် နိုင်ငံအခြေယိုင်သွားနိုင်တယ်၊ အာဏာရှင်မဆန်ဖို့လိုတယ် ဆိုတဲ့ တပ်မတော်ဖက်က ပြောဆိုနေတဲ့ အပေါ်မှာရော သုံးသပ်ပေးပါဦးခင်ဗျ။

ဖြေ။ ။ အဲဒီမေးခွန်းတွေကိုတော့ တပ်မတော်ကိုယ်စားလှယ်တွေကိုပဲ မေးကြည့်ပါဗျ။ ဒီမှာက ကျနော် အရိပ်အမြွက်လောက်ပဲ၊ Hint အစလေးလောက်ပဲ ပြောနိုင်မယ်။ ၂၀၀၈ ခြေဥ အနှစ်သာရဆိုတာ တစ်စုံတစ်ယောက်၊ အစုအဖွဲ့တစ်ခုခုကိုများ မျက်နှာသာပေး၊ လုပ်ပိုင်ခွင့်တွေ တဖက်စောင်းနင်း ဝကွက် အပ်ထားတာကိုများ ဆိုလိုချင်တာလားမသိ၊ အာဏာရှင်မဆန်ဖို့ ဆိုတဲ့ဟာလေ၊ ကျနော်လည်း ခင်မင်တဲ့ လွှတ်တော် ကိုယ်စားလှယ်တွေကို မေးကြည့်တယ်၊ သူတို့ကပြန်ပြောတယ်၊ ၂၀၀၈ ရေးဆွဲတုန်းကရော ဒီမိုကရေစီ ဆန်ဆန်နဲ့ရေးခဲ့တာလားတဲ့။ ဒီမေးခွန်းတွေကို ဒါလောက်ပဲ ကျနော်ဖြေနိုင်မယ်ဗျ၊ ခွင့်လွှတ်ပါ။

မေး။ ။ ဒါဆိုရင် ခြေဥ ပြင်ဆင်ရေးအတွက် RCSS အနေနဲ့ရော ဘယ်လို အစီအစဉ်ရှိသလဲခင်ဗျ။

ဖြေ။ ။ ခြေဥပြင်ဆင်ရေးအတွက် အခုလက်ရှိမှာတော့ နည်းလမ်း နှစ်သွယ် ရှိတယ်ဆိုတာ အားလုံး သိနေတာပဲလေ။ လွှတ်တော်တွင်းနဲ့ လွှတ်တော်ပြင်ပ ပြင်ဆင်ခြင်းပါ။ လွှတ်တော်တွင်း ပြင်ဆင်ရေးအတွက် အခုလွှတ်တော်ကိုယ်စားလှယ်တွေ ကြိုးစားလုပ်နေသလိုပဲပေါ့၊ လွှတ်တော်ပြင်ပကျတော့ NCAအတိုင်း အခု ကျနော်တို့ EAOတွေ ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ တဖြစ်လည်း ၂၁ရာစု ပင်လုံတို့ ကျင်းပပြီး NCA ပုဒ်မ (၂၂-ဃ)မှာပါတဲ့ ပြည်ထောင်စုညီလာခံမှ ထွက်ပေါ်လာသော ဆုံးဖြတ်ချက်များအပေါ် အခြေခံ၍ ဖွဲ့စည်းပုံ အခြေခံဥပဒေများ အပါအဝင် ဥပဒေများကို လိုအပ်သလိုပြင်ဆင်ခြင်း၊ ဖြည့်စွက်ခြင်း၊ ပယ်ဖျက်ခြင်းများကို ပြုလုပ်ရန် သဘောတူညီသည် ဆိုတဲ့အတိုင်းပဲ ခြေဥ ပြင်ဆင်နို််င်ရေးကို ကြိုးပမ်းဆောင်ရွက်နေတဲ့ အနေအထားအောက်မှာပဲ ရှိနေပါသေးတယ်ဗျ။ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ကလည်း အဖုအထစ်တွေရှိနေတော့ ညီလာခံ သုံးကြိမ်မှာ ပြည်ထောင်စု သဘောတူညီချက် (၅၁)ချက်တော့ ရပါရဲ့။ ဒါပေမယ့် ဒီအချက်တွေက ခြေဥ ပြင်ဆင်ဖို့ အတွက်ကျတော့ လောက်လောက်လားလား အချက်တွေမဟုတ်သေးဘူးဗျ။ ပြောချင်တာက ကျနော်တို့လည်း ခြေဥ ပြင်ဆင်ဖို့ လွှတ်တော်ပြင်ပမှာ ကိုယ့်နည်းကိုယ်ဟန်နဲ့ ဆောင်ရွက်နေပါတယ်လို့။

မေး။ ။ တကယ်လို့ ပြင်ဆင်ခွင့်ရတယ်ဆိုရင် ဗိုလ်မှူးကြီး တို့အနေနဲ့ ၂၀၀၈ ခြေဥမှာ ဘာတွေများ ပြင်ဆင် မလဲခင်ဗျ။

ဖြေ။ ။ ဟာဗျာ ဆရာကလည်း ဖြေရခက်တဲ့ မေးခွန်းတွေနဲ့ ကျနော့်ကို ချောင်ပိတ်အောင်တော့ တွန်းနေတာတွေ မလုပ်နဲ့လေဗျာ။ ဒါပေသိ ပြောသင့်တာကိုတော့ တဲ့တိုး မကွယ်မဝှက် မချွင်းမချန်ပဲ ပြောလိုက်မယ်။ အခြေခံမူ (၄၈)ထဲက ဒီမိုကရေစီစနစ်နဲ့ ကိုက်ညီခြင်းမရှိတဲ့၊ ဖက်ဒရယ်မူနဲ့ ဆန့်ကျင်နေတဲ့၊ လူထုအတွက် အကျိုးနည်းစေတဲ့၊ လက်ရှိ နိုင်ငံရေးအခြေအနေ၊ လက်ရှိကမ္ဘာ့ခေတ်ရေစီးကြောင်းနဲ့ လိုက်လျောညီထွေမှုမရှိတဲ့ အချက်တွေကို ပြင်ဆင်သင့်တယ်လို့ မြင်တယ်ဗျ။ အရေးကြီးဆုံးကတော့ အခန်း (၁၂)ပါပုဒ်မတွေကို ပြင်ဆင်နိုင်ဖို့ အစုအဖွဲ့ တွေ အချင်းချင်းကြား ညှိနှို်င်းနိုင်ဖို့ သိပ်ကိုလိုအပ်ပါတယ်ဗျ။

မေး။ ။ နောက်ဆုံးအနေနဲ့ မေးချင်ပါတယ်ခင်ဗျ။ ဒီ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်နိုင်ဖို့ ဘာတွေက အဓိကကျသလဲခင်ဗျ။

ဖြေ။ ။ အော်ဆရာရေ၊ လူထုအကျိုး၊ တိုင်းပြည်အကျိုး၊ ပြည်ထောင်စုအကျိုးတွေကို ဦးထိပ်ပန်ဆင်တယ် ဆိုရင် ဒီခြေဥကို ပြင်ဆင်ဖို့က မျက်စိတမှိတ် လျှပ်တပြက်ပါဗျ။ အခုက အဲဒီလို စိတ်ထားတွေ မရှိသေးတော့ လွယ်တာကို ခက်အောင် လုပ်နေကြတာလေ။ ကျနော်ရဲ့ ပုဂ္ဂိုလ်ရေးအမြင်အရ ပြောရရင်တော့ လက်ရှိအစိုးရ နဲ့ တပ်မတော်ကသာ ဒီခြေဥကို ပြင်ဆင်နိုင်ဖို့ အဓိက အခရာ ဖြစ်ပါတယ်။ ဒီတော့က အားလုံးအကျိုးအတွက် သူတို့အချင်းချင်းအကြား ရင်ကြားစေ့ရေးကို ဘယ်အတိုင်းအတာအထိ လုပ်နိုင်မလဲ၊ အပေးအယူ အလျှော့အတင်းတွေ ပြုလုပ်နိုင်သလဲ ဆိုတဲ့အပေါ်မှာ လုံးဝ မူတည်တယ်ဗျ။ တစ်ဖက်ကလည်း EAOအဖွဲ့အစည်းတွေ၊ နိုင်ငံရေးပါတီတွေနဲ့ အခြားဆက်စပ်တဲ့ အသိုင်းအဝိုင်းကိုလည်း ပစ်ပယ် မျက်ကွယ်ပြုမထားဖို့ လိုအပ်ပါတယ်။ ဒီ ခြေပြင်ဆင်ရေးလုပ်ငန်းစဉ်မှာ သူတို့ရဲ့ ပါဝင်မှု ကလည်း သိပ်ကိုအရေးပါတယ်လို့ ယူဆပါတယ်ဗျ။

အခုလို အချိန်ပေး ဖြေကြားတဲ့အတွက် ကျေးဇူးတင်ပါတယ်ခင်ဗျာ။

Leave a Comments

- Advertisement -spot_img

Latest article