၂၀၁၈ အတွင်း စစ်ရေးတင်းမာမှုများကြောင့် နမ္မတူလူငယ်များ တရုတ်သို့ သွားရောက်အလုပ်လုပ်ကိုင်မှုတိုးများလာ

0

သျှမ်းပြည်မြောက်ပိုင်း နမ္မတူမြို့နယ် မန်စံအုပ်စုတွင် စစ်ရေးတင်းမာမှု စစ်ဘေးရှောင်မှုများပြား လာသည့်နောက်ပိုင်း ဒေသတွင်းလူငယ် တဝက်ကျော်မှာ တရုတ်နိုင်ငံသို့ သွားရောက်အလုပ်လုပ် ကိုင်နေကြကြောင်းသိရသည်။

Photo by SHAN/ မန်စံရေကျဘုန်းကြီးကျောင်းမှာ ခိုလှုံနေတဲ့ စစ်ဘေးရှောင် တချို့

နမ္မတူမြို့နယ် မန်စံ၊ မိုင်းရင်ရွာများဘက်က ဒေသခံလူငယ်များဖြစ်ကြပြီး တိုက်ပွဲများကြောင့် လယ်ယာလုပ်ငန်းခွင်ကောင်းကောင်းမဝင်ရသဖြင့် မိသားစုစားဝတ်နေရေးအတွက် ပြီးခဲ့သည့် ၂၀၁၈ နှောင်းပိုင်းကစပြီး ယနေ့တိုင် တရုတ်နိုင်ငံသို့  သွားရောက်အလုပ်လုပ်ကိုင်မှုနှုန်း များပြားလာကြောင်းသိရသည်။

“ပလောင်ရွာရော သျှမ်းရွာရောဘဲ။ တစ်ချို့အိမ်ကိုပစ်ပြီးသွားကြတယ်။ တချို့အိမ်လည်း ကလေး နဲ့သက်ကြီးရွယ်အိုတွေဘဲကျန်တယ်။ တိုက်ပွဲကြောင့့်စိုက်ပျိုးထားတဲ့ပြောင်း၊ စပါးတို့ မပြုစုနိုင်လို့ ကျွဲနွားတွေတောင်ဝင်စားတယ်။ တချို့သီးနှံမအောင်မြင်လို့ သူူများဆီက အကြွေးနဲ့ယူစား။ နောက်ဆုံးမဆပ်နိုင်လို့တရုတ်နိုင်ငံကို အလုပ်သွားလုပ်ကြရတယ် ။ တရက် တရက် ၃၀-၄၀ ထက်တော့မလျော့ဘူး သွားကြတာ”- ဟု မန်စံဒေသခံ နန်းယိင်း ကပြောသည်။

တရုတ်နိုင်ငံသို့ သွားရောက်အလုပ်လုပ်ကိုင်သူများမှာ မန်စံတကြောမှ ချောင်းဆာ၊ ရေအိုး၊ မန်ကျန်း၊ ပန်လုံ၊ မန်ဆာ၊ ပန်ဟတ် ၊ နမ့်ဆီလင်း၊ နောင်ငင်း၊ နားဟုတ် ၊ မန်မိုင်၊ ဆမ်ခါ ၊ လုံမိတ်၊  ကောင်းဟုန်း၊ မိုင်းမု၊ နားကျဲ ၊ ကွန်ကျောင်း ၊ ပိန်းလုံ ၊ ညောင်ဆွယ် ၊ နားမတ် ၊ လုံလေ ၊ မိုက်ဟုန်း၊  ပန်ချင်၊  ကောင်းမူး ၊ ကန်ပါ၊  နားကျိုင်း၊ နားဆိုင်း၊ လွယ်ပြေး ၊ ဆွတ်မွန်း၊  နမ့်ပိုင်၊  နားကွန် ရွာများ၊  မိုင်းရင်တကြောမှ ၀မ်တီး၊ ပန်ခမ်း၊ ၀ိန်းနန်၊ ပိန်းနိမ်၊ မန်ဆာအွန်၊ မန်ဆာလုံ၊ နားဆန်း၊ မန်အိုင်၊ ပန် လွတ်၊ နားန၊  မန်ပန်၊  မိုင်းတောင် ၊ နားလင်းရွာများ မှရွာသူရွာသား ဆယ်ကျော်သက်လူငယ်များဖြစ်ကြကြောင်းသိရသည်။

၄င်းတို့သည် ယမန်နှစ်နှောင်းပိုင်း ကစပြီး ယနေ့တိုင် တရုတ်နိုင်ငံသို့ တဖွဲဖွဲ သွားရောက်အလုပ်လုပ်ကြကြောင်း၊ တရုတ်လောပန်းများလာရောက်ခေါ်ဆောင်သည်များရှိသကဲ့သို့ မိမိအစီအစဉ်ဖြင့်သာ သွားကြသည့်သူများလည်းရှိကြောင်း၊ တရုတ်ဘက်ခြမ်း မိိုင်းခွမ်၊ ရွှေလီ၊ မိုင်းတင် ဘက်တွင် ခြံလုပ်ငန်း၊ ဆောက်လုပ်ရေးလုပ်ငန်း၊ စားသောက်ဆိုင်များတွင် အလုပ်လုပ်ကြကြောင်း၊ တရက်လုပ်အားခ တရုတ်ငွေ ၄၀ (မြန်မာငွေကျပ် ၈၀၀၀ ခန့်) ရကြောင်း မန်စံဒေသခံ အေးနန်း ကလည်းပြောသည်။

“သားသမီးမရှိတဲ့သူတွေဆိုရင်တနှစ်ပတ်လုံးသွားအလုပ်လုပ်ကြတယ်။ အိမ်မှာ မိဘ နဲ့ကလေးတွေ ကျန်ခဲ့တဲ့သူတွေကျတော့ သီတင်းကျွတ် ပြောင်းဖူးချိုးပြီးချိန်ကတည်းက သွားတယ်။ ၄-၅-၆ လ လောက် သွားနေကြမယ်လို့ပြောတယ်။ တချို့ရွာတွေဆိုရင်တဝက်လောက် သွားကြတာ။ ၈၀၀၀ ကျပ် ဆိုတာ ဒို့ဆီမှာလုပ်ရင်ရတာဘဲ ဘာကြောင့်ဟိုကိုသွားကြလဲလို့ ကျမ မေးကြည့်တော့ – ရွာမှာစစ် မဖြစ်ဘူးဆိုပေမယ့် လက်နက်ကိုင်အဖွဲ့တွေက ရွာတွေနားမှာသွားလာလှုပ်ရှားကြတော့ မိုင်းတွေ ဘာတွေလယ်ယာမြေထဲမှာ မြုှပ်ထားကြတာတွေရှိတယ်။ အလုပ်သွားလုပ်ရင်နင်းမိတာတွေရှိတော့ အဲတာတွေလည်းကြောက်နေကြတယ် အဲတာကြောင့်အနဲဆုံး တအိမ်တယောက်တော့ တရုတ်ကိုသွားပြီးအလုပ်လုပ်ကြတယ်။ ”- ဟု နမ့်ဆီလင်းရောက် လားရှိုးဒေသခံ နုနု က သျှမ်းသံတော်ဆင့်အားပြောပြသည်။

ဇန်နဝါရီလ ပထမအပတ်ကပင် TNLA နှင့် RCSS တို့ကြားတိုက်ပွဲကြောင့် မန်စံရွာသားများမှာ မန်စံဘုန်းကြီးကျောင်းသို့ ထွက်ပြေးတိမ်းရှောင်လာခဲ့ကြရာမှ  ဇန်နဝါရီလ ၉ ရက်နေ့ကပင် နေရပ်သို့ပြန်သွားခဲ့ကြသည်။

နမ္မတူ မိုင်းရင်ဒေသဘက်တွင် အစိုးရတပ်မတော် ၊ TNLA ၊ မြောက်ပိုင်းမဟာမိတ်တပ်ဖွဲ့ဝင်များ၊  RCSS/SSA တို့လှုပ်ရှားသွားလာပါသည်။

မန်စံအုပ်စုသည် နမ့်တူမြို့နယ် အရှေ့တောင်ပိုင်းတွင်တည်ရှိပြီး ၂၀၁၈ နှစ်ဆန်းပိုင်းကတည်းက လက်နက်ကိုင်တပ်ဖွဲ့များကြား စစ်ရေးတင်းမာမှုများ ဆက်တိုက်ရှိလာခဲ့သည်။

SHARE

LEAVE A REPLY

Please enter your comment!
Please enter your name here