Thursday, May 2, 2024

ကလောစစ်ဦးစီး တက္ကသိုလ်ကျောင်းအုပ် ရတခ တိုင်းမှူးဖြစ်လာ၊ ရခိုင်စစ်တိုင်းမှူး ဖြုတ်ချခံရ

Must read

နိုင်ငံတဝှမ်း စစ်ရှုံးနေသည့် စစ်ကောင်စီက ယခုရက်ပိုင်း အတွင်း စစ်တိုင်းမှူး အပြောင်းအလဲနှင့် အစားထိုး ခန့်အပ်မှုများ ပြုလုပ်ခဲ့ရာ ကလောမြို့ စစ်ဦးစီး တက္ကသိုလ် ကျောင်းအုပ် ရတခ တိုင်းမှူးဖြစ်လာပြီး ရခိုင် စစ်တိုင်းမှူးကို ဖြုတ်ချကာ အရန်အင်အား ပို့လိုက်သည်ဟု စစ်ရေးသတင်းရင်းမြစ်က ယနေ့ (မတ်လ ၁၉ ရက်) တွင်ပြောသည်။

ဗိုလ်ချုပ်ကျော်လင်းမောင်

သျှမ်းတောင်၊ ကလောမြို့ရှိ စစ်ဦးစီး တက္ကသိုလ် (ဥစတ) ကျောင်းအုပ် ဗိုလ်ချုပ်ကျော်လင်းမောင် မော်လမြိုင်မြို့ အခြေစိုက် အရှေ့တောင်တိုင်း စစ်ဌာနချုပ် (ရတခ) စစ်တိုင်းမှူး ဖြစ်လာပြီး ယခင် ရတခ တိုင်းမှူးကို ကမ်းရိုးတန်း ဒေသတိုင်း စစ်ဌာနချုပ် တိုင်းမှူးအဖြစ် ပြောင်းလဲ ခန့်အပ်ခဲ့သည်ဟု ဆိုသည်။

ထို့အပြင် ယခင် ကမ်းရိုးတန်း ဒေသတိုင်း စစ်တိုင်းမှူးကို နေပြည်တော် စစ်ဌာနချုပ်သို့ ခေါ်ယူထားပြီး ရခိုင်ပြည်နယ်၊ အမ်းမြို့နယ် အခြေစိုက် အနောက်ပိုင်းတိုင်း စစ်ဌာနချုပ် (နပခ) တိုင်းမှူးဖြစ်သူ ဗိုလ်ချုပ်ထင်လတ်ဦးကို ဖြုတ်ချကာ အရန်အင်အား ပို့လိုက်ကာ တိုင်းမှူးသစ် အဖြစ် တပ်မ (၇၇) တပ်မမှူးကို အစားထိုး ခန့်အပ်ခဲ့သည်ဟု စစ်ရးသတင်းရင်းမြစ်က ဆိုသည်။

“အခု ကလော ဥစတ ကျောင်းအုပ်က မွန်နဲ့ ကရင်ကို တွဲကိုင်ရတဲ့ ရတခ တိုင်းမှူး ဖြစ်သွားတယ်ပေါ့။ ကိုထင်လတ်ဦး ကတော့ ရခိုင်မှာ စစ်ရှုံးတာကို ခေါင်းပေါ် ပုံချခံရပြီး အရန်အင်အား ပို့ခံလိုက်ရတယ်ပေါ့။ နောက်ထပ် အပြောင်းအလဲတွေ ထပ်လာအုံးမယ်” ဟု စစ်ရေးသတင်းရင်းမြစ်က ရှင်းပြသည်။

ပြီးခဲ့သည့် ဖေဖော်ဝါရီ နောက်ဆုံးပတ်က ကလောမြို့ရှိ စစ်ဦးစီး တက္ကသိုလ်(ဥစတ) တွင် တက်ရောက်နေသည့် တပ်ရင်းမှူး ၂၄၆ ဦး သင်တန်းဆင်းခဲ့ပြီး ရာထူးတိုးဖြင် စစ်မြေပြင်များတွင် နေရာချထားသည်ဟု ဥစတ နှင့် နီးစပ်သူ တစ်ဦးက ဆိုသည်။

လက်ရှိ ကရင်ပြည်နယ်၊ မြဝတီဒေသတွင် တိုက်ပွဲပြင်းထန်နေသကဲ့သို့ ရခိုင်ပြည်နယ် အတွင်း မြို့နယ် ၁၇ ခုရှိသည့် အနက် ၈ မြို့နယ်ကို AA က သိမ်းပိုက်ထားစဥ် ယခုကဲ့သို့ အပြောင်းအရွှေ့များ ပြုလုပ်ခဲ့ခြင်း ဖြစ်သည်။

နိုင်ငံတဝှမ်း စစ်ရှုံးနေစဥ် စစ်ခေါင်းဆောင် မင်းအောင်လှိုင် သည် ပဲခူးမြို့တွင် ယတြာချေ ဘုရားထီးတင်နေပြီး မနက်ဖြန် (မတ်လ ၂၀ ရက်နေ့) တွင် ရန်ကုန်မြို့သို့ လာရောက်မည်ဟု သိရသည်။

Leave a Comments

- Advertisement -spot_img

Latest article