လူထုစိုးရိမ်ကြောင့်ကြနေတဲ့ မြေလွတ်မြေလပ်နဲ့မြေရိုင်းများ စီမံခန့်ခွဲရေးဥပဒေသစ် .. ဆိုတာ

0

၂၀၁၈ အောက်တိုဘာလမှာ အစိုးရပြဌာန်းလိုက်တိုက် မြေလွတ်မြေလပ်နဲ့မြေရိုင်းများ စီမံခန့်ခွဲရေးဥပဒေနဲ့ပတ်သက်ပြီး ရှင်းရှင်းလင်းလင်းနားမလည်သေးလို့ ဒေသခံလူထု စိုးရိမ်ကြောင့်ကြမှုတွေရှိနေပါတယ်။ နို၀င်ဘာလ ၂၁ ရက်နေ့က လူထုနဲ့ကွင်းဆင်းတွေ့ဆုံပြီးမြေယာနဲ့ ပတ်သက်တဲ့အကြောင်းအရာတွေကိုဆွေးနွေးခဲ့တဲ့ မိုးနဲမြို့နယ်ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် စိုင်းမွမ်းလိန် ကို သျှမ်းသံတော်ဆင့်ကနေ ဆက်သွယ်မေးမြန်းထားပါတယ်။


မေး။ ။ နို၀င်ဘာလ ၂၁ ရက်နေ့က ဒေသခံလူထုနဲ့ကွင်းဆင်းတွေ့ဆုံတာတွေ့ရပါတယ်။ ဘာအကြောင်းဆွေးနွေးကြပါသလဲ။

ဖြေ။ ။ ဟုတ်ကဲ့ ကျနော် ပုံစံ ၇ ရယ် မြေလွတ်မြေရိုင်းရယ် ဓလေ့ထုံးတမ်းမြေယာဥပဒေ ရယ် အစရှိတဲ့အကြောင်းဆွေးနွေးပါတယ်။

မေး။ ။ အခု တွေ့ဆုံဖို့ လူထုက တောင်းဆိုတာလား ။

ဖြေ။ ။ ဟုတ်ကဲ့ လူထုက တောင်းဆိုတာရယ်၊ အစိုးရက သတ်မှတ်ထားတာရယ်၊ နောက်ပြီး ကျနော်တို့ ပြည်သူလူထုကိုယ်စားလှယ်တယောက်အနေနဲ့ လူထုနဲ့တွေ့ဆုံပြီးဆွေးနွေးပြောပြသင့်တာရယ်ကြောင့် ကွင်းဆင်းတွေ့ဆုံရတာဖြစ်ပါတယ်။

မေး။ ။ အစိုးရက သတ်မှတ် ပြောဆိုလာတယ်ဆိုတာက ဘာလဲ။

ဖြေ။ ။ ပြည်ထောင်စုမြန်မာနိုင်ငံတော်အစိုးရ၊ မြေလွတ် မြေလပ်နှင့်မြေရိုင်းများစီမံခန့်ခွဲရေး ဗဟိုကော်မတီ (စာအမှတ် ၁၂ မလရ ၁ ( ၃၇၈ / ၂၀၁၈) ရက်စွဲ ၂၀၁၈ အောက်တိုဘာလ ၃၀ ရက်) ဆိုတဲ့စာမှာ –

အကြောင်းအရာ ။ ။ ဗဟိုကော်မတီ၏ခွင့်ပြုမိန့်မရရှိဘဲ မြေလွှတ် မြေလပ်နှင့်မြေရိုင်းများကို ရယူအသုံးပြုလျှက်ရှိသော ပုဂ္ဂိုလ် အဖွဲ့အစည်းများအား အသိပေး အကြောင်းကြားခြင်း – လို့ပါရှိပါတယ်။ အဲဒီကနေ မြေလွှတ် မြေရိုင်း ကို လျှောက်ထားမှုမရှိရင် သူတို့ ဖမ်းမယ်။ ထောင်ဒဏ် ၂ နှစ် ဒဏ်ငွေ ကျပ် ၅ သိန်း ဆိုလို့ ကျနော်တို့လည်း ဒေသခံလူထုအတွက် စိုးရိမ်ပူပန်မိပြီးတော့ ကွင်းဆင်းတွေ့ဆုံရတာဖြစ်တယ်။ မြေလွှတ်မြေရိုင်း ရှိသလားမရှိဘူးလားဆိုတာ လူထုကိုမေးမြန်းတယ်။ မြေလွှတ်မြေရိုင်းဆိုတာက ဘာလဲဆိုတော့ – အစိုးရချမှတ်ထားတဲ့ ဥပဒေဘောင်အတွင်းမဝင်ရင် ဒါမြေလွှတ်မြေရိုင်းဘဲ လို့ပြောထားတယ်။ ကျနော်တို့ ဒေသခံပြည်သူလူထုအနေနဲ့ အစိုးရဆီမှာဒီဟာ သွားပြီးလျှောက်ထားချင်ပေမယ့်လည်းမရသေးဘူး။ သူတို့က ပုံစံ ရ နဲ့တကွ ဆိုတော့ ။ သို့ပေမယ့် ဒီမြေလွှတ်မြေရိုင်းက လျှောက်ထားချက်မရှိရင် တောင်သူလယ်သမားတွေဟာအဖမ်းခံရမယ်။ ဒါကြောင့်ဒေသခံလူထုဟာ အခက်တွေ့မယ်။ ဖက်ပေါ်ဆူးကျလည်း ဖက်ပေါက်မယ် ။ ဆူးပေါ်ဖက်ကျလည်း ဖက်ပေါက်မယ် အဲလိုအနေ အထားမျိုးဖြစ်နေတယ်။ ဒါကြောင့် လွှတ်တော်ကိုယ်စားလှယ်တဦးအနေနဲ့လူထု ကိုတတ်နိုင်သလောက် ကူညီဖေးမ ဆောင်ရွက်မယ်။

မေး။ ။ ဟုတ်ကဲ့ ပုံစံ ၇  ဆိုတာက ဘာလဲ။

ဖြေ။ ။ ပုံစံ ၇ ဆိုတာက လယ်ယာလုပ်ပိုင်ခွင့်လက်မှတ်လို့ သူတို့ပြောထားတာရှိတယ်။ ကျနော်တို့ လူထုက မသိဘူး။ ရောင်းလို့ ၀ယ်လို့ရတဲ့စာရွက်။ သားသမီးမြေးမြစ်တွေကို အမွေပေးဖို့စာရွက် ပိုက်ဆံချေးလို့ရတဲ့စာရွက် လို့ဘဲနားလည်ကြတယ်။ဒါကိုကျနော်က ရှင်းပြရတယ်လေ။ ပုံစံ ရ ဟာ ရောင်းဝယ်လို့မရဘူး ။ အဲ့မြေမှာ လယ်ယာလုပ်ပိုင်ခွင့်ရှိသူ အဖြစ် ပြဖို့စာရွက်ဘဲ -လို့။ ဒီပုံစံ ၇ ဆိုတာက မြေယာပိုင်ဆိုင်ကြောင်းပြတဲ့စာရွက်မဟုတ်ဘူး လို့။ အဲတာကြောင့် နှစ်ပေါင်း ၇၀-၈၀ အတွင်း လက်လုပ်တောင်သူ တွေဖြစ်ကြောင်း ပြတဲ့စာရွက်ဘဲလို့။ ဘာလို့လဲဆိုတော့ ပုံစံ ရ ထဲမှာ ပိုင်ဆိုင်မှုဆိုတဲ့နေရာမှာ အစိုးရ လို့ရေးထားတယ်လေ။ ဆိုတော့ ကျနော်တို့ဘိုးဘွားဘီဘင်ကလက်ထက်ကတည်းက လုပ်ကိုင်စားသောက်လာတဲ့ဒီမြေယာကို ပုံစံ ၇ သွားလျှောက်ရင် အစိုးရကိုသွားအပ်ပေးလိုက်သလိုများဖြစ်နေသလားလို့ တွေးစရာဖြစ်တာပေါ့ဗျာ။

မေး။ ။ အော် ..အဲလိုဆိုရင် ..ပုံစံ ၇ ကိုသွားလျှောက်ရင် ဒီမြေပေါ်လုပ်ကိုင်စားသောက်ခွင့်ဘဲရှိမယ်ဆိုတဲ့သဘောဖြစ်ပြီးတော့ ၊ တကယ်လို့ ပုံစံ ၇ သွားမလျှောက်ရင် ကိုယ်စိုက်ပျိုးစားသောက်တဲ့မြေဟာ နောက်ပိုင်း မြေလွတ်မြေရိုင်းအဖြစ်အစိုးရက သိမ်းယူသွားနိုင်ဖွယ်ရှိတယ် အဲလိုသဘောလား။

ဖြေ။ ။ ဟုတ်တယ်။အဲဒီသဘောဘဲ။ အဲ့ကြောင်း ဒီပုံစံ ၇ ကို ကျနော်တို့ သုံးသပ်သင့်ပြီ။ ပုံစံ ၇ ကိုတကယ်လုပ်ပေးမယ်ဆိုရင်တော့ ၁၄၁ ရက်ဘဲ အချိန်ယူတယ်လေ။ ၅ လ ၆ လ လောက်ဘဲကြာမယ်လေ။ ဒါပေမယ့် အစိုးရက ဘာကြောင့် လူတိုင်းစေ့ကိုမထုတ်ပေးတာလဲ – ဒါလဲ စဉ်းစားစရာဖြစ်နေပါတယ်။ ဥပမာ ခြံချင်းကပ်လျက်တောင်မှ တခုရ တခုမရ ဆိုတာမျိုးလည်းရှိတယ်လေ။ ဥပမာ ကျနော်တို့ကြုံဖူးတဲ့ဟာက နမ့်မောဆွန့်ရွာဆိုရင် တရွာလုံးက ပုံစံ ရ သွားလုပ်ကြတယ်။ တောင်သူ ၈၀ လောက်ရှိတယ်။ ပုံစံ ရ ထွက်လာတော့ အဲ့ထဲက တောင်သူ ၂ ဦးအတွက် ပုံစံ ရ ကို အုပ်ချုပ်ရေးမှူးက ထုတ်သွားပြီလို့ ရုံးကပြောတယ်။ အုပ်ချုပ်ရေးမှူးဆီလာမေးကြည့်တော့ မရှိဘူးတဲ့ ။ ကြားထဲက ပျောက်နေတယ်။ နောက်တခုက ပုံစံ ရ အတွက်ကျသင့်ငွေက ၅၀၀ လောက်ဘဲ ကုန်တယ်။ ဒါမယ့် ဒီတောင်သူလယ်သမားတွေသွားလုပ်လာတော့ တယောက်ကို ရ သောင်း ၈ သောင်း လောက်ကုန်လာတယ်။ တချို့ဆို ၁ သိန်းတောင်ကုန်တာရှိတယ်။ နောက်တခုက – ဥပမာ ကျနော့်ခြံမြေ ၅ ဧက ရှိတယ် ။ ၅ အတွက် လုပ်မယ်လို့စာရင်းတင်သွားတယ်ဆိုရင် ၁ ဧက ဘဲသူတို့လုပ်ပေးတယ်။ အဲ့ဆို ၄ ဧက ကဘယ်ပျောက်သွားသလဲ။ ဒီဟာကိုကြည့်ခြင်းအားဖြင့် ပုံစံ ရ ဆိုတာ ကျနော်တို့တောင်သူ လယ်သမားတွေအတွက် ထောက်ချောက်တခုလားဆိုတာစဉ်းစားစရာဖြစ်နေတယ်။ နောက်တခု ကျနော်တို့ရွာသားတွေရဲ့ အင်းအိုင် ကန်မြေနဲ့ သာသနာ့ပိုင်မြေတွေကို မြေစာရင်းနဲ့ လိုချင်သူလူထုတချို့တို့ပူးပေါင်းပြီး ပုံစံ ရ သွားလုပ်လိုက်တယ်။ မနှစ်တုန်းက လွယ်စယ့်ကန်ကို ပြန်လည်တူးဖော်ရှင်းလင်းတယ်။ ကန်ဘောင်ဖို့တယ်။ပြုပြင်တယ်။ အဲဒီဒေသတဝိုက်က ဒေသခံလူထု တနှစ်ပတ်လုံး အသုံးပြုဖို့ ရေရရှိရေးအတွက်ပေါ့နော်။ အဲတာကို ပုံစံ ရ ကိုင်ပြီးတော့ ဒါကျနော် ကျမတို့ရဲ့မြေ ပါ ။ ဒီမှာပုံစံ ရ – ကျပ် ၁ သိန်းတောင်ပေးရတယ်။ ၈ သောင်းတောင်ပေးရတယ်ဆိုပြီးလာပြောတယ်။ ပုံစံ ရ ကို အဲလောက်စျေးကြီးကြီးမပေးရပါဘူး၊ သေချာပြန်စစ်ကြည့်ပါ လို့ ကျနော် သူတို့ကိုပြောပြပါတယ်။ အဲတာမှ သူတို့ဘက်က လက်ခံပြီး ပြန်သွားကြပါတယ်။ ဆိုတော့ ပုံစံ ရ ကို ကျနော်တို့ကြည့်မယ်ဆိုရင် ပုံစံ ရ ဟာ လယ်သမားအချင်းချင်းကို အမြင်လွဲ သဘောထားကွဲအောင်လည်းလုပ်တယ်လို့တွေ့ရပါတယ်။ အာဏာပိုင်တွေကို လာဘ်စားခွင့်ပေးသလိုလည်းဖြစ်ပါတယ်။ လုပ်ပေးပြီးလို့ ပြသနာတက်လာရင်လည်း တာဝန်ရှိပုဂ္ဂိုလ်တွေက တာဝန်ယူလေ့မရှိပါဘူး။

မေး။ ။ ပုံစံ ၇ ဟာ လယ်သမားတဦးကိုဘယ် နဧကအထိ တောင်းခွင့်ရှိသလဲ။

ဖြေ။ ။ ဧက ၅၀ နဲ့အောက်ဆိုရင် သျှမ်းပြည်နယ်အစိုးရကနေ စီစစ်ပေးပါတယ်။ ကျနော်သိရသလောက် ပုံစံ ရ ဆိုတာက လယ်ယာမြေ ၅ ဧက ရှိရင်လည်း ၅ ဧက စလုံးထုတ်ပေးတယ်။ ဒါမယ့်အခုကြားနေရတာက တချို့ဆို ၅ ဧက ရှိတာကို ၁ ဧက ဘဲထုတ်ပေးတယ်ဆိုတော့ ကျန် ၄ ဧက က တခြားသူကိုထုတ်ပေး လိုက်တာလား ဆိုတာမေးခွန်းထုတ်စရာရှိတယ်လေ။

မေး။ ။အဲ့ဆို ကိုယ်လယ်မြေဟာ သူများလယ်မြေဖြစ်ရတယ်ပေါ့။

ဖြေ။ ။ ဟုတ်တယ်။ လက်တွေ့ကြုံတွေ့နေရတဲ့ပြသနာတခုက ပါ့ခမ်းအောင်ကလယ်ရှင်။ ပါ့ခမ်းအောင်ရဲ့ လယ်မှာ အိုက်ဝိလျံက သူရင်းငှား။ အိုက်ဝိလျံက အိမ်မရှိတော့ လယ်ထဲမှာအိမ်ဆောက်ပြီးနေတယ်။ အခုပုံစံ ရ လုပ်ကြတော့ သူလည်း သွားလုပ်တယ်။ ဘာအထောက်အထားမှမရှိဘူး အဲ့မှာနေတာကြာလို့ သွားလုပ်တယ်။ ရွာသူကြီးနဲ့ တာဝန်ရှိတွေကလည်းလုပ်ပေးတယ်။ ပုံစံ ရ လုပ်မယ်ဆိုရင် ပုံစံ ၁ စစ တင်ကတည်းက ရက်ပေါင်း ၃၀ အတွင်း ကန့်ကွက်တဲ့လူရှိလားမရှိလား စောင့်ရတယ်။ နောက်တော့ လယ်ရှင်သိတော့ ရွာသူကြီးဆီသွားမေးတော့ ရွာသူကြီးက ခင်ဗျားတို့လာတာ နောက်ကျသွားပြီ ဆိုပြီးပြောလိုက်တယ်။ သူရင်းငှားက ဘာအထောက်အထားမှမရှိပေမယ့် ပုံစံ ရ ရသွားပြီးတော့ လယ်ရှင်ကနေ လယ်မြေတွေလုံးလုံးရှုံးသွားတယ်။ အဲလို ပြသနာတွေလည်းရှိခဲ့ဖူးပါတယ်။
ပုံစံ ရ ဆိုတာက ငွေချေးဖို့အတွက်ဖြစ်တယ်လို့သိရတယ်။ ဆိုတော့ ကြည့်မယ်ဆိုရင် ဒီငွေတွေ ဘယ်ကလာသလဲဆိုတော့ နိုင်ငံခြားက ချေးလာတဲ့ချေးငွေတွေဖြစ်တယ်။ အစိုးရကနေ ၀.၂ ရာခိုင်နှုန်းယူပြီး ငွေတိုးပေးတယ်။ ပုံစံ ရ ဟာ လူထုကနေ ပေါင်နှံနိုင်တယ်။ ရောင်းနိုင်တယ်။ အမွေပေးနိုင်တယ်။ တကယ်လို့ စီးပွါးရေး တံခါးပိတ်ဝါဒ ဆိုပြီး လုပ်လိုက်ရင် နိုင်ငံခြားသားတွေဝင်လာပြီး လယ်သမားတွေနဲ့တိုက်ရိုက်ရောင်းဝယ်နိုင်တယ်ဆိုရင် အစိုးရနဲ့ပတ်သက်စရာမလိုတော့ဘူး။ အဲဒီအတွက် လုပ်ထားတာလားဆိုပြီးတော့လည်း စဉ်းစားစရာဖြစ်နေပါတယ် ။ ဒီနှစ်ထဲမှာပိုက်ဆဲချေးချင်တယ်ဆိုရင် ပုံစံ ရ က အစစ်ကိုသွားပေးရမယ်။ အဲလိုဆိုရင်ကျနော်က မေးကြည့်တယ်။ ပုံစံ ရ ပျောက်သွားရင်ဘယ်သူတာဝန်ယူမလဲဆိုတော့ အာဏာပိုင်တွေက အဲတာတော့မသိဘူးလို့ပြောတယ်။ အဲလိုဆိုရင် ဒီအတွက်က ထပ်မံစဉ်းစားတွေးတောစရာဖြစ်နေတယ်။

မေး။ ။ ပုံစံ ရ က မသဲကွဲဘူးပေါ့အဲ့ဆို။ လူထုအတွက်ထောင်ခြောက်လား တကယ် လက်တွေ့ဖြေရှင်းပေးဖို့အတွက်လား အစိုးရနဲ့ဘယ်လိုပူးပေါင်းဖြေရှင်းသင့်သလဲ။

ဖြေ။ ။ ပုံစံ ၇ ကိုအစ ကနေပြန်စစ်ပေးဖို့ပေါ့နော် ။ အစစ်လားအလတုလား ပေါ့နော်။ နဝမ အကြိမ်လွှတ်တော်မှာ အဆိုရှုံးသွားတယ်။ အစိုးရကလည်းဝမ်းသာပျော်ရွှင်တယ်။ သူပြန်စစ်ရမှာ မစစ်ချင်ဘူးလေ။ နောက်တခု ကရင်ပြည်နယ်မှာ ပုံစံ ရ ကိုမသုံးဘူး။ ဓလေ့ထုံးတမ်းမြေယာဥပဒေ ကိုဘဲသုံးတယ်လေ။ အဲတာကြောင့် ဘိုးဘွားခေတ်ကတည်းက စိုက်ပျိုးလုပ်ကိုင်လာတဲ့လယ်ယာမြေမှာ သားသမီးမြေးမြစ်တွေလက်ထက်အထိ အရင်ကဆက်လက်လုပ်သွားနိုင်ပေမယ့်အခုကျတော့ ဒီလိုဆက်လုပ်နိုင်ဖို့ အသင့်တော်ဆုံးနည်းလမ်းတခုက ဒီဓလေ့ထုံးတမ်း မြေယာဥပဒေဘဲရှိတယ်လို့မြင်တယ်။ ဒီဓလေ့ထုံးတမ်း မြေယာဥပဒေကဘာလဲဆိုတော့ မြေအသုံးချမှုကော်မတီ (မြေလွတ်မြေလပ်နှင့်မြေရိုင်းများစီမံခန့်ခွဲမှု ဥပဒေကိုပြင်ဆင်သည့်ဥပဒေကို ၂၀၁၆ ဇန်နဝါရီလတွင်အတည်ပြုပြဌာန်းခဲ့သည့် အမျိုးသားမြေအသုံးချမှုမူဝါဒ အပိုင်း ၈ တိုင်းရင်းသားလူမျိုးများ၏ မြေအသုံးချ အခွင့်အရေး ပုဒ်မ ၆၆ အပိုဒ် ခ တွင်ဖော်ပြထားသော မြေအသုံးချမှုကို မှတ်တမ်းနှင့်မြေပုံများကိုဖော်ပြထားခြင်းရှိသည်ဖြစ်စေ မရှိသည်ဖြစ်စေ မှတ်ပုံတင်ထားခြင်း ရှိသည်ဖြစ်စေ၊ မရှိသည် ဖြစ်စေ မြေအသုံးချလျှက်ရှိသည့် တိုင်း ရင်းသား လူမျိုးစုများ၏ ရိုးရာမြေလုပ်ပိုင်ခွင့် အခွင့် အရေးများနှင့် ဒေသ ဆိုင် ရာရိုးရာမြေစီမံအုပ် ချုပ်မှုအလေ့ အထများကို အသိအမှတ်ပြုကာကွယ်ရမည်) – ဒီဥပဒေကို အသက်ဝင်အောင် လုပ်ရမယ်။

မေး။ ။ ဒီဥပဒေကို ၂၀၁၆ မှာ ပြဌာန်းတာပေါ့။

ဖြေ။ ။ ဟုတ်တယ်။ ၂၀၁၆ မှာဒီဥပဒေကိုပြဌာန်းထားပြီး အသက်မဝင်သေးခင်မှာဘဲ ၂၀၁၈ အောက်တိုဘာ မှာ အခုဒီ မြေလွှတ်မြေရိုင်းဥပဒေသစ်ကို ထပ်ပြီးပြဌာန်းတယ်။ မလျှောက်ထားရင် အသိမ်းခံရမယ်လို့ပြောပြန်တယ်။ ဆိုတော့ဒီ ၂ ခုကဘဲ ကွာခြားနေပြီလေပြောချင်တာက။ ဆိုတော့ ဒီ ၂၀၁၈ မြေယာဥပဒေဟာ တောင်သူလယ်သမားတွေကိုအထောက်အကူမဖြစ်စေတဲ့အပြင် တောင်သူလယ်သမားတွေရဲ့လယ်ယာမြေအသိမ်းခံရအောင်လုပ်နေသလိုဖြစ်တဲ့အတွက်လူထုနဲ့တွေ့ဆုံပြီး အခုလိုဆွေးနွေးအကြံရယူတာဖြစ်ပါတယ်။ ဒီတော့ ဒေသခံလူထုကလည်း ဒီ ၂၀၁၈ မြေယာဥပဒေကိုဆန့်ကျင်ကန့်ကွက်ကြောင်းနဲ့ ၂၀၁၆ က အမျိုးသားမြေအသုံးချမှုမူဝါဒ အပိုင်း ၈ ကိုထောက်ခံကြောင်းပြောကြပါတယ်။

မေး။ ။ အဲ့ဆိုရင် ၂၀၁၆ မြေယာဥပဒေ အသက်ဝင်အောင်ဘယ်လိုလုပ်သင့်သလဲ။

ဖြေ။ ။ ကျနော်တို့စဉ်းစားထားတာကတော့ လူထုနဲ့တွေ့ဆုံပြီးလူထုဆန္ဒကိုရယူပြီး ကျနော် ဆက်တင်ပေးမယ်။ ကျားခေါင်းပါတီ ဗဟိုကလည်း ကူညီဖို့် လည်းပြင်ဆင်ထားပါတယ်။

မေး။ ။ တကယ်လို့ ၂၀၁၆ မြေယာဥပဒေအသက်မဝင်ရင် ၂၀၁၈ မြေယာဥပဒေဟာ သက်ဝင်လာပြီးတော့ လူထုလယ်ယာမြေတွေအသိမ်းခံရတော့မှာပေါ့အဲလိုလား။

ဖြေ။ ။ ဟုတ်တယ် အဲလိုသဘောသက်ရောက်ပါတယ်။

မေး။ ။ ဒီမြေယာဥပဒေနဲ့ပတ်သက်ပြီးလူထု ကြုံတွေ့နေရတဲ့ပြသနာနဲ့ပတ်သက်ပြီး တခြားဒေသကတောင်သူလယ်သမားတွေကိုဘယ်လိုပြောဆိုချင်ပါသလဲ။

ဖြေ။ ။ ဘယ်ဒေသကမဆို လွှတ်တော်အမတ်တွေကို တောင်းဆိုချင်တာက လူထုရဲ့ဆန္ဒသဘောထားကို အလေးအနက်ထားပြီး ပြည်သူ့လွှတ်တော်မှတင်ပေးဖို့ ၊ ကျနော်တို့ သျှမ်းမှာပြည်သူ့လွှတ်တော်နေရာကနည်းပေမယ့် မြို့နယ်အသီးသီးက လွှတ်တော်ကိုယ်စားလှယ်တွေ ဒီကိစ္စ ပြည်သူ့လွှတ်တော်ကနေ တင်နိုင်အောင်ဆောင်ရွက်ပေးဖို့ တိုက်တွန်းချင်ပါတယ်။

ဟုတ်ကဲ့ကျေးဇူးတင်ပါတယ်ခင်ဗျ။

SHARE

LEAVE A REPLY

Please enter your comment!
Please enter your name here