သျှမ်းပြည်တွင် မြေလွတ်မြေရိုင်းများမရှိကြောင်း သီပေါဒေသခံတောင်သူလယ်သမားများ ပြော

0

သျှမ်းပြည်မြောက်ပိုင်း သီပေါမြို့နယ်တွင် ဒေသခံလူထု တောင်သူလယ်သမားများက သျှမ်းပြည်တွင် မြေလွတ်မြေလပ်နှင့်မြေရိုင်းများမရှိကြောင်း ပိတ်စပေါ်တွင်ရေးသားပြီး ဆန္ဒထုတ်ဖော်သည့် လှုပ်ရှား မှုတခုပြုလုပ်ခဲ့သည်။

Photo Sipaw Youth-ဆွေးနွေးပွဲအပြီး သီပေါတောင်သူလယ်သမားများ သျှမ်းပြည်အတွင်း မြေလွတ်မြေရိုင်းများမရှိကြောင်း ဆန္ဒထုတ်ဖော်

ဧပြီလ ၂၉ ရက် ယမန်နေ့မနက် ၁၀ နာရီမှ ညနေ ၄ နာရီအထိ Tai Youth Power United သျှမ်းလူငယ် များနှင့် တောင်သူလယ်သမားများ စုစုပေါင်းအင်အား ၇၀၀ ခန့်က သီပေါမြို့နယ် နမ့်မအုပ်စု နမ့်မရွာတွင် တွေ့ဆုံကာ မြေလွတ်မြေရိုင်းများနှင့် ၄င်းနှင့်ပတ်သက်သောဥပဒေများ အကြောင်း ဆွေးနွေးပြီးနောက် လယ်သမားများက ထိုသို့ ဆန္ဒသဘောထားများထုတ်ဖော်ခဲ့ကြခြင်းဖြစ်သည်။

TYPU မှဥက္ကဌ စိုင်းသိန်းမြင့်က – “၆ လအတွင်း မြေလွတ်မြေရိုင်းတွေကို အပြီး လျှောက်ထားရမယ်လို့ ကြေငြာချက်ထုတ်ပြန်ထားတယ်လေ။ ၆ လဆိုတဲ့အချိန်ပေးထားပြီး တပြည်လုံး အတိုင်းအတာ အပြီးလုပ်ရမယ်လို့ပြောထားတဲ့အပေါ် လုံးဝမပြီးနိုင်ဘူးလို့ကျနော်တို့မြင်တယ်။ ဒီအတွက် တကယ်လို့ လူထုက မြေလွတ်မြေရိုင်းတွေကို မြေဂရမ် လျှောက်ထားမယ်ဆိုရင် ဘယ်လိုဖြစ်လာမလဲ။ တကယ်လို့မလျှောက်ထားဘဲ ဒီတိုင်းထားရင်ကော ဘယ်လိုဖြစ်လာမလဲဆိုတဲ့အကြောင်းနဲ့ပတ်သက်ပြီး တောင်သူလယ်သမားတွေနဲ့ တွေ့ဆုံ ဆွေးနွေးတာဖြစ်တယ်။ အဲဒီကနေ လယ်သမားတွေက မိမိတို့ဆန္ဒသဘော ထားကို ထုတ်ဖော်လာရတာဖြစ်ပါ တယ်။”- ဟု သျှမ်းသံတော်ဆင့်အားပြောသည်။

အစိုးရထုတ်ပြန်ချက်အရ အကယ်၍ မြေဂရမ် မြေစာရင်းမလျှောက်ထားပါက ဒေသခံများ၏ လယ်ယာ မြေများသည် မြေလွှတ်မြေရိုင်းများသာဖြစ်သွားမည်ဟုဆိုပါသည်။

သို့သော် TYPU နှင့်လူထုတွေ့ဆုံပွဲတွင် – “အကယ်၍လူထုမှ မြေဂရမ်၊ ပုံစံ ရ သွားရောက်လျှောက်ထားပါက အစိုးရ၏ မြေလွတ်မြေရိုင်းများဥပဒေကို အတည်ပြုပေးသကဲ့သို့ဖြစ်မည်ဖြစ်ကြောင်း ”- ပြောဆိုကြရာ ဒေသခံလူထုမှ အဆိုပါဥပဒေအားအလိုမရှိ ကြောင်း မိမိတို့သျှမ်းပြည်တွင်လည်း မြေလွတ်မြေရိုင်းများမရှိကြောင်း ထုတ်ဖော်ပြောဆိုခဲ့ခြင်းဖြစ်သည်ဟု တွေ့ဆုံပွဲတက်ရောက်သည့် လယ်သမားတဦးကပြောသည်။

“ကျနော်တို့ သျှမ်းပြည်မှာက အစိုးရပြောတဲ့ မြေလွတ်မြေရိုင်းများဆိုတာမရှိပါဘူး။ ကျနော်တို့သျှမ်းပြည်မှာ ဘိုးစဉ်ဘောင်ဆက်ကတည်းက စိုက်ပျိုးလုပ်ကိုင်စားသောက်လာတဲ့မြေတွေသာရှိပါတယ်။ ဒါကြောင့် အစိုးရပြောတဲ့ မြေလွတ်မြေရိုင်းဥပဒေဆိုတာကိုလည်း ကျနော်တို့အလိုမရှိဘူး ”- ဟု သျှမ်းသံတော်ဆင့်အား ပြောသည်။

ပြန်လည်ပြင်ဆင်ရေးဆွဲသည့် မြေလွတ်၊ မြေလပ်၊ မြေရိုုင်းဥပဒေကိုု အစိုုးရက ၂၀၁၈ စက်တင်ဘာလ ၁၁ ရက်နေ့က ကြေညာခဲ့သည်။စိုက်ပျိုးလုပ်ကိုင်စားသောက်နေသော လယ်ယာမြေများအား ၆ လအတွင်း ၄င်းနှင့်ပတ်သက်သည့် အချက်အလက်များ တင်ပြရမည်ဖြစ်ကြောင်း၊ သို့မဟုတ် ၆ လအတွင်း ပုံစံ ၇ ပြုလုပ်ရမည်ဖြစ်ကြောင်း၊ အထောက်အထားပြနိုင်ခြင်းမရှိပါက မြေလွတ်မြေရိုင်းအဖြစ် သတ်မှတ်မည်ဖြစ်ပြီး ဥပဒေပြဌာန်းချက်အရ ငွေဒဏ် ၊ ထောင်ဒဏ်ချမှတ်ခံရမည်ဖြစ်ကြောင်း၊ လက်ရှိတွင်လည်း မြန်မာပြည်တဝှမ်း မြေလွတ်မြေရိုင်းဟုသတ်မှတ်ထားသည့်မြေဧက စုစုပေါင်း ၄၅ သန်းကျော်ရှိကြောင်း အစိုးရ၏ မြေလွတ်မြေလပ်နှင့်မြေရိုင်းများစီမံခန့်ခွဲရေးကော်မတီက ထုတ်ပြန်သည်။

ဢုပ်ႇဢူဝ်း ၽူႈတွႆႇႁွၵ်ႈ

SHARE