လူထုနှင့်အဖွဲ့အစည်းများကန့်ကွက်သည့်ကြားက တပ်မတော်ထောက်ခံပွဲ တန်ဆောင်တိုင်ဖွင့်ပွဲရက်တွင် ပြုလုပ်

0

သျှမ်းပြည်တောင်ပိုင်း တောင်ကြီးမြို့တွင် တန်ဆောင်တိုင်ပွဲတော်ကျင်းပသည့်ဖွင့်ပွဲရက်တွင်တိုက်ဆိုင်စွာ တပ်မတော်ထောက်ခံပွဲတရပ်ကျင်းပခဲ့သည်။

Photo by SHAN/တောင်ကြီးမြို့တွင် နို၀င်ဘာလ ၁၄ ရက် တန်ဆောင်တိုင်ပွဲတော်ဖွင့်ပွဲနေ့ တောင်ကြီးတွင်ကျင်းပသော တပ်မတော်ထောက်ခံပွဲ

၂၀၁၈ နို၀င်ဘာလ ၁၄ ရက် မွန်းတည့်ချိန်တွင် တောင်ကြီးမြို့နယ်အတွင်းရှိ ကျေးလက်များမှ လူထုအင်အား ၅ ထောင်ခန့်သည် တောင်ကြီးမြို့၊ စဝ်စံထွန်းရပ်ကွက်၊ ဗိုလ်ချုပ်လမ်းရှိ မင်းကွန်းပရိယတ္တိစာသင်တိုက်ရှေ့ တွင်စုဆုံကာ ဗိုလ်ချုပ်လမ်း ထိုမှတဆင့် ဘုရင့်နောင်လမ်းအတိုင်းလမ်းလျှောက်ကာ သစ်တောရပ်ကွက်ကျောက်တိုင်ကွင်း မိုးလုံလေလုံ ပြည်နယ် အားကစား လေ့ကျင့်ရေးခန်းမသို့ ချီတက်သွားကြသည်။

အဆိုပါ ချီတက်သည့်လူထုတွင် အမျိုးသားလုံးခြုံရေးနှင့် လူမှုကွန်ယက်(ဗဟို)မှ ဦးဆောင်ဆရာတော် ဦးပညာနန္ဒ (အေးသာယာမြို့၊ ပညာဗိမာန်ကျောင်းတိုက်) မိတ္ထီလာမြို့၊ ရွှေမန်းကျောင်းတိုက်မှ ဆရာတော် အရှင်အဂ္ဂဓဇ၊ အမျိုး သားလုံးခြံုရေးနှင့် လူမှုကွန်ယက်(ဗဟို)မှ ဥက္ကဌ ဦးနေဝင်းထွေးနှင့်အဖွဲ့ဝင်များ PNA အသွင်ပြောင်း ပြည်သူ့စစ်အဖွဲ့မှ စစ်ဦးစီးမှူး ခွန်ဇော်ပျံ အစရှိ ပုဂ္ဂိုလ်များဦးဆောင်ပါ၀င်ခဲ့ကြောင်းသိရသည်။

အဆိုပါထောက်ခံပွဲအား ”ပြည်ထောင်စုတိုင်းရင်းသားအားလုံး ပြည်ထောင်စုမှ ထာဝရခွဲမထွက်ဘဲ တန်းတူညီမျှ ပေါင်းစပ်ညီညွတ်စွာဖြင့် ဒီမိုကရေစီနှင့် ဖယ်ဒရယ်စနစ်ကိုအခြေခံသော ပြည်ထောင် စု နိုင်ငံတော်တည်ဆောက်ရေးအပေါ် တပ်မတော်၏ ရပ် တည်ချက်များအားကြိုဆိုထောက်ခံပွဲ” ဟုအမည်တပ်ထားကြောင်းလည်းသိရသည်။

Photo by SHAN/တောင်ကြီးမြို့တွင် နို၀င်ဘာလ ၁၄ ရက် တန်ဆောင်တိုင်ပွဲတော်ဖွင့်ပွဲနေ့ တောင်ကြီးတွင်ကျင်းပသော တပ်မတော်ထောက်ခံပွဲ

ချီတက်လမ်းလျှောက်သည့်လူထုသည် – တိုင်းပြည်တည်ငြိမ် ကောင်းမွန်ရေးနှင့် အလုံးစုံ ငြိမ်းချမ်းရေးရရှိရေး တပ်မ တော်ကို အစဉ်အားပေး၊ ပြည်ထောင်စုဖွား တိုင်းရင်းသား ၁၃၅ မျိုးအကျိုးကို ကာကွယ်စောင့်ရှောက်နေသော တပ်မတော်အား အပြည့်အဝထောက်ခံသည်၊ တိုင်းပြည် တည်ငြိမ်အေးချမ်းဖို့ တပ်မတော်နှင့်အတူ ရပ်တည်စို့ – အစရှိဆိုင်းဘုတ်များကိုင်ဆောင် ကြွေးကြော်ခဲ့ကြသည်။

“ကျနော်တို့က တောင်ကြီးမြို့မြောက်ဘက် ပေါက်မွန်ရွာတွေ လာပါတယ်။ တအိမ်တယောက်လာပါတယ်။ တခြားရွာတွေလည်း တအိမ်တယောက်လာရပါတယ်။ ဘာကြောင့်လာတာလဲဆိုတော့ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ကိုထောက်ခံအားပေးဖို့ပေါ့။ ၀င်ကြေးလား ကိုယ့်စာရိတ်နဲ့ကိုယ်ဘဲ။ – ဟု ပေါက်မွန်ရွာသား ခွန်မောင် ကသျှမ်းသံတော်ဆင့်အားပြောသည်။

အဆိုပါလူစုသည် ကျောက်တိုင်ကွင်းတွင် ဟောပြောပွဲပြုလုပ်မည်ဖြစ်ရာ မိတ္ထီလာမြို့၊ ရွှေမန်းကျောင်းတိုက်မှ ဆရာ တော် အရှင်အဂ္ဂဓဇ၊ PNA အသွင်ပြောင်း ပြည်သူ့စစ်အဖွဲ့မှ ခွန်ဇော်ပျံ တို့မှအသီးသီးဟောပြောသွားမည်ဟုသိရပါသည်။

တပ်မတော်ထောက်ခံပွဲကို တောင်ကြီးမြို့တွင် ၂၀၁၅ ခုနှစ်က နှစ်စဉ်နီးပါးပြုလုပ်လာခဲ့သည်။ ယခုနှစ်တွင်လည်း ပြီးခဲ့သည့် နို၀င်ဘာ ၁၂ ရက်နေ့က နမ့်စန်မြို့တွင်လည်းကောင်း၊ ယနေ့နို၀င်ဘာ ၁၄ ရက် ကျိုင်းတုံမြို့တွင်လည်းကောင်းပြုလုပ်ခဲ့ကြောင်းသိရသည်။ အများစုမှာ မြို့ပြင် ကျေးလက်မှ ဒေသခံများဖြစ်ကြပြီး မလာမနေရစနစ်ဖြစ် တက်ရောက်ရကြောင်း ကျိုင်းတုံမြို့ ခုံကွိုင်းစွန်းကွင်းပြင်တွင်ပြုလုပ်သည့်ထောက်ခံပွဲသို့တက်ရောက်သည့်ဒေသခံများကပြောသည်။

တပ်မတော်ထောက်ခံပွဲအား တန်ဆောင်တိုင်ဖွင့်ပွဲရက်တွင်မကျင်းပသင့်ကြောင်း တောင်ကြီးမြို့နယ် NLD ပါတီနှင့်လူမှုအခြေပြုအဖွဲ့အစည်း ၁၉ ဖွဲ့က သျှမ်းပြည်နယ်ဝန်ကြီးချုပ်ထံ နို၀င်ဘာလ ၁၁ ရက်နေ့ကစာရေးသားတောင်းဆိုခဲ့သည်။

SHARE

LEAVE A REPLY

Please enter your comment!
Please enter your name here