တောင်ကြီးတန်ဆောင်တိုင်ပွဲတော်ဖွင့်ပွဲတွင်ပြုလုပ်မည့် တပ်မတော်ထောက်ခံပွဲကို တောင်ကြီးလူထု ကန့်ကွက်

0

သျှမ်းပြည်နယ် တောင်ပိုင်း တောင်ကြီးမြို့ တန်ဆောင်တိုင်ပွဲတော် ဖွင့်ပွဲရက်တွင် ပြုလုပ်မည့် “ တပ်မတော် ထောက်ခံပွဲ” ကို ကန့်ကွက်သည့် စာကို သျှမ်းပြည်နယ် အစိုးရထံ နိုဝင်ဘာ ၁၁ ရက်စွဲဖြင့် ပေးပို့ခဲ့ကြောင်း သတင်းရရှိသည်။

“ တပ်မတော် ထောက်ခံပွဲ” ကို ပါဝင်ကန့်ကွက်သည့် အဖွဲ့အစည်းများမှာ သျှမ်းပြည်နယ် ငြိမ်းချမ်းရေး အလုပ်အဖွဲ့ (Shan State Peace Task Force)၊ သျှမ်းပြည်နယ် တောင်ပိုင်း အရပ်ဘက် အဖွဲ့အစည်းများ ငြိမ်းချမ်းရေး ဖိုရမ်ကော်မတီ၊ တောင်ပေါ်လူထုရပ်ဝန်း (Public Center)၊ Legal Aid for Human Rights ၊ သျှမ်းပြည် နိုင်ငံရေး အဖွဲ့ ( ၈၈၈၈ မျိုးဆက်နှင့် နိုင်၊ကျဉ်းဟောင်းများ)၊ သျှမ်းပြည် မျိုးဆက် အင်းအားစု (၈၈) တို့ဖြစ်ကြသည်။

ယခုလ ၁၄ ရက် တွင်ကျင်းပမည့် တန်ဆောင်တိုင်ပွဲတော် နေ့တွင် “ တပ်မတော် ထောက်ခံပွဲ” မပြုလုပ်ရန် သျှမ်းပြည်နယ် နိုင်ငံရေး အဖွဲ့များ က လက်မှတ်ရေးထိုးပြီး သျှမ်းပြည်နယ် အစိုးရ ၊ သျှမ်းပြည်နယ် ဝန်ကြီးချုပ် ဒေါက်တာလင်းထွဋ် ထံပေးပို့ခဲ့ကြောင်း သျှမ်းပြည် နိုင်ငံရေး အဖွဲ့ မှ ဦးတင်မောင်တိုး က သျှမ်းသံတော်ဆင့် သို့ပြောသည်။

“ တပ်မတော် ထောက်ခံ ပွဲ က တန်ဆောင်တိုင်ပွဲတော် ဖွင့်ပွဲရက် ဖြစ်နေလို့ ကန့်ကွက်တာပါ။ ပွဲတော်ကို ခုတုန်းလုပ် အသုံးချတာ လက်မခံတာပါ ” ဟု ဦးတင်မောင်တိုး က ဆိုသည်။

သျှမ်းပြည်နယ် ၏ အထင်ကရ တောင်ကြီးတန်ဆောင်တိုင် ပွဲတော်ကြီးအတွင်း အများပြည်သူ အနှောင့်အယှက် ဖြစ်စေမည့် လူစုလူဝေးခြင်း၊ မလိုလားအပ်သော လုံခြုံရေးထိခိုက်မှုများမဖြစ်ပွားစေရန် မည်သည့် ချီတက်လှုံ့ဆော်မှု ကိုမဆို ခွင့်မပြုသင့်ကြောင်းနှင့် “ တပ်မတော် ထောက်ခံပွဲ” ကို ဒေသခံပြည်သူများနှင့် နိုင်ငံရေးအဖွဲ့များ က ကန့်ကွက်ကြောင်းလည်း သျှမ်းပြည်နယ်အစိုးရ အဖွဲ့ထံ ပေးပို့သည့် စာတွင် ဖော်ပြထားသည်။

ပွဲတော် စတင်ကျင်းပမည့် ယခု လ ၁၄ရက် ဖွင့်ပွဲရက်တွင် “ အမျိုးသားလုံခြံုရေး လူမှုကွန်ယက်ဗဟို” အမည်ရှိ အဖွဲ့ မှ ဦးဆောင် ကျင်းပမည့် “ တပ်မတော် ထောက်ခံပွဲ ” ကို နေ့လည် ၁၂ မှ ညနေ ၄ နာရီ ထိ ဗိုလ်ချုပ်အောင်ဆန်းလမ်းမကြီး တလျှောက်တွင် ချီတက်ပြီး ပြည်နယ် အားကစားကွင်းတွင် ဟောပြော ကျင်းပမည်ဟု သိရသည်။

နှစ်စဉ်ကျင်းပသည့် တောင်ကြီး တန်ဆောင်တိုင်ပွဲတော် သည် မြန်မာပြည်အနှံ့ ပြည်သူများနှင့် နိုင်ငံတကာ မှ ခရီးသွားဧည့်သည်များ၊ ဒေသခံတိုင်းရင်းသား များ ပါ စည်းကားသိုက်မြိုက်စွာ ကြသည့်အတွက် ပွဲတော်လုံခြံုရေး အတွက် တာဝန်ရှိပြည်သူများ အထူးလေးစားဆောင်ရွက်ရန် လည်း သျှမ်းပြည်နယ် အစိုးရ အဖွဲ့ ထံ ပို့သည့် စာတွင် ရေသားထားသည်။

Photo credit to Namsam youth/ နမ့်စန်မြို့တွင်နို၀င်ဘာလ ၁၁ ရက်ကပြုလုပ်သော တပ်မတော်ထောက်ခံပွဲ

တပ်မတော်ထောက်ခံပွဲများကို ၂၀၁၅ ခုနှစ်ကတည်းက နှစ်စဉ်ကဲ့သို့ကျင်းပလာခဲ့သည်။ နို၀င်ဘာ ၁၂ ရက် ယနေ့တွင်လည်း သျှမ်းပြည်တောင်ပိုင်း နမ့်စန်မြို့နယ်တွင် တပ်မတော်ထောက်ခံပွဲပြုလုပ်ခဲ့ကြောင်းသိရသည်။

 

 

SHARE

LEAVE A REPLY

Please enter your comment!
Please enter your name here