Tuesday, April 23, 2024

ချိန်ကိုက်ဗုံးပေါက်ကွဲမှုကြောင့် သီပေါမြို့နယ် ဒေသခံများထိတ်လန့်မှုဖြစ်

Must read

သျှမ်းပြည်နယ် မြောက်ပိုင်း သီပေါမြို့နယ် အတွင်း ချိန်ကိုက်ဗုံးပေါက်ကွဲသဖြင့် ဒေသခံများ ထိတ်လန့်မှု ဖြစ်ပွားခဲ့ကြောင်း သတင်းရရှိသည်။

အဆိုပါ ချိန်ကိုက်ဗုံးသည် သီပေါမြို့နယ် နားမွန်းကျေးရွာ နှင့် နားကျိုင်း ကျေးရွာ ကြားတွင် ယမန်နေ့ အောက်တိုဘာ ၉ ရက် နေ့လည် ၃ နာရီကျော်အချိန်က ပေါက်ကွဲခဲ့ ခြင်းဖြစ်ပြီး ဒေသခံ ၂၀ ကျော်မှာ သီပေါမြို့ ပေါ်ရှိ အောင်မင်္ဂလာဘိုးတော်ကျောင်းသို့ ထွက်ပြေးခိုလှုံခဲ့ကြကြောင်း နားမွန်းကျေးရွာ က ဒေသခံ လုံးဆမ် က ပြောသည်။

Photo by – Sai Lao Hsau/ ချိန်ကိုက်ဗုံးပေါက်ကွဲမှုကြောင့်ထိတ်လန့်ကာ သီပေါအောင်မင်္ဂလာဘိုးတော်ကျောင်းတိုက်သို့ရောက်ရှိလာသည့် စစ်ဘေးရှောင်တချို့

“ ဗုံးပေါက်သံကြားတော့ ကြောက်ပြီး ထွက်ပြေးလာတာ။ တိုက်ပွဲတော့ မဟုတ်ဘူး။ ဘယ်အဖွဲ့ဗုံးလည်းမသိဘူး” ဟု လုံးဆမ် က ဆိုသည်။

သီပေါမြို့နယ် အတွင်းတိုက်ပွဲများ မကြာခဏဖြစ်ပွားမှုကြောင့် ဒေသခံများ ထိတ်လန့်မှုနှင့်နေထိုင်နေကြကြောင်း၊ တောင်ယာများကို ကောင်းမွန်စွာ မလုပ်ကိုင်နိုင်ကြောင်း၊ ဒေသအေးချမ်းမှု လိုလားကြောင်း လည်း လုံးဆမ် က ပြောသည်။

“ မနေ့က သူတို့ ၃ နာရီကျော်လောက်ထွက်ပြေးလာတယ်။ ညနေ ၅ နာရီ ကျော်လောက် သူတို့ ရွာက သူကြီး ပြန်လာခေါ်တယ်။ ပြန်သွားကြတယ်။ အသံ ကြားရင်ထွက်ပြေးလာလိုက်။ အသံတိတ်ရင်ပြန်သွားလိုက်ပါပဲ” ဟု သီပေါမြို့ မှ ဒေသခံ စိုင်းလုံ က ပြောသည်။

သေနတ်သံ ၊ ဗုံးသံကြားပါက ဒေသခံလူထုထိတ်လှန့်ကာ ထွက်ပြေးကြကြောင်း၊ တိုက်ပွဲဖြစ်ပွားပါက ပြည်သူများသာ အဓိက ခံစားနေရကြောင်း၊ သီပေါမြို့နယ် အတွင်း မကြာခဏ တိုက်ပွဲ ဖြစ်ပွားမှု ကြောင်း ပြည်သူများ ကောင်းမွန်စွာ စီးပွား မရှာစားနိုင်ကြောင်းလည်း စိုင်းလုံ က ပြောသည်။

တိုက်ပွဲများ အမြန်ရပ်ဆိုင်းကာ တောင်ယာ ကောင်းမွန် ပြန်လုပ်ကိုင် ချင်ကြပြီ ဟုလည်း သီပေါမြို့ နယ် ဒေသခံများက ဆိုသည်။

သီပေါမြို့နယ် တွင် တိုင်းရင်းသားလက်နက်ကိုင် များ၊ မြန်မာ့တပ်မတော်ကြားခဏ တိုက်ပွဲဖြစ်ပွားသည်နေရာဖြစ်သည်။

Leave a Comments

- Advertisement -spot_img

Latest article