မွန်တွေအတွက် အစားထိုးမရတဲ့ ဆုံးရှုံးမှု

0

(ဆောင်းပါးရှင် –  စိုင်းထွန်းအောင်လွင်)

ခေတ်သစ်မွန်အမျိုးသားခေါင်းဆောင်လို့ ဆိုနိုင်သူ နိုင်ငွေသိမ်းဟာ အောက်တိုဘာလ ၂ ရက်နေ့ ညနေပိုင်းက ကွယ်လွန်သွားခဲ့ပါပြီ။ ကွယ်လွန်ချိန်မှာ အသက် ၉၆ နှစ်အရွယ်ရှိပြီဖြစ်တဲ့ သူဟာ ခေတ်အဆက်ဆက် မွန်အမျိုးသားရေး လှုပ်ရှားမှုတွေမှာ ကျရာအခန်းကဏ္ဍကနေ ပါ၀င်ခဲ့သူဖြစ်တဲ့အပြင် လွတ်လပ်ရေးတိုက်ပွဲ ကာလတွေကတည်းက နိုင်ငံရေးလောကမှာ ပါ၀င်ခဲ့သူဖြစ်ပါတယ်။

‘ သူဟာ နေညိုချိန်ကိုတောင် လွန်တဲ့အထိ တာဝန်ယူမှုရှိခဲ့တဲ့ သူတယောက် ကျွန်တော်လေးစားရတဲ့ ခေါင်းဆောင်နည်းနည်းလေးထဲမှာ ထိပ်တန်းက ရှိနေခဲ့သူ ‘ လို့ မွန်အမျိုးသားရေး တက်ကြွလူငယ်တဦးဖြစ်တဲ့ ကိုမင်းလတ်က ယူကျံုးမရနဲ့ ပြောဆိုပါတယ်။

Photo by Monnews / မွန်အမျိုးသားခေါင်းဆောင် နိုင်ငွေသိမ်း အသက် ၉၆ နှစ်

ငယ်စဉ်က ၄ တန်းအရွယ် ကျောင်းသားဘဝမှာ ပအိုဝ်းအမျိုးသားခေါင်းဆောင်နဲ့ ကေအန်ယူ ခေါင်းဆောင်ဖြစ်လာမဲ့ နိုင်ငံရေးသမား သထုံ ဦးလှဖေရဲ့  ဘားအံမြို့နယ် ၀ဲကြီးကျေးရွာက မဲဆွယ်စည်းရုံးမှုကို ကြည့်ရင်း နိုင်ငံရေးသမား စိတ်ဓာတ်တွေ ကိန်းအောင်းခဲ့သူ  နိုင်ငွေသိမ်းဟာ ၁၉၂၃ ခုနစ် မတ်လ ၁၉ ရက်နေ့က ကရင်ပြည်နယ် ထုံးအိုင်ကျေးရွာမှာ မွေးဖွားခဲ့သူပါတယ်။ အဖနိုင်သာအောင်ဒွန်နဲ့ အမိမိငွေသုန်တို့ကနေ မွေးဖွားခဲ့တဲ့ သူဟာ ၁၉၃၈ ခုနစ် အသက် ၁၅ နှစ်အရွယ် အထက်တန်းကျောင်းသား ဘဝမှာ ၁၃၀၀ ပြည့်အရေးတော်ပုံရဲ့ အစိတ်အပိုင်းဖြစ်တဲ့ ကျောင်းသားသပိတ်မှာ စတင်ပါ၀င်ခဲ့ပါတယ်။

တက္ကသိုလ်ကျောင်းသား ဘဝ အရောက်မှာတော့ နယ်ချဲ့ဆန့်ကျင်ရေးလှုပ်ရှားမှုတွေမှာ ပါ၀င်ခဲ့သလို အသက် ၂၀ အရွယ်မှာ ဗမာ့လွတ်လပ်ရေးတပ်မတော် ဘီအိုင်အေ ကို ၀င်ရောက်ခဲ့ပြီး ကျိုက်လတ်မြို့နယ်မှာ လုံခြံုရေးတာဝန်ယူခဲ့ပါတယ်။ ဂျပန်တော်လှန်ရေးကာလမှာတော့  ရန်ကုန်ခရိုင်အတွင်း ပျောက်ကျားတပ်ဖွဲ့မှာ ပါ၀င်ခဲ့သူပါ။ ၁၉၄၅ ခုနစ်မှာတော့ ရာမညတိုင်းလုံးဆိုင်ရာ မွန်အဖွဲ့ချုပ် ( ဖဆပလ တပ်ပေါင်းစု အဖွဲ့ဝင် ) အမှုဆောင်အဖြစ် ပါ၀င်ခဲ့ပြီး ဗိုလ်ချုပ်အောင်ဆန်း နဲ့ မွန်တွေအကြား   ဆွေးနွေးမှုတွေမှာ ပါ၀င်ခဲ့ပါတယ်။

မွန်လူမျိုးရေးရာ အဖွဲ့ချုပ် ကိုယ်စားလှယ်အနေနဲ့လည်း ကေအန်ယူ ကရင်အမျိုးသားအစည်းအရုံးရဲ့ ညီလာခံကို တက်ရောက်ခဲ့သလို ၁၉၄၈ ခုနစ် နိုင်ပန်းသာ ဦးဆောင်တဲ့ မွန်လူငယ်တွေက ဇာသပြင်ရဲစခန်းကို ၀င်ရောက်သိမ်းပိုက်ပြီး လက်နက်တွေ သိမ်းပိုက်မှုဖြစ်တော့ အဲဒီဖြစ်ရပ်မှာ နိုင်ငွေသိမ်းက နောက်ကွယ်က ကြိုးကိုင်သူဆိုပြီး ဖဆပလ ဦးနုအစိုးရရဲ့ ဖမ်းဆီးမှုကို ခံခဲ့ရကာ မော်လမြိုင်အကျဉ်းထောင်မှာ ထိန်းသိမ်းထားခဲ့ပါတယ်။

၁၉၄၈ ခုနစ် ဇူလိုင်လ ၃၀ ရက်နေ့မှာတော့ မွန်တပ်တွေနဲ့ မဟာမိတ်ဖြစ်တဲ့ ကေအန်ယူ ကရင်အမျိုးသားအစည်းအရုံးတပ်တွေဟာ မော်လမြိုင်ကို  သိမ်းပိုက်နိုင်ခဲ့ပြီး နိုင်ငွေသိမ်းကို လွှတ်ပေးခဲ့ပါတယ်။ အဲဒီနောက်မှာတော့ မွန်-ကရင်ပူးပေါင်းပြီး မော်လမြိုင်ကို အုပ်ချုပ်တဲ့ အုပ်ချုပ်မှုမှာ ပါ၀င်ခဲ့ပါတယ်။ မော်လမြိုင်ကို သိမ်းပိုက်ပြီး ၄ ရက်အကြာမှာတော့ ကရင်ခေါင်းဆောင် စောဘဦးကြီးဟာ မော်လမြိုင်ကို ရောက်လာပြီး အချက် ၃ ချက်ပါ မွန်-ကရင်စာချုပ်ကို ချုပ်ဆိုခဲ့ပါတယ်။

မွန်တွေက အလျဉ်းသင့်လို့ ကရင်တွေရဲ့ ဦးဆောင်မှုနဲ့ အတူ ဖဆပလ အစိုးရကို တော်လှန်ခဲ့ရပေမယ့် အဲဒီအချိန်အထိ မွန်တပ်တွေဟာ နာမည်တောင် မမှည့်ရသေးပါဘူး။ ၁၉၄၉ ခုနစ်မှာတော့ သံဖြူဇရပ်မြို့နယ်အတွင်း မွန်တပ်တွေနဲ့အတူ နိုင်ငွေသိမ်းအခြေချနေစဉ် ဖဆပလ အစိုးရက ကိုယ်စားလှယ်စေလွတ်ပြီး ဆွေးနွေးခဲ့ပေမယ့် လက်နက်ကိုင်လမ်းစဉ်စွန့်လွှတ်ရန် ဆိုတဲ့ ကိစ္စ ပါလာတဲ့အတွက် မအောင်မြင်ခဲ့ပါဘူး။

နိုင်ငွေသိမ်းတို့ဘက်က မွန်ပြည်နယ် ဖော်ထုတ်ပေးရေးတင်ပြချက်ကို ဖဆပလက လက်မခံတဲ့အတွက် ဆွေးနွေးပွဲပျက်လို့ လက်နက်ကိုင်တိုက်ပွဲ ဆက်ဆင်နွှဲဖို့ ထိုင်းနိုင်ငံရောက်မွန်တွေကို နိုင်ငွေသိမ်းဟာ သွားရောက်စည်းရုံးခဲ့ပါတယ်။ ၁၉၅၀ ကေအန်ယူရဲ့ ဖာပွန်ညီလာခံကို စောဘဦးကြီးနဲ့အတူ တက်ရောက်ခဲ့ပြီး ၁၉၅၂ ခုနစ်မှာ ဖွဲ့စည်းတဲ့ မွန်အမျိုးသး ညီညွတ်ရေးတပ်ပေါင်းစုမှာတော့ ဥက္ကဌ တာဝန်ယူခဲ့ပါတယ်။ မွန်ပြည်သူ့တပ်ဦးMNDO ဖွဲ့စည်းတဲ့ ၁၉၅၄ မှာတော့ ဗဟိုအလုပ်အမှုဆောင်အဖြစ် တာဝန်ယူခဲ့ပါတယ်။

ဦးနိုင်ငွေသိမ်းဟာ လွန်ခဲ့တဲ့ နှစ် ၆၀ က မွန်ကာကွယ်ရေး တပ်ဦးနဲ့ ဦးနုရဲ့ ဖဆပလတို့အကြား ငြိမ်းချမ်းရေး ဆွေးနွေးမှုတွေမှာ မွန်ကာကွယ်ရေးတပ်ဦး (မွန်ပြည်သူ့တပ်ဦး MNDO ) ကို ဦးဆောင်ခဲ့သူလည်း ဖြစ်ပါတယ်။ အဲဒီတုန်းကတော့ မွန်ပြည်နယ် ရရှိရေးအတွက် ဦးဆောင်သူအဖြစ် သူပါဝင်နေတဲ့ မွန်ကာကွယ်ရေးပြည်သူ့တပ်ဦးနဲ့ ဖဆပလ ဦးနုအစိုးရတို့အကြား မွန်ပြည်နယ်သတ်မှတ်ပေးရေးနဲ့ လက်နက်ဖြုတ်သိမ်း ငြိမ်းချမ်းရေး ရယူတဲ့ ဆွေးနွေးပွဲတွေမှာ သူက မွန်ဘက်ကနေ ဦးဆောင်ခဲ့သူပါ။

ဦးနုက မွန်နဲ့ ရခိုင် ပြည်နယ် သတ်မှတ်ပေးတဲ့အတွက် ကျွန်တော်တို့လည်း လက်နက်နဲ့ ငြိမ်းချမ်းရေး လဲလှယ်ခဲ့ရတယ် လို့ သူက လွန်ခဲ့တဲ့ ရ လက စာရေးသူနဲ့ ရန်ကင်းက သူ့တိုက်ခန်းမှာတွေ့တုန်း အတိတ်ကို ပြန်ပြောပြပါတယ်။

မွန်ပြည်နယ်ရခဲ့တဲ့အတွက် တော်လှန်ရေးရည်မှန်းချက် အောင်မြင်သလား တိုင်းရင်းသားအခွင့်အရေးကော ရခဲ့သလားဆိုတဲ့ မေးခွန်းကိုတော့သူက ” မရခဲ့ဘူး ၊ မရခဲ့လို့ မွန်ပြည်သစ်ပေါ်လာသလို ၊ ကျွန်တော်လည်း မွန်အမျိုးသားရေးအတွက် ခေတ်အဆက်ဆက် ဆက်ပြီး လှုပ်ရှားခဲ့ရတာပေါ့ ‘ လို့ အသက် ၉၆ နှစ်အရွယ်ရှိပြီဖြစ်တဲ့ နိုင်ငွေသိမ်းက ပြောပါတယ်။

သူ ဦးနုနဲ့သွားဆွေးနွေးနေတုန်းမှာ မွန်တပ်ဦးရဲ့ အခြား ခေါင်းဆောင်တဦးဖြစ်တဲ့ နိုင်ရွှေကျင်ဟာ ပဲခူးရိုးမက ဗကပ စခန်းကိုရောက်နေခဲ့ပြီး ပြန်ထွက်လာလို့ မရခဲ့ပါဘူး။ အဲဒီတုန်းက မွန်တပ်ဦးရဲ့ ဥက္ကဌဖြစ်သူက နိုင်အောင်ထွန်း ဖြစ်ပါတယ်။ အဲဒီတုန်းက မွန်ပြည်သူ့တပ်ဦးရဲ့ ဖဆပလနဲ့သွားဆွေးနွေးမှုမှာ နိုင်ရွှေကျင်သဘောထားလည်း မပါခဲ့ပါ။

မွန်တပ်ဦး ငြိမ်းချမ်းရေးရယူလိုက်ချိန်မှာတော့ နိုင်ရွှေကျင်ဟာ မွန်ဒေသဘက်ကို ပြန်ရောက်လာခဲ့ပြီး ပြည်နယ်ရပေမဲ့ တန်းတူအခွင့်အရေးမရတဲ့ အခြေအနေကို သိမြင်ပြီး ရှိတဲ့ လူအနည်းငယ်နဲ့ မွန်လက်နက်ကိုင် လှုပ်ရှားမှုကို ဆက်လုပ်ခဲ့ကာ မွန်ပြည်သစ်ပါတီကို ထူထောင်ခဲ့တာ ဖြစ်ပါတယ်။

နိုင်ငွေသိမ်းကတော့ လက်နက်နဲ့ ငြိမ်းချမ်းရေး လဲလှယ်တယ်ဆိုပေမဲ့လည်း တိုင်းရင်းသားအခွင့်အရေးက ခက်ခဲနေဆဲဆိုတာကို သိတဲ့အတွက် မြေပေါ်နိုင်ငံရေး လှုပ်ရှားမှုတွေ ဆက်လုပ်ခဲ့ပါတယ်။ ၁၉၆၁ ခုနစ် တောင်ကြီးမှာ ကျင်းပတဲ့ ဖက်ဒရယ်ဖွဲ့စည်းပုံ အခြေခံ ဥပဒေရေးဆွဲရေးဆိုင်ရာ ပြည်နယ်များ ညီညွတ်ရေးအဖွဲ့ညီလာခံမှာ မွန်ကိုယ်စားလှယ် အဖြစ် တက်ရောက်ခဲ့ပါတယ်။ ဦးနေဝင်း အာဏာမသိမ်းခင် ၁၉၆၂ ခုနစ် ဖေဖော်ဝါရီ ၂၄ ရက်နေ့ မြန်မာ့အသံမှာ ပြုလုပ်တဲ့ ဖွဲ့စည်းပုံရေးဆွဲရေးဆိုင်ရာ ညီလာခံကို တက်ရောက်ခဲ့ပြီး မတ်လ ၂ ရက်နေ့ အာဏာသိမ်းတော့ အဖမ်းမခံရဘဲ ထွက်ပြေးလွတ်မြောက်ခဲ့ပါတယ်။

၁၉၆၃ ပြည်တွင်းငြိမ်းချမ်းရေး တွေ့ဆုံဆွေးနွေးရေးအတွက် ကော်မတီဖွဲ့တော့ တနင်္သာရီတိုင်းအတွက် နိုင်ငွေသိမ်းက တာဝန်ယူခဲ့သလို အဲဒီနောက်မှာတော့ ဖမ်းဆီးခံခဲ့ရပါတယ်။ ဒါ့အပြင် နိုင်ထွန်းသိန်း၊ နိုင်အောင်ထွန်းတို့လို မွန်ကာကွယ်ရေးတပ်ဦးရဲ့ အခြားခေါင်းဆောင်တော်တော်များများလည်း အဖမ်းခံခဲ့ရတာပါ။

၁၉၆၅ ခုနစ်အကျဉ်းထောင်က လွတ်လာတော့ ဦးနေဝင်း အစိုးရရဲ့ အမိန့် အရ ရန်ကုန်အပြင်မထွက်ရ ၂ နှစ် ခြေချုပ်နဲ့ နေခဲ့ရပါတယ်။ ၁၉၈၁ မှ၈၇ ခုနစ်ကြားကာလမှာတော့ မွန်တိုင်းရင်းသားစာပေနဲ့ ယဉ်ကျေးမှု ခေါင်းစဉ်တွေနဲ့ အမျိုးသားရေးလှုပ်ရှားမှုမှာ ပြန်လည်ပါ၀င်လာခဲ့ပါတယ်။

၈ လေးလုံးအရေးတော်ပုံကာလမှာတော့ တိုင်းရင်းသားပြည်သူတွေနဲ့အတူ ပါ၀င်ခဲ့သလို ၉၀ ပြည့်နှစ် ရွေးကောက်ပွဲအတွက် ၁၉၈၉ ခုနှစ်မှာ ဖွဲ့စည်းတဲ့ မွန်အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်မှာ ဒုတိယ ဥက္ကဌ အဖြစ် တာဝန်ယူခဲ့ပါတယ်။ တိုင်းရင်းသားပါတီတွေနဲ့ ဖွဲ့စည်းထားတဲ့ UNLD မဟာမိတ်အဖွဲ့မှာ အမြဲ တမ်း သဘာပတိအဖွဲ့အနေနဲ့ တာဝန်ယူခဲ့သလို ၉၀ ရွေးကောက်ပွဲမတိုင်ခင်ကာလမှာ တိုင်းရင်းသား ဒေသအသီးအသီးကို သွားရောက်ဟောပြောခဲ့ပါတယ်။ မြန်မာ့အသံနဲ့ ရုပ်မြင်သံကြားက ထုတ်လွှင့်တဲ့ မဲဆွယ်စည်းရုံးရေးဟောပြောချက်မှာ UNLD ကိုယ်စားလှယ်အနေနဲ့ ပြောဆိုစည်းရုံးခဲ့ပါတယ်။

၉၀ ရွေးကောက်ပွဲမှာ သူတို့ မွန်ပါတီဟာ မွန်ပြည်နယ်က နေရာတော်တော်များများမှာ နိုင်ခဲ့ပါတယ်။ ရွေးကောက်ပွဲအပြီး လွှတ်တော်ခေါ်ယူရေးအတွက် UNLD နဲ့ NLD တို့ပူးပေါင်းထုတ်ပြန်တဲ့  လွှတ်တော် ခေါ်ယူရေးအတွက် နဝတ စစ်အစိုးရကို တိုက်တွန်းတဲ့ ဂန္ဓီခန်းမှ ကြေညာချက်မှာ အဓိက ပါ၀င်လှုပ်ရှားခဲ့ပါတယ်။ အဲဒီလှုပ်ရှားမှုကြောင့်ပဲ  ၁၉၉၁ ခုနစ်မှာတော့ နဝတ စစ်အစိုးရက သူ့ကို ထောင်ဒဏ် ၂၁ နှစ်ချမှတ်ခဲ့ပါတယ်။ လက်နက်ကိုင် လမ်းစဉ်ကို သူစွန့်ခွာခဲ့ပေမဲ့ သူ့နိုင်ငံရေး လှုပ်ရှားမှုတွေကို လက်နက်ကိုင် လမ်းစဉ် ဆက်လက်လုပ်ကိုင်နေတဲ့ မွန်ပြည်သစ်ပါတီက အသိအမှတ်ပြုခဲ့ပါတယ်။

ဒါ့ကြောင့်ပဲ နဝတ စစ်အစိုးရနဲ့ မွန်ပြည်သစ်အကြား ငြိမ်းချမ်းရေး ဆွေးနွေးမှုတွေမှာ သူ့ကို လွတ်ပေးဖို့ မွန်ပြည်သစ်က တောင်းဆိုခဲ့ပြီး ထောင်ကနေ လွတ်လာခဲ့ပါတယ်။ ဒါပေမဲ့လည်း လွတ်တော်ခေါ်ယူရေးကိုယ်စားပြု ကော်မတီလို အဖွဲ့မှာ ပါဝင်ခဲ့သလို ၁၉၉၈ ခုနစ်မှာ မွန်ပြည်သစ်ကို ပေးပို့တဲ့ သူ့ရဲ့ အကြံပြုစာမှာ မွန်ပြည်သစ်တို့လို စစ်အုပ်စုနဲ့ အပစ်ရပ်စဲပြီး အဖြေမထွက်တဲ့ အမျိုးသား ညီလာခံကို တက်တဲ့ အဖွဲ့တွေကြောင့် စစ်အာဏာရှင် စနစ် သက်ဆိုးရှည်နေရတယ် ဆိုတဲ့ အချက် ပါဝင်ခဲ့ပါတယ်။အဲဒီစာကြောင့်ပဲ ဦးနိုင်ငွေသိမ်းဟာ ထောင်ဒဏ် ရ နှစ် ချမှတ်ခံရပြန်ပါတယ်။

အမျိုးသားညီလာခံတက်ခဲ့တဲ့ မွန်ပြည်သစ်ကတော့ ညီလာခံမှာ နိုင်ငံရေး အဖြေမထွက်မှုတွေနဲ့ ကြုံခဲ့ရသလို နယ်ခြားစောင့်ရေးတပ်ဖွဲ့ရေးအတွက် ဖိအားပေးမှုတွေနဲ့လည်း ရင်ဆိုင်ခဲ့ရတာပါ။

၂၀၀၅ ခုနစ်ဇွန်လ ၄ ရက်နေ့မှာတော့ ထောင်က ပြန်လွတ်လာခဲ့ပြီး ၂၃ ဦး ၀ါရင့်နိုင်ငံရေးသမားများ အဖွဲ့မှာ ပါ၀င်ခဲ့ပါတယ်။ SNLD ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီ အဖွဲ့ချုပ် ရခိုင် ဒီမိုကရေစီအဖွဲ့ချုပ် ဇိုမီး စတဲ့ ၉၀ ရွေးကောက်ပွဲအနိုင်ရ တိုင်းရင်းသားပါတီတွေ ဦးဆောင်ဖွဲ့စည်းတဲ့ ညီညွတ်သော တိုင်းရင်းသားလူမျိုးများ မဟာမိတ်အဖွဲ့  UNA ဖွဲ့တော့လည်း သဘာပတိအဖြစ် ဆောင်ရွက်ခဲ့သူပါ။

စစ်အစိုးရလက်ထက် ၂၀၀၈ ခုနစ် စက်တင်ဘာလ ၈ ရက်နေ့က UNA ကနေ ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးချုပ် ဘန်ကီမွန်းဆီပေးပို့တဲ့ မြန်မာ့ဒီမိုကရေစီအရေးနဲဲ့ တိုင်းရင်းသားအရေး ပေးပို့စာကို ဇိုမီးခေါင်းဆောင် ပူးရလ်ကျင်ရှင့်ထန်နဲ့အတူ နိုင်ငွေသိမ်းက ပူးတွဲရေးသားခဲ့တာပါ။

၂၁ ရာစုမှာ နိုင်ငံရေးအဖြေရှာဖို့အတွက် ပင်လုံညီလာခံကို ညီလာခံတရပ်ကို ဗိုလ်ချုပ်အောင်ဆန်းရဲ့ သမီးဖြစ်သူက ဦးဆောင်ဖို့ တိုက်တွန်းခဲ့သူထဲမှာ ထင်ရှားသူတွေကတော့ ဇိုမီးခေါင်းဆောင် ပူးလ်ကျင်ရှင့်ထန်နဲ့ နိုင်ငွေသိမ်းတို့ဖြစ်ပါတယ်။

အခုတော့ ၂၁ ပင်လုံဆိုတဲ့ ခေါင်းစဉ်နဲ့ သမ္မတ ဦးသိန်းစိန် လက်ထက်ကလုပ်ခဲ့တဲ့ ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံကို ဒေါ်အောင်ဆန်းစုကြည်က ဦးဆောင်ပြီး ဆက်လက်ကျင်းပနေခဲ့တာ ဖြစ်ပါတယ်။

၂၁ ရာစု ပင်လုံညီလာခံကို ဒေါ်အောင်ဆန်းစုကြည်က ဦးဆောင်ဖို့ ကျွန်တော် တိုက်တွန်းခဲ့တာမှန်ပေမဲ့ ဒီလို အဖြေမထွက် တန်းတူရည်တူမရှိတဲ့ ညီလာခံမျိုးကို ဆိုလိုတာ မဟုတ်ပါဘူး လို့ သူက လက်ကျင်းပနေတဲ့ ၂၁ ပင်လုံ ပြည်ထောင်စု ငြိမ်းချမ်းရေး ညီလာခံ အစည်းအဝေးတွေကိုလည်း ဝေဖန်ပြောဆိုထားသူပါ။

၂၀၁၈ ခုနစ်နှစ်ဦးပိုင်းက မွန်ပြည်သစ်ပါတီ အနေနဲ့ နိုင်ငံလုံးဆိုင်ရာ အပစ်ရပ်စဲရေးစာချုပ်ကို အန်စီအေ လက်မှတ်ထိုးမယ်ဆိုတော့လည်း သူက သတိပေးခဲ့သူဖြစ်ပါတယ်။

‘နိုင်ထောမွန်ဦးဆောင်တဲ့ မွန်ပြည်သစ်က ဒီအချိန်မှာ အန်စီအေ စာချုပ်ကို လက်မှတ်ထိုးတာဟာ မကောင်းဘူးလို့ ဝါရင့်မွန်နိုင်ငံရေးသမားဖြစ်ပြီး မွန်ပြည်နယ်ရရှိရေးအတွက် ဖဆပလ အစိုးရကို အာခံ တိုက်ခိုက်ခဲ့တဲ့ နိုင်ငွေသိမ်းကစာရေးသူနဲ့ တွေ့ဆုံမေးမြန်းစဉ်ပြောသလို  ဒီအချိန်မှာ လက်မှတ် ထိုး တာဟာ လက်နက်ချခြင်းပဲ ‘ လို့ သူက လွန်ခဲ့တဲ့ ရ လက ပြောဆိုခဲ့ပါတယ်။

ဒါပေမယ့် မွန်ပြည်သစ်ကတော့ သူ့စကား နားမထောင်ခဲ့ပါ။ တိုက်ဆိုင်စွာနဲ့ပဲ ဒီ ၂၀၁၈ ခုနှစ်ဟာ နိုင်ငွေသိမ်းဦးဆောင်တဲ့  မွန်ကာကွယ်ရေးတပ်ဦး MNDO နဲ့ ဦးနုဖဆပလ တို့အကြား လက်နက်နဲ့ ငြိမ်းချမ်းရေး လဲလှယ်ခဲ့တာ နှစ် ၆၀ ပြည့်ခဲ့တဲ့နှစ်လည်းဖြစ်ပါတယ်။ မွန်တပ်ဦးရဲ့ နောက်ဆက်တွဲ မွန်ပြည်သစ်ကလည်း အန်စီအေ စာချုပ်ကို ဒီနှစ်အတွင်းမှာပဲ လက်မှတ်ထိုးခဲ့တာပါ။

မွန်ပြည်သစ်အနေနဲ့ ဒီလိုလက်မှတ်ရေးထိုးခဲ့မှု အပေါ် အတိတ်သင်ခန်းစာတွေကို အခြေခံပြီး ထပ်မံအလိမ်မခံရအောင် သတိထားသင့်တယ် လို့ နိုင်ငွေသိမ်းက သတိပေးထားခဲ့တာပါ။

အခုတော့ အန်စီအေ အပစ်ရပ် မွန်ပြည်သစ်လည်း နိုင်ငံရေးအရ ရှေ့မရောက် ရံဖန်ရံခါ စစ်ရေးအရ ဖိအားပေးခံရ ဆိုတဲ့ အခြေအနေမျိုးနဲ့  ရင်ဆိုင်နေရပါပြီ။

၂၀၁၀ ခုနစ်နောက်ပိုင်း နိုင်ငွေသိမ်းရဲ့  နိုင်ငံရေးလှုပ်ရှားမှုအချို့ကိုကြည့်ရင်တော့ ၂၀၁၂ ခုနစ် မွန်အမျိုးသားဒီမိုကရေစီပါတီ ပြန်လည်မှတ်ပုံတင်ရာမှာ ပါ၀င်ခဲ့သလို မွန်နှစ်ပါတီပေါင်းပြီး ဖွဲ့စည်းတဲ့ မွန်အမျိုးသား ပါတီမှာလည်း ဥက္ကဌ အဖြစ် တာဝန်ယူခဲ့တာပါ။ နောက်ပိုင်းမှာတော့ ကျန်းမာရေးအရ ခေါင်းဆောင်အဖြစ် နှုတ်ထွက်ခဲ့ပြီး ဂုဏ်ထူးဆောင်နာယက အဖြစ် တာဝန်ယူခဲ့သူပါ။

နိုင်ငွေသိမ်းဟာ အယူအဆ ခိုင်မာရှင်းလင်းပြတ်သားလှသလို ငြိမ်းချမ်းရေးနဲ့ ပတ်သက်ရင်လည်း တိုင်းရင်းသားအင်အားစုတွေအထဲမှာ သူဟာ ပထမဆုံးအတွေ့အကြံုရှိသူဖြစ်ခဲ့တဲ့အတွက် မျက်မှောက်နိုင်ငံရေးအပေါ် တိုင်းရင်းသားတွေ ချဉ်းကပ်မှု ပုံစံအပေါ် သူ့ရဲ့ သတိပေးချက်တွေဟာ သတိထားစရာ ဖြစ်နေတယ်လို့ အကဲခတ်တွေက ဆိုကြပါတယ်။

SHARE

LEAVE A REPLY

Please enter your comment!
Please enter your name here