Thursday, April 25, 2024

တောင်တန်းသာသနာပြုဆရာတော် ဦးသုခမိန္ဒ (စဝ်ဆုခမ်း) ရဲ့ မယ်တော် ကွယ်လွန်

Must read

တောင်တန်းသာသနာပြုဆရာတော် ဦးသုခမိန္ဒခေါ် စဝ်ဆုခမ်း နဲ့ အမ တရားပြဆရာမ ဒေါ်နန်းကြည်ကြည်သိန်းတို့၏ မိခင် မယ်တော် ဒေါ်နန်းညွန့် (အသက် ၉၂ နှစ်)ဟာ သက်ကြီးရောဂါဖြင့် မေလ ၂၂ ရက်နေ့  ၂၀၁၉ က ကွယ်လွန်ခဲ့ပါတယ်။ လက်ရှိမှာ မယ်တော်ရဲ့ရုပ်အလောင်းကို တန့်ယန်းကနေအိမ်မှာဘဲထားရှိပြီး မေလ ၂၇ ရက်နေ့မှာ စျာပနအခမ်းအနား မီးသဂြိုဟ်မှာဖြစ်တယ်လို့သိရပါတယ်။


ကွယ်လွန်သူ မယ်တော် ဒေါ်နန်းညွန့်ရဲ့အကြောင်းကိုတော့ ဆရာတော်စဝ်ဆုခမ်းက ဖေ့စ်ဘုစာမျက်မှာ ရေးသားဖော်ပြထားတာကိုပြန်လည်ကူးယူဖော်ပြပေးလိုက်ပါတယ်။

၂၂၊ ၅၊ ၂၀၁၉ ညတွင် တောင်တန်းသာသနာပြု ဆရာတော် ဦးသုခမိန္ဒ (စဝ်ဆုခမ်း) ဟောကြားသော
မယ်တော်ဒေါ်ညွှန့်အကြောင်း တစေ့တစောင်း

တရားတော် ကောက်နှုတ်ချက်များ

၂၂၊ ၅၊ ၂၀၁၉ မွန်းလွဲှ ၁း၃၇ မိနစ်အချိန်တွင် မယ်တော် ဒေါ်ညွှန့် အသက် ၉၂ နှစ် အရွယ်မှာ မလွန်ဆန်နိုင်တဲ့ သင်္ခာရတရားကြောင့် ဆုံးသွားပါပြီ။ မယ်တော်ကြီး ဒီအသက်အရွယ်အထိ ဒို့နဲ့အတူ နေသွားပေးခဲ့တာကိုပဲ ဒို့တတွေ ကံကောင်းလှပါတယ်။ အသက်ရှည်တယ်ဆိုတာ သီလကြောင့်ပါ။ အတိတ်က သီလအကျိုးပါသလို ပစ္စုပ္ပန်သီလလည်း ပါပါတယ်။

ခမည်းတော်နဲ့မယ်တော်တို့က ဝါတွင်းသုံးလမှာသာ ၈ ပါးသီလယူတာ မဟုတ်ဘူး။ ဝါပမှာလည်း လပြည့် လကွယ် လဆန်း ၈ ရက် လဆုတ် ၈ ရက်တိုင်း အမြဲတမ်း ၈ ပါးသီလခံယူခဲ့တယ်။ ဘုန်းဘုန်းတို့ ငယ်တုံးက ဝါတွင်း ၃ လ ဥပုသ်နေ့ရောက်တိုင်း မယ်တော် ခမည်းတော်တို့က ၈ ပါး သီလဆောက်တည်ခိုင်းတယ်။ ပြီးရင် မုန့်ဖိုး ပိုပေးတယ်။ ဘုန်းဘုန်းတို့က ခလေးဆိုတော့ မုန့်ဖိုးလိုချင်လို့ ဥပုသ်စောင့်ခဲ့တာပါ။

လွန်ခဲ့တဲ့ နှစ် ၂၀ တုံးက ခမည်းတော် ဦးလှရွှေ ဆုံးသွားတဲ့အချိန်မှာ ဘုန်းဘုန်းက အနီးကပ်နေပြီး သတိပေးတရားတွေ ပြောပေးခဲ့ရတယ်။ ခမည်းတော်က အသက် ရ၂ နှစ်မှာ တရားထိုင်ရင်း ဆုံးသွားတယ်။ အခု မယ်တော် ဆုံးတဲ့အချိန်မှာလည်း မယ်တော်အနားမှာ သတိပေးတရားဟောပေးခဲ့ရတယ်။ မယ်တော်ကတော့ အိပ်ရာထဲလဲလျောင်းကာ တရားနာရင်း ညှင်ညှင်သာသာ ဆုံးသွားပါတယ်။ ခမည်းတော်ရော မယ်တော်ရော ၂ ပါးစလုံးရဲ့ နောက်ဆုံးအချိန်မှာ သတိပေးတရား ဟောပေးခဲ့ရတဲ့အတွက် တရားနဲ့ ကျေးဇူးဆပ်ခဲ့ရတဲ့အတွက် ကျေနပ်ပါတယ်။

မယ်တော်ရဲ့ ဇာတိကတော့ နမ့်ခမ်းကပါ။ ကုန်သည်ပါ။ ခမည်းတော်ကတော့ ကချင်ပြည်နယ် ဟိုပင်မြို့နယ် တကွင်းသားပါ။ ခမည်းတော်နဲ့မယ်တော် ၂ ဦးစလုံးက တခုလပ်ဘဝကနေ ညားလာကြတာပါ။ ခမည်းတော်ရဲ့ ပထမအိမ်ထောင်က တကွင်းသူဖြစ်တယ်။ နန်းသိန်းမေ ဆိုတဲ့သမီးတစ်ယောက် ရှိလာတယ်။သမီးလေး ၁ လသားအရွယ်မှာ ခမည်းတော်က ဘာသံဝေဂရမှန်း မပြောတတ်ဘူး ရဟန်းဝတ်သွားတယ်။ တရားဟော တရားပြရင်း နမ့်ခမ်းဘက်ရောက်လာတယ်။ နာမည်ကြီးလာတော့ ပယောဂကြောင့် ကျန်းမာရေးထိခိုက်ပြီး ပယောဂဆရာက ရဟန်းဝတ်နဲ့ ကုလို့မနိုင်ဘူးဆိုပြီး ခမည်းတော်က လူထွက် ဆေးကုခံခဲ့ပါတယ်။

ကျန်းမာရေး ပြန်ကောင်းလာတော့ ရဟန်းပြန်မဝတ်ဖြစ်တော့ပါဘူး။ မိတ်ဆွေဖြစ်တဲ့ ဦးဆိုင်ဟိန်းက နမ့်ခမ်းသူ နန်းခမ်းဆိုင် ခေါ် နန်းညွှန့်နဲ့ ဆက်ပေးလိုက်တယ်။ (မယ်တော်ရဲ့ပထမအိမ်ထောင်ကတော့ နမ့်ခမ်းသား တစ်ယောက်ပါ။ အမျိုးသားကလည်း သူ့ရဲ့မိခင်အိုက်ို စောင့်ရှောက်ဖို့ လိုသလို နန်းညွှန့်လည်း သူမရဲ့မိခင်အိုကို စောင့်ရှောက်ဖို့ ကိစ္စရှိတာနဲ့ ကိုယ်ကလည်း သူ့ဘက်ကို လိုက်မနေနိုင် သူကလည်း ကိုယ့်ဘက်ကို လိုက်မနေနိုင်တာကြောင့် ကွဲသွားကြတာ ဆိုပဲ)

ဒါနဲ့ ခမည်းတော် ဦးလှရွှေနဲ့ ဒေါ်နန်းညွှန့်တို့ နမ့်ခမ်းကနေ တန့်ယန်းမြို့ကို ပြောင်းလာတော့ ဘုန်းဘုန်းတို့ မောင်နှမ တန့်ယန်းမှာ မွေးပါတယ်။ အစ်မကြီး တစ်ယောက်ရှိခဲ့သေးတယ် နန်းတင်ဦးတဲ့။ ဆေးထိုးမှားပြီး ငယ်ကတည်းက ဆုံးသွားတယ်။ အမတင်ဦး ဆုံးပြီးနောက်တနေ့မှာ အစ်မကြည်သိန်းမွေးတာပါ။

ခမည်းတော်ရဲ့ဝါသနာက တရားဟောခြင်းပါ။ ဇာတ်တော်တွေ စဟောရင်း ၁၉၆၃ ခု နောက်ပိုင်းဝိပဿနာဘက် လှည့်လာတယ်။ မယ်တော်လည်း ဝိပဿနာစအားထုတ်ပါတယ်။ ခမည်းတော်က ဝေဒနာ နုပဿနာကို ဦးစားပေးရှုခိုင်းရင်း တစ်နေ့မှာ မယ်တော် တရားအားထုတ်ရင်း ဒုက္ခဝေဒနာ အတတ်နိုင်ဆုံး သီးခံရှုမှတ်ရင်း ဝုန်းကနဲ ဒုက္ခဝေဒနာတွေ ပျောက်သွားပြီး ခန္ဓာကိုယ်အနှံ့ ဖြစ်ပျက်တွေ တဖွားဖွားမြင်လာတယ်။ ဖြစ်ပျက်မြင်/မုန်း/ဆုံးတဲ့အထိ မယ်တော် သိသွားတဲ့သဘောလို့ ပြောနိုင်တယ်။ တရားဖြုတ်ပြီးတော့လည်း ဖြစ်ပျက်တွေ တရှိန်ရှိန် ဆက်တွေ့နေတယ်။ ခမည်းတော်ကို ဒီအကြောင်းပြောပြတော့ ခမည်းတော်က “ဒါဆိုရင် မင်းဖြစ်ပျက်ကို သဘောပေါက်သွားတတ်သားပဲ” လို့ပြောလိုက်တယ်။ မယ်တော်က “ဖြစ်ပျက်ဆိုတာ ဒီခန္ဓာကိုယ်အနှံ့ တဖွားဖွား တရှိန်ရှိန်တွေပါ ဆိုပြီးတော့ ရှင်က တရားပြတဲ့ချိန် ကျမကို ဘာလို ပြောမပြသလဲ” လို့ဆိုတော့ ခမည်းတော်က “ရှင်မရယ် ဒုက္ခကို ရှုရင်လည်း အနိစ္စ အနတ္တတို့က ပါသွားပြီးသားပါ။ တချို့ကိစ္စမှာ ကြိုပြောထားလို့မသင့်ဘူး ဆိုတာမင်းတစ်နေ့ကျရင် နာလည်လာမှာပါ”တဲ့။

အဲဒီချိန်ကစပြီး မယ်တော်က ဝေယျာဝစ္စအလုပ်ကို စေတနာပါပါ လုပ်လာခဲ့တာ ၅၅ နှစ်တိုင်သွားတယ်။ ကျန်းမာရေးကောင်းရင် နွေ မိုး ဆောင်း ရာသီမရွေး နေ့တိုင်း ကျောင်းမှာ ဝေယျာဝစ္စသွားလုပ်တယ်။ ခမည်းတော်က ဓမ္မဂုဏ်ရည်ရိပ်သာထောင်တယ်၊ တရားပြတယ်။ မယ်တော်က ဝေယျာဝစ္စတာဝန်ယူတယ်။ ခမည်းတော် ဆုံးပြီးတဲ့နောက်ပိုင်း နှစ် ၂၀ အတွင်းမှာ ဝေယျာဝစ္စအပြင် ယောဂီတွေကို တရားလည်း ပြပေးရတယ်။ ကျောင်းတွင်း သံဃာတော်နဲ့ သီလရှင်တွေကိုလည်းမယ်တော်က စောင့်ရှောက်ရသေးတယ်။ ကျောင်းတွင်း ပရိသတ် ၃၀ ကျော်ကို ထိန်းခဲ့ရတာပါ။

ဒါ့အပြင် မယ်တော်က အိမ်တွင်းစီးပွားရေးကိုလည်း ဦးဆောင်ရသေးတယ်။ သားသမီးဖြစ်တဲ့ ဘုန်းဘုန်းတို့ မောင်နှမကိုလည်း အစစ အရာရာ စောင့်ရှောက်ရတယ်။ ရှေ့ရေးအတွက်လည်း ဘုန်းဘုန်းတို့ကို စောင်မပေးသေးတယ်။ တန့်ယန်းမှာ ဘုန်းဘုန်း ရ တန်းအောင်တော့ မယ်တော်တို့က ရှေ့ရေးကို မျှော်ပြီး မေမြို့ကို ၈၊၉၊၁၀ တန်းသွားထားတယ်။ တန့်ယန်းက မူးယစ်ဆေး No.4 သမားတွေ အရမ်းများတော့ သားဖြစ်သူ မူးယစ်သားကောင်ဖြစ်မှာစိုးလို့ တခြားကို ရှောင်ခိုင်းတာလဲပါမယ်။ မိမိတို့ရဲ့ ရင်သွေးကို တိုးတက်စေချင်ရင် အလိုက်သိတတ်တဲ့သူဖြစ်စေချင်ရင် အနီးအနားမှာ တဖဝါးမှ မခွာပဲနဲ့ ချစ်မနေကြဖို့ပါပဲ။ ဒါကြောင့် ဘုန်းဘုန်းကို မေမြို့ပို့ပြီး မိတ်ဆွေရင်းဖြစ်တဲ့ ဦးစိုင်းခွန်လူ ဒေါ်နန်းလုံ (သုမင်္ဂလာရပ်) တို့အိမ်မှာ သွားနေခိုင်းတယ်။ သူများအိမ်ဆိုတော့ ကိုယ့်အိမ်လို ဇိမ်နဲ့ထိုင်နေလို့မရဘူး။ အစစ အရာရာ ဝိုင်းလုပ် ဝိုင်းစားစနစ်ကို ကျင့်ရတယ်။ အဲဒါမှ မိဘရဲ့မေတ္တာကို သားသမီးတွေ လေးနက်စွာ သိလာတော့တယ်။

ဆယ်တန်းဖြေပြီးနောက် တန့်ယန်းပြန်လာချိန် ခမည်းတော်က တန်းပြီး တရားစခန်းဝင်ခိုင်းတယ်။ မယ်တော်က ချက်ချင်း မဝင်ခိုင်းဘူး၊ သင်္ကြန်ရေကစားပြီးမှ ဝင်ခိုင်းတယ်။ သင်္ကြန်ပြီးနောက် ဓမ္မဂုဏ်ရည်ရိပ်သာမှာ တစ်ယောက်တည်း တရားစခန်းဝင်တယ်။ ခမည်းတော်နဲ့မယ်တော်တို့က နေ့တိုင်း တရားစကားတွေ ဟောပေးတယ်။ ခမည်းတော်က ခန္တီဦးစားပေးကာ ခပ်ပြတ်ပြတ် တရားတွေ ဟောပေးပြီး မယ်တော်ကတော့ စိတ်ရှည်စွာနဲ့ စိတ်ထားနည်း ထိုင်နည်းတွေ သင်ပေးတယ်။ တစ်နေ့ကို စုစုပေါင်း တရားထိုင်ရှုချိန် ၁၀ နာရီရအောင်ကြိုးစားပြီး တရားအားထုတ်ခိုင်းတယ်။

ခမည်းတော်က ခန္တီ ပရမံ တပေါတိ တိက္ခာ ဆိုတဲ့အတိုင်း ဒိဋ္ဌိခွာနည်းကိုပေးပြီး ဖိဖိစီးစီး တရားအားထုတ်ခိုင်းတယ်။ ဘုန်းဘုန်းက ဝေဒနာကို သီးမခံနိုင်တော့ ဣရ်ိယာပုတ်ပြောင်းထိုင်တယ်။ ခမည်းတော်က သဘောသိပ်မကျတော့ ထိပ်မှာ သံမှိုနှက်သလို စကားတစ်ခွန်း ပြောလိုက်တယ်။ “ဒီအတိုင်း နာတိုင်း ပြောင်းပြောင်းနေရင် တန့်ယန်းမြို့က ခွေးတွေ သူတို့ဖာသာ ဘောင်းဘီဝတ်တတ်တဲ့နေ့မှာ မင်းတရားထူး ရလိမ့်မယ်ကွ ငါ့သားရ” တဲ့၊ (ခမည်းတော်ရဲ့ စေတနာက ဒုက္ခဝေဒနာကို တချီတမောင်းလောက် ကောင်းကောင်းနိုင်အောင် သီးခံစေချင်လို့ ပြောတဲ့စကားပါ၊ လုံးဝ မရွေ့ပြောင်းရလို့ မဆိုပါ) မယ်တော်ကတော့ ဝေဒနာရှုနည်းတွေ ရင်ဆိုင်နည်းတွေ ပြောပေးပါတယ်။ အဲဒီတုံးက ဘုန်းဘုန်း အသက် ၁၈ နှစ်ပါ။ ရိပ်သာလည်း အဲလောက်မစည်တော့ တစ်ယောက်ထဲ အေးဆေးစွာတရားအားထုတ်ရတယ်။ ၁၃ ရက် စခန်းဝင်ခဲ့တယ်။ ခမည်းတော်ရဲ့စကားကြောင့် ပေထိုင်ကာ ဒုက္ခဝေဒနာကို လွန်ပြီး ဖြစ်ပျက်နဲ့ အဖေါ်ပြုတတ်လာတော့တယ်။

မိဘတွေက ညဘုရားရှိခိုးပြီးတိုင်း ဘုန်းဘုန်းတို့ မောင်နှမကို ငယ်ငယ်ကတည်းက တရားထိုင် အလေ့အကျင့်ရအောင် ၅ မိနစ် ၁၀ မိနစ်လောက် တရားထိုင်ခိုင်းပြီးမှ အိပ်ယာဝင်ရတယ်။ အဲဒီအထုံတွေက ပုရေဇာတ၊ ဥပနိဿယပစ္စည်းနဲ့ တကယ်တမ်း တရားအားထုတ်ချိန်မှာ အကျိုးပြုပါတယ်။ ဆယ်တန်းအောင်တော့ မန္တလေးဒေသကောလိပ် တက်တယ်။ ပထမနှစ်ဖြေပြီး တန့်ယန်းပြန်လာတော့ ဒုလ္လဘ ရဟန်းခံပွဲနဲ့ကြုံတယ်။ ၄၅ ရက် ရဟန်းဝတ် တရားအားထုတ်မယ်ဆိုပြီး နေလာတာ ခုထိပါပဲ။ ဒါလဲ မယ်တော်တို့ ကျေးဇူးကြောင့်ပါ။ ဘုန်းဘုန်းက သက်တော်ရှည် လွယ်ဟန်းဆရာတော်ကြီးကို ပြုစုရင်း ၅ နှစ်ကြာသွားတယ်။ ဆရာတော်ကြီးက သက်တော် ၁၀၃ နှစ်မှာ ပျံတော်မူသွားတယ်။ အကြားအမြင်ရ ရဟန္တာတစ်ပါးလို့ ထင်ရှားခဲ့တယ်။

ဆရာတော်ကြီးရဲ့ စျာပနပြီးတော့ မယ်တော်က ဘုန်းဘုန်းကို ပြောတယ်။ “ဦးဇင်း လူထွက်မယ်ဆိုရင်လည်း စောစောစီးစီးထွက်၊ မထွက်တော့ဘူး ရဟန်းဘောင်မှာပဲ နေမယ်ဆိုရင်လည်း ပရိယတ္တိစာသွားဆည်းပူးပါ” တဲ့။ ဒါနဲ့ ဘုန်းဘုန်းကို မယ်တော်ကြီးက ရှမ်းပြည်နယ်တောင်ပိုင်း ညောင်ရွှေ သာသနာ့ဝိပုလရွှေဂူ စာသင်တိုက်မှာ သွားပို့ထားတယ်။ ဒီလိုနဲ့ ပထမကြီးအောင်ပြီး သာသနာ့တက္ကသိုလ်တက်၊ သီရလင်္ကာမှာ မဟာဝိဇ္ဇာဘွဲ့ရတဲ့အထိ မယ်တော်တို့က ကျေးဇူးပြုခဲ့တယ်။

ဘုန်းဘုန်း တရားဟောပုဂ္ဂိုလ်ဖြစ်လာတာလည်း မယ်တော်ကြီးက အစပျိုးပေးလိုက်တာပါပဲ။ အဲဒီတုံးက ရဟန်းဝတ်စ ၂ ဝါ ၃ ဝါအချိန်ပါ။ ဝါတွင်း ဥပုသ်သည်များအတွက် တရားဟောပေးဖို့ မယ်တော်က လာလျှောက်တယ်၊ ဘုန်းဘုန်းက တရားဟောတယ်ဆိုတာ မလွယ်တဲ့အကြောင်း ဆင်ခြေတွေပေးတယ်။ မယ်တော်က ပြန်ပြောတယ်၊ “ဦးပဥ္စင်းလည်း လေ့ကျင့်ပြီးဟော မယ်တော်တို့ ဥပုသ်သည်တွေလည်း လေ့ကျင့်ပြီး နားထောင်မယ်” တဲ့။ မယ်တော်က လိုအပ်တာ ဖြည့်ပေးခဲ့တယ်။ ဒီလိုနဲ့ တရားဟော တရားပြပုဂ္ဂိုလ်ဖြစ်လာပြီး နယ်တကာလှည့်တဲ့အထိဖြစ်လာတာ မယ်တော်ကျေးဇူးကြောင့်ပါ။

တရားဟော တရားပြရင်း တခါတလေ မယ်တော်ကြီးထံရောက်လာတယ်။ ၁ ရက် ၂ ရက်လောက်နေပြီး ခရီးပြန်ပြန်ထွက်တော့ မယ်တော်ကြီးက “အရှင်ဘုရား လာတာ သိပ်မကြာသေးဘူး၊ ဘာကြောင့် အလောတကြီး ခရီးပြန်ထွက်ရတာလဲဘုရား၊ တပည့်တော်မက အရှင်ဘုရားကြွလာမည့်အချိန်ကို အမြဲတမ်းမျှော်နေသူပါဘုရား” တဲ့။ ဘုန်းဘုန်းကလည်း “မယ်တော်ကြီးက တရားစဟောခိုင်းလို့ ခုသူများတွေလည်း တရားနာချင်လို့ သားဦးပဥ္စင်းက တရားသွားဟောပေးနေရတာပါ၊ ဦးပဇင်းလည်း မယ်တော်ကြီး အနားမှာ ကြာကြာနေချင်တာပေါ့” မိဘတို့ရဲ့သဘာဝကတော့ သားသမီးတွေကို အမြဲတမ်း မြင်ချင်ကြပါတယ်။ မယ်တော်ကတော့ တရားချစ်တဲ့သူပီပီ တရားနဲ့ပတ်သက်လာရင်တရားကိုပဲ ဦးစားပေးပါတယ်။

“သားပဥ္စင်း ခုလို လူအများကို တရားသွားဟောပေး ပြပေးနေတာကို ကြားရ သိရတိုင်း အမေက ကုသိုလ်အမြဲရနေပါပြီ၊ သွားသာသွားပါ။ အမြဲတမ်း သာဓုခေါ်ပါတယ်” တဲ့။

ဒီလိုသွားရင်းလာရင်း အချိန်တွေ ကုန်သွားတယ်။ အချိန်ကုန်သွားတာနဲ့အမျှ အရွယ်တွေလည်း ကြီးလာတယ်။ လူတွေရဲ့သွေးဟာ တစ်ယောက်နဲ့တစ်ယောက် မတူကြဘူး။ အေသွေး၊ ဘီသွေး၊ အေဘီသွေးတွေ အသီးသီးရှိကြမှာပေါ့။ ဒါပေမယ့် တရားအနေနဲ့ပြောရင် လူတွေရ့သွေးတွေ တူကြတယ်။ ဘာသွေးလဲဆိုတော့ ဒို့ရဲ့အမေမိဘ အဖိုးအဖွားတွေရဲ့သွေးတွေထဲမှာ ဇရာဆိုတဲ့ အိုသွေးတွေပါတယ်၊ ဗျာဓိ နာသွေးတွေပါတယ်၊ မရဏ သေသွေးတွေပါကြတယ်။ ဒါ့ကြောင့် မယ်တော်ကြီးမှာလည်း အိုးသွေးပါလို့ အိုလာပါပြီ။ နာသွေးပါလို့ ရောဂါတွေ ရလာတယ်။ မယ်တော်ကြီးက သူတပါးကိုပဲ ကူညီချင်တယ်၊ သူမကြောင့် တပါးသူတွေ ဒုက္ခမရောက်စေချင် မပင်ပမ်းစေချင်ဘူး။ နာသွေးပါတဲ့ မယ်တော်ကြီးရဲ့ ခန္ဓာမှာ ရောဂါတွေ ဖြစ်လာတယ်။ ဒါပေမယ့် မယ်တော်ကြီးက တအားလျို့ဝှက်တယ်။ မိမိကြောင့် သူတပါး အလုပ်မရှုပ်စေချင်ဘူး။ အသက် ၉၀ ကျော်မှာ ဖြစ်လာတဲ့ အတွင်းလိပ်ခေါင်း ရောဂါကိုလည်း သားသမီးတွေ မသိအောင် ဖုံးဖိထာခဲ့တယ်။ “ငါက အသက်ကြီးလာတော့ လေလည်ရင်လည်း အဖတ်တွေ ထွက်ထွက်လာတတ်တယ်” အဲလောက်ပဲ ပြောတယ်။ ဘုန်းဘုန်းတို့လည်း မယ်တော်ပြောတဲ့အတိုင်း ယုံခဲ့တယ်။ နောက်ပိုင်း ကြာလာတော့ ဝမ်းသွားတဲ့အခါ တစ်ခါတလေ သွေးပါလာတော့မှ ဆရာဝန် သမားတော်တွေ ခေါ်ပြ စစ်ဆေးကြည့်မှ အတွင်းလိပ်ခေါင်းမှတဆင့် ကင်ဆာလက္ခဏာတွေ့ရတော့တယ်။

ခန္ဓာက နာသွေးပါတော့ နာတဲ့ဘက်ကို ဆက်လက်ဦးတည်နေမှာပဲ။ ခန္ဓာဆိုတဲ့သဘောက ဘယ်လောက်ပဲအိုအို သူ့ဆန္ဒက မပြည့်ဝနိုင်သေးဘူး။ ဘယ်လောက်နာနာ ခန္ဓာက မရောင့်ရဲနိုင်ဘူးလေ။ နောက်ဆုံး မယ်တော်ကြီး ၅၅ နှစ်တိုင်တိုင် အမြဲလုပ်လာခဲ့တဲ့ ဝေယျာဝစ္စကိုလည်း မလုပ်နိုင်တော့ပါဘူး။ ဒါပေမယ့် စိတ်က ကျောင်းသွား ဝေယျာဝစ္စလုပ်ချင်နေတုံးပါ။ အဲဒါက မယ်တော်ကြီးရဲ့ ကြီးမားခဲ့တဲ့ အာစိဏ္ဏကံ (အမြဲတမ်း အလေ့အကျင့်ရှိနေခဲ့တဲ့ကံ)ပါ။နေမကောင်းပြီး အိပ်ယာထဲလဲနေချိန် (၃ လ နီးပါ)အတွင်း ဘုန်းဘုန်း မယ်တော်ထံရောက်တိုင်း သာသနာပြုခဲ့တဲ့ ကုသိုလ်တွေ မျှဝေပေးခဲ့တယ်။ မယ်တော်ကြီးကို ဘာလိုချင်သလဲ ဘာဖြစ်စေချင်လဲ လို့မေးရင် မယ်တော်ကြီးက “တရားကလွဲှလို့ ဘာမှ မလိုချင်ဘူး”လို့ဖြေတယ်။

မယ်တော်ကြီး မဆုံးခင် လွန်ခဲ့တဲ့ ၄ နှစ်ကတည်းက ကျောင်းမှာ ဝေယျာဝစ္စလုပ်ပြီးလို့ နေ့လည် ၁ နာရီမှ ၃ နာရီ အထိ မယ်တော်က အိပ်ပြီး (ခန္ဓာကိုယ်ကို မရွေ့မပြောင်းဘဲ) ၂ နာရီ တရားရှုမှတ်ခဲ့တယ်။ ည အိပ်မပျော်တဲ့အချိန်လည်း လဲလျောင်းပြီး တရားရှုမှတ်တာ လေ့ကျင့်ထားတယ်။ ဒါကြောင့် ခုလိုနောက်ဆုံး အိပ်ယာဖြာကပ်ချိန်မှာ လျောင်းရှုခြင်းအကျိုးကို မယ်တော်က ကောင်းစွာအသုံးချသွားနိုင်ခဲ့တယ်။ ဒို့ပရိသတ်တွေလည်း လျောင်းပြီးတရားရှုကြဖို့ လေ့ကျင့်ထားကြဖို့ တိုက်တွန်းပါတယ်။ ပြင်ဆင်ထားကြပါ အားလုံးရဲ့သွေးထဲမှာ အိုသွေး နာသွေး သေသွေးတွေပါကြတယ်။

နာသွေးပါတော့ မယ်တော်ကြီး ခံစားရတဲ့ဝေဒနာက မသေးဘူး။ ဆရာဝန်တွေ စစ်ဆေးရုံက သမားတော်တွေ ပြောပြချက်အရ ဒီအတွင်းလိပ်ခေါင်း ကင်ဆာဟာ ခံရအခက်ဆုံးဝေဒနာ တစ်ခုလို့ဆိုတယ်။ ဒါပေမယ့် မယ်တော်ကြီးက လျောင်းလျက် တရားကို ရှုသွားနိုင်ခဲ့တယ်။ သေခါနီးအထိ သတိမလွှတ်ခဲ့ဘူး။ အနာသက်သာစေတဲ့ မော်ဖင်းကပ်ဆေးကိုတော့ ကပ်ထားပေးရတယ်။ ဆေးအရှိန်က ဝေဒနာကို နာရီပိုင်းအတွင်းမှာပဲ သက်သာစေတယ်လို့ဆိုတယ်။ မယ်တော်ကြီးအတွက် ဆေးကတော့ တရားဆေးပါပဲ။ တရားနဲ့ပဲ အဖေါ်ပြုနေတယ်။ (မယ်တော်ကြီး နာယူဖို့ဆိုပြီး တနာရီကြာဟောထားတဲ့ အလုပ်ပေးတရား MP3 ၃ ပုဒ်ကိုလည်း မယ်တော်ကြီးအတွက် ဘုန်းဘုန်း အသံသွင်း ပေးထားတော့ အမြဲတမ်း တရားနာရင်း တရားရှုဖြစ်ပါတယ်)

လွန်ခဲ့တဲ့လတုံးက တန့်ယန်း စစ်ဆေးရုံကို မယ်တော်အား အရေးပေါ် သွေး ၂ ပုလင်း သွင်းပေးတုံးက ညအချိန် မယ်တော် အိပ်မပျော်လို့ဆိုပြီး တူလေးတွေက ဆရာဝန်တွေနဲ့ တိုင်ပင်ပြီး အိပ်ဆေးထိုးပေးသော်လည်း မယ်တော်က တရားပဲရှုမှတ်နေလေတော့ အိပ်ဆေးမတိုးဘူး ဖြစ်နေတယ်။ ရဲဘော်တွေ ဒဏ်ရာပြင်းထန်လွန်းလို့ အိပ်စေတဲ့ဆေးကို ထိုးပေးသော်လည်း မယ်တော်က ၁၅ မိနစ်အတွင်း ပြန်နှိုးလာတယ်။ သတိကတော့ အမြဲကပ်နေတဲ့ မယ်တော်ကြီးပါ။ သတိတရားဆိုတာ အမြဲတမ်းရှိရတယ်။ ဘာကို သတိရရမှာလဲဆိုတော့ ဒါန သီလ ဘာဝနာကို အမြဲမပြတ် သတိရပြီး လုပ်ဆောင်နေခြင်းကို သတိရှိတယ်လို့ဆိုတယ်။

သတိရှိတဲ့ပုဂ္ဂိုလ် မမေ့မလျော့တဲ့ပုဂ္ဂိုလ်ဆိုတာ မသေရာဖြစ်တဲ့ နိဗ္ဗာန်ကို ရောက်ပါမယ်။ မေ့လျော့ ပေါ့ဆတဲ့ပုဂ္ဂိုလ်ကတော့ အဖန်ဖန် သေရမယ်။ သေရမယ်ဆိုတာ ဆင်းရဲဒုက္ခရောက်ရမယ်ကိုပြောတာ။ အပ္ပမာဒေါ အမတံ ပဒံ ပမာဒေါ မစ္စုနောပဒံ ဆိုတာ ဘုရားဟောထားပါတယ်။ သတိရှိပါ မမေ့လျော့ကြပါနဲ့။
(သာဓု သာဓု သာဓု)

(တခြား သာသနာပြုကိစ္စတွေကို ခေတ္တဘေးဖယ်ထားပြီး မယ်တော်ကြီးထံ ၁၃ ရက် လာနေပေးခဲ့ရတယ်။ အဓိကကတော့ မယ်တော်ကြီးရဲ့ နောက်ဆုံးအချိန်အတွက် ပရိတ်ရွတ်ပေး ပဋ္ဌာန်းဟောပေး၊ တရားသတိပေးခဲ့ရပါတယ်။ ဆုံးခါနီး အရေးကြီးအချိန် အိမ်က မိသားစုတွေ မယ်တော်ကြီးအနား မငိုဖို့ အသံမထွက်ဖို့ အားပြုပေးရတယ်။ မယ်တော်ကြီး ဆုံးခါနီးအထိ သတိတရားတွေပေးပြီး နောက်ဆုံးပိတ်အချိန်မှာ သရဏဂုံကို ရွတ်ဖတ်နာယူစေပြီး မယ်တော်ကြီး ငြိမ်သက်စွာနဲ့ ဆုံးသွားပါတယ်။ မယ်တော်ကြီး ဆုံးသွားတဲ့ မွန်းလွှဲ ၁း၃၇ မိနစ်အချိန် တန့်ယန်းမြို့မှာ လေပြင်းတိုက်ပြီး မိုးတွေ ကျလာပါတယ်။ မယ်တော်ကြီးရဲ့ ရုပ်အလောင်းကို လာကြည့်သူတိုင်း ကြည်လင်နေတဲ့ မယ်တော်ရဲ့ မျက်နှာမြင်ရတော့ အိပ်ပျော်နေသလို ထင်ရတယ်။ မယ်တော်ရဲ့ ကိုယ်ပေါ်မှာ လွှမ်းခြံုထားတဲ့ ပုဝါဖြူကတော့ မိုင်းဖုန်းဆရာတော် မိုင်းကျက်ဂူ ဝင်မည့်နေ့မှာ တူတော် စိုင်းခွန်မေတ္တာအား ဆရာတော်ကခေါ်ပြီး “မယ်တော်ဆုံးရင် ခန္ဓာကိုယ်မှာ ခြံုလွှားပေးပါ” လို့ မှာလာခဲ့တယ်။ အအေးခေါင်းကလည်း တပ်မတော် စစ်ဆေးရုံအတွက် အသစ်ရောက်လာတာဖြစ်လို့ ဗျူဟာမှူးကျော်သန်းဆွေက အဖွားအတွက် အရင်ဆုံး အသုံးပြုပါရစေ ဆိုလို့ လာပို့ထားခြင်းဖြစ်တယ်။ အသန့်ကြိုက်တတ်တဲ့ မယ်တော်ကြီးရဲ့ ကုသိုလ်အတွက် အစစ အရာရာဟာ အဆင်သင့်ဖြစ်နေပါတော့တယ်)

22.5.2018 ည မယ်တော်ကြီး၏ ရုပ်ကလာပ်ဘေးနားမှာ ရှမ်းလို ဟောခဲ့တဲ့ တရားကို ပြန်ဆိုထားခြင်း ဖြစ်ပါတယ်။ မယ်တော်ကြီရဲ့ ကျန်းမာရေးအတွက် အဖက်ဖက်မှ ကူညီပေးကြသော အရှေ့မြောက်ပိုင်းတိုင်း တိုင်းမှူး ဗိုလ်ချုပ် အောင်ဇော်အေး၊ တန့်ယန်း ဗျူဟာမှူး ဗိုလ်မှူးကြီး မျိုးခိုင် (ယခု ၉၉ တပ်မမှူး) ဗိုလ်မှူးကြီး ကျော်သန်းဆွေ၊ တန့်ယန်း စစ်ဆေးရုံမှ သမားတော် ဒေါက်တာ ဟိန်းခန့်ကို အမှူးပြုသော ဆရာဝန်များ၊ တန့်ယန်းမြို့ ဒေါက်တာ နန်းစောနှင့် ဝေယျာဝစ္စကုသိုလ် လာရောက်ကူညီကြသော သီပေါယောဂီများ ရပ်နီးရပ်ဝေး ဓမ္မမိတ်ဆွေများအားလုံးကို သပ္ပာယဂေဟာ မိသားစု ဓမ္မဂုဏ်ရည် မိသားစုမှ အထူးကျေးဇူးတင်ရှိပါတယ်။

သုခိတာ ဟောထ ဒုက္ခာ မုဥ္စထ
တောင်တန်းသာသနာပြု ဆရာတော်
အရှင်သုခမိန္ဒ (စဝ်ဆုခမ်း တန့်ယန်း)

Leave a Comments

- Advertisement -spot_img

Latest article