ထိုင်းနိုင်ငံ ဘန်ကောက်မြို့ရှိ ခမ်းနားထည်ဝါလှသော Queen Sirikit National Convention Center အတွင်း၌ အာဏာသိမ်းသမ္မတနှင့် ထိုင်းအစိုးရ တာဝန်ရှိသူများသည် ပြုံးရယ်လျက် လက်မှတ်ရေးထိုးနေကြသည်။
နှစ်နိုင်ငံကုန်သွယ်မှု မြှင့်တင်ရေး၊ အလုပ်သမားရေးရာနှင့် နယ်စပ်ဖြတ်ကျော် မြစ်ရေညစ်ညမ်းမှု ထိန်းသိမ်းရေး အပါအဝင် သဘောတူညီချက် (၄) ခုကို နှစ်ဉီးသား ပြုံးရယ်လျက် လက်မှတ်ရေးထိုးနေကြခြင်း ဖြစ်သည်။
သို့သော် အဆိုပါ လက်မှတ်ရေးထိုးပွဲ ကျင်းပရာ ခန်းမအပြင်ဘက် ကုလသမဂ္ဂရုံးရှေ့တွင် မြန်မာနိုင်ငံသားများနှင့် ထိုင်းနိုင်ငံသားအချို့၏ ကန့်ကွက်ရှုတ်ချသံများက ဟိန်းထွက်နေခဲ့သည်။
ယခုခရီးစဉ်အတွင်း လက်မှတ်ရေးထိုးခဲ့သည့် နယ်စပ်ဖြတ်ကျော်မြစ်များ ရေအရည်အသွေး စီမံခန့်ခွဲမှုဆိုင်ရာ သဘောတူညီချက်သည် ထိုင်းမြောက်ပိုင်းနှင့် သျှမ်းပြည်အတွင်းရှိ ဒေသခံများအတွက် အလွန်အရေးကြီးသည့် ကိစ္စဖြစ်သည်။
သို့သော် လက်တွေ့တွင် ထိုင်း-မြန်မာနယ်စပ် မြစ်ရေများကို ညစ်ညမ်းစေသည့် အဓိကအရင်းအမြစ်မှာ သျှမ်းပြည်အရှေ့ပိုင်းရှိ ‘ဝ’ (UWSA) ထိန်းချုပ်နယ်မြေအတွင်းမှ သတ္တုတူးဖော်ရေးလုပ်ငန်းများ ဖြစ်နေသည်။
နေပြည်တော်ရှိ စစ်ကော်မရှင်၏ အမိန့်အာဏာသည် ‘ဝ’ နယ်မြေအတွင်း သက်ရောက်မှုမရှိသည်မှာ လူတိုင်းအသိပင် ဖြစ်သည်။
ထို့ကြောင့် အဆိုပါစာချုပ်သည် လက်တွေ့ကျသော အကောင်အထည်ဖော်မှု ကင်းမဲ့နေကြောင်း ရှမ်းလူ့အခွင့်အရေး မဏ္ဍိုင် (SHRF) က ထောက်ပြသည်။
“လက်တွေ့ဘာမှ မလုပ်ဘဲ စာရွက်ပေါ်မှာပဲ ရှိနေမယ်ဆိုရင် ဒီသဘောတူညီချက်ဟာ ဒေသခံတွေကို တိတ်တဆိတ် ဒုက္ခပေးနေတဲ့ ရောဂါတစ်ခုလို ဖြစ်နေမှာပဲ” ဟု SHRF ၏ပြောရေးဆိုခွင့်ရှိသူ စိုင်းဟော်ရှန်က သျှမ်းသံတော်ဆင့်ကို ပြောသည်။
မြစ်ရေညစ်ညမ်းမှု၏ အရင်းအမြစ်ဖြစ်သော သတ္တုတူးဖော်ရေးလုပ်ငန်းများကို အပြီးတိုင် ရပ်ဆိုင်းခြင်းသည်သာ အထိရောက်ဆုံး ဖြေရှင်းနည်းဖြစ်ကြောင်း ၎င်းက ဆက်ပြောသည်။
စစ်ပွဲကြားက သယံဇာတ အမြတ်ထုတ်မှု
လက်ရှိ စစ်ခေါင်းဆောင်သည် ၎င်း၏ စစ်ဝတ်စုံကို အရပ်ဝတ်သို့ လဲလှယ်ထားသော်လည်း လက်တွေ့အားဖြင့် အာဏာရှင်စနစ်နှင့် စစ်ရေးပဋိက္ခမှာ ပြောင်းလဲသွားခြင်းမရှိပေ။
ထိုသို့သော နိုင်ငံရေးမတည်ငြိမ်မှုများကြား စီးပွားရေးအရ ပူးပေါင်းဆောင်ရွက်ခြင်းသည် ပြည်သူ့အတွက် အကျိုးအမြတ်ထက် ဘေးဒုက္ခကိုသာ ပိုမိုဖြစ်ထွန်းစေနိုင်ကြောင်း နိုင်ငံရေးလေ့လာစောင့်ကြည့်သူများက သုံးသပ်ကြသည်။
“မင်းအောင်လှိုင်က သူ့ရဲ့ အာဏာရှင် စစ်ဝတ်စုံကို အရပ်ဝတ်နဲ့ လဲဝတ်လိုက်တာပဲ ရှိတာပါ။ ပြည်သူတွေကတော့ အာဏာသိမ်းမှုရဲ့ ဒုက္ခတွေကို ခံနေရတုန်း၊ စစ်မီးတွေကလည်း တောက်လောင်နေတုန်းပဲ။ ဒီလို အခြေအနေမျိုးမှာ ရင်းနှီးမြှုပ်နှံဖို့အတွက် ဘယ်လိုလုပ်ပြီး အေးအေးချမ်းချမ်း ရှိနိုင်မှာလဲ” ဟု စိုင်းဟော်ရှန်က ဆက်ပြောသည်။
အထူးသဖြင့် ကမ္ဘာတစ်ဝန်း လျှပ်စစ်ကား (EV) နှင့် နည်းပညာပစ္စည်းများအတွက် မရှိမဖြစ်လိုအပ်သော ‘မြေရှားသတ္တု’ (Rare Earth) တူးဖော်မှုသည် မြန်မာနိုင်ငံအတွက် သယံဇာတကျိန်စာတစ်ခု ဖြစ်လာသည်။
မြန်မာနိုင်ငံသည် ကမ္ဘာပေါ်တွင် မြေရှားသတ္တု တတိယအများဆုံး ထွက်ရှိသည့် နိုင်ငံဖြစ်ပြီး အိမ်နီးချင်း တရုတ်နိုင်ငံက အဓိကဝယ်ယူသူဖြစ်သည်။

တရုတ်နိုင်ငံသည် မိမိနိုင်ငံအတွင်း ပတ်ဝန်းကျင်ပျက်စီးမှုကို ရှောင်လွှဲရန် မြန်မာနိုင်ငံရှိ လက်နက်ကိုင်နယ်မြေများမှ ကုန်ကြမ်းဝယ်ယူမှုကို ပိုမိုလုပ်ဆောင်လာသည်။
ဘီလီယံချီသော ဝင်ငွေနှင့် ပျက်စီးသွားသော ပတ်ဝန်းကျင်
ISP-Myanmar ၏ အစီရင်ခံစာအရ ၂၀၁၇ မှ ၂၀၂၄ ခုနှစ်အတွင်း မြန်မာနိုင်ငံသည် တရုတ်နိုင်ငံသို့ အမေရိကန်ဒေါ်လာ ၄ ဘီလီယံကျော်တန်ဖိုးရှိ မြေရှားသတ္တုများ တင်ပို့ခဲ့သည်။
ထူးခြားချက်မှာ အဆိုပါဝင်ငွေ၏ ၈၄ ရာခိုင်နှုန်း (ဒေါ်လာ ၃.၆ ဘီလီယံ) မှာ ၂၀၂၁ ခုနှစ် စစ်အာဏာသိမ်းပြီး နောက်ပိုင်းမှ ရရှိခဲ့ခြင်းဖြစ်သည်။
၂၀၂၃ ခုနှစ် တနှစ်တည်းမှာပင် တင်ပို့မှုတန်ဖိုးသည် ဒေါ်လာ ၁.၄ ဘီလီယံအထိ စံချိန်တင် မြင့်တက်ခဲ့ပြီး မြန်မာနိုင်ငံသည် တရုတ်နိုင်ငံ၏ မြေရှားသတ္တု လိုအပ်ချက် သုံးပုံနှစ်ပုံကို ဖြည့်ဆည်းပေးသည့် အဓိက အရင်းအမြစ် ဖြစ်လာခဲ့သည်။
အဆိုပါ မြေရှားသတ္တုများသည် စစ်ကော်မရှင်အတွက်သာမက တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်း (EAOs) များအတွက်လည်း အရေးပါသော ဝင်ငွေလမ်းကြောင်း ဖြစ်လာသည်။
အမေရိကန်အခြေစိုက် Stimson Center ၏ ၂၀၂၆ ခုနှစ် ဇူလိုင် ၂၀ ရက်ထုတ် ထုတ်ပြန်ချက်အရ မြေရှားသတ္တု တူးဖော်မှုသည် ကချင်ပြည်နယ်အပြင် သျှမ်းပြည်မြောက်ပိုင်း မန်တုံမြို့နယ်အတွင်းရှိ TNLA ထိန်းချုပ်နယ်မြေများသို့ တိုးချဲ့လာနေသည်။

ဂြိုလ်တုဓာတ်ပုံများအရ မန်တုံမြို့နယ်အတွင်း၌ ၂၀၂၅ ခုနှစ် နိုဝင်ဘာလမှစ၍ မြေရှားသတ္တု တူးဖော်သည့် နေရာသစ် အနည်းဆုံး (၁၂) ခု ပေါ်ထွက်လာခဲ့သည်။
TNLA အနေဖြင့် ပတ္တမြားမြေ မိုးကုတ်မြို့ကို ၂၀၂၅ အောက်တိုဘာ အပစ်အခတ်ရပ်စဲရေး သဘောတူညီချက်အရ စစ်ကော်မရှင်ထံ ပြန်လည်ပေးအပ်ခဲ့ရပြီးနောက် ဆုံးရှုံးသွားသော ဝင်ငွေလမ်းကြောင်းကို အစားထိုးရန် မြေရှားသတ္တုဘက်သို့ လှည့်လာခြင်းဖြစ်နိုင်ကြောင်း Stimson Center က သုံးသပ်ထားသည်။
အဆိုပါ TNLA နယ်မြေအတွင်း မြေရှားသတ္တု တိုးချဲ့လာသည်ဆိုသည့် အချက်အလက်နှင့် ပတ်သက်၍ TNLA ၏ ပြောရေးဆိုခွင့်ရှိသူ လွေးယေဉီး ကို သျှမ်းသံတော်ဆင့်က ဆက်သွယ်မေးမြန်းခဲ့သော်လည်း ပြန်လည်ဖြေကြားခြင်း မရှိပေ။
သို့သော် မြေပြင်ရှိ လုပ်ကွက်များတွင် ‘ဝ’ (UWSA) ကုမ္ပဏီများနှင့် တရုတ်လုပ်ငန်းရှင်များက နည်းပညာနှင့် ရင်းနှီးမြှုပ်နှံမှုများ ပံ့ပိုးကာ တူးဖော်မှုများ လုပ်ဆောင်နေကြောင်း Stimson Center ၏ အစီရင်ခံစာက ထောက်ပြထားသည်။
အနာဂတ်အတွက် ချန်ရစ်ခဲ့သည့် အဆိပ်မြစ်များ
မြေရှားသတ္တုကို သန့်စင်ရန်အတွက် အလွန်အဆိပ်ပြင်းသော ဓာတုပစ္စည်းများကို အသုံးပြုရသည်။
ကချင်ပြည်နယ် ချီဖွေဒေသတွင် အာဏာမသိမ်းမီက သတ္တုလုပ်ကွက် ၁၀၀ ခန့်သာ ရှိရာမှ ယခုအခါ ၃၅၇ ကွက်အထိ (၁၉၄ ရာခိုင်နှုန်း) တိုးလာပြီး၊ ဓာတုပျော်ရည်ကန်ပေါင်း ၂,၅၀၀ ကျော်က မြေပေါ်မြေအောက် ရေထုကို အဆိပ်ခတ်နေကြောင်း ISP-Myanmar က ဖော်ပြသည်။
Stimson Center ၏ လေ့လာချက်အရ ကချင်ပြည်နယ်ရှိ မြေရှားသတ္တုတွင်းဒေသများတွင် ငါးများသေဆုံးခြင်း၊ အရေပြားရောဂါနှင့် ကိုယ်ဝန်ပျက်ကျခြင်းကဲ့သို့သော ဆိုးကျိုးများကို လက်တွေ့ခံစားနေရပြီး၊ အလားတူဖြစ်ရပ်မျိုး သျှမ်းပြည်မြောက်ပိုင်းရှိ ရွှေလီမြစ်နှင့် မြစ်ငယ်မြစ်ဝှမ်းတွင်လည်း ဖြစ်ပေါ်လာနိုင်ကြောင်း သတိပေးထားသည်။
စစ်ခေါင်းဆောင်က ဘန်ကောက်တွင် လက်မှတ်ရေးထိုးခဲ့သည့် မြစ်ရေထိန်းသိမ်းရေးစာချုပ်တွင် အဆိုပါ ဓာတုအဆိပ်သင့်မှုများကို မည်သို့ထိန်းချုပ်မည်၊ မည်သည့်အဖွဲ့အစည်းက တာဝန်ခံမည်ဆိုသည့် အချက်များမှာ လုံးဝ ဝေဝါးနေသည်။
စစ်ကော်မရှင်နှင့် လက်နက်ကိုင်အဖွဲ့အစည်းများသည် ၎င်းတို့၏ စစ်အသုံးစရိတ်အတွက် သယံဇာတများကို အပြိုင်အဆိုင် တူးဖော်နေကြသော်လည်း ပတ်ဝန်းကျင် ထိန်းသိမ်းရေးနှင့် ပြည်သူ့ကျန်းမာရေးအတွက်မူ မည်သူမျှ တာဝန်ယူခြင်း မရှိပေ။
သယံဇာတမှ ရရှိသော ဘီလီယံနှင့်ချီသည့် ဒေါ်လာများသည် လက်နက်ကိုင်အဖွဲ့အစည်းများ၏ စစ်မီးကိုသာ ဆက်လက်တောက်လောင်စေမည် ဖြစ်သည်။
ဒေသခံပြည်သူများအတွက်မူ အနာဂတ်တွင် ပြန်လည်ကုစား၍မရနိုင်သော ပျက်စီးသွားသော မြေဆီလွှာနှင့် အဆိပ်သင့်မြစ်များကိုသာ အမွေအဖြစ် ကျန်ရစ်စေတော့မည် ဖြစ်သည်။












Leave a Comments