မြန်မာနှင့် လာအို နိုင်ငံတို့အကြား နယ်စပ်ဖြတ်သန်းစီးဆင်းသည့် မဲခေါင်မြစ်ပေါ်တွင် လျှပ်စစ်ဓာတ်အား ၂,၇၉၀ မဂ္ဂါဝပ် ထုတ်လုပ်နိုင်မည့် ရေအားလျှပ်စစ်စီမံကိန်းတစ်ခု အကောင်အထည်ဖော်ရန်အတွက် သဘောတူညီချက်တစ်ရပ်ကို နှစ်နိုင်ငံအစိုးရများက လက်မှတ်ရေးထိုးလိုက်ကြကြောင်း စစ်ကော်မရှင်က ထုတ်ပြန်သည်။
အာဏာသိမ်းသမ္မတ ဦးမင်းအောင်လှိုင်၏ ၃ ရက်ကြာ လာအိုနိုင်ငံ ချစ်ကြည်ရေးခရီးအတွင်း ဇူလိုင်လ ၄ ရက်နေ့က ဗီယင်ကျန်းမြို့တွင် အဆိုပါ သဘောတူညီချက်ကို လက်မှတ်ရေးထိုးခဲ့ခြင်း ဖြစ်သည်။
ယခုလက်မှတ်ရေးထိုးလိုက်သော ပူးတွဲသဘောတူစာချုပ်အရ မြန်မာဘက်မှ Primus Sapphire Power Co., Ltd နှင့် လာအိုဘက်မှ Phongsupthavy Group Sole Co., Ltd တို့က စီမံကိန်းဖြစ်နိုင်ခြေကို ၃၄ လ (၃ နှစ်နီးပါး) ကြာ စူးစမ်းလေ့လာသွားမည်ဖြစ်ကြောင်း သိရသည်။
အဆိုပါစီမံကိန်းကို သျှမ်းပြည်အရှေ့ပိုင်း တာချီလိတ်ခရိုင်နှင့် လာအိုနိုင်ငံ လွမ်နမ်သာခရိုင်တို့အကြား နယ်စပ်အဖြစ် မိုင် ၁၅၀ ခန့် ထိစပ်စီးဆင်းနေသည့် မဲခေါင်မြစ်ကြောင်းတစ်လျှောက်တွင် အကောင်အထည်ဖော်ရန် ရည်ရွယ်ထားသည်။
လက်ရှိတွင် တာချီလိတ်မြို့သည် ထိုင်းနှင့် လာအိုနိုင်ငံတို့မှတစ်ဆင့် ရောင်းချသည့် လျှပ်စစ်ဓာတ်အားကို မှီခိုနေရပြီး ၂၀၂၅ ခုနှစ်အတွင်း ကျားဖြန့်လုပ်ငန်းများ နှိမ်နင်းရေးအစီအစဉ်ဖြင့် ထိုင်းနိုင်ငံဘက်မှ လျှပ်စစ်ဓာတ်အား ဖြတ်တောက်ခဲ့ပြီးနောက် လာအိုနိုင်ငံမှ လျှပ်စစ်ဓာတ်အားအပေါ် ပိုမိုမှီခိုအားထားလာရခြင်း ဖြစ်သည်။
လာအိုနိုင်ငံသည်လည်း ၎င်း၏ မြစ်ချောင်းများကို အသုံးပြုကာ အရှေ့တောင်အာရှ၏ ဘက်ထရီဖြစ်လာရန် ကြိုးပမ်းနေပြီး အိမ်နီးချင်းနိုင်ငံများကို လျှပ်စစ်ပြန်လည်ရောင်းချရန် ရည်မှန်းထားသည်။
သို့သော်လည်း မဲခေါင်မြစ်မကြီးပေါ်တွင် ရေကာတာများ တည်ဆောက်ခြင်းအပေါ် ပတ်ဝန်းကျင်ထိန်းသိမ်းရေး အဖွဲ့အစည်းများနှင့် မြစ်အောက်ပိုင်းနိုင်ငံများဖြစ်သော ဗီယက်နမ်နှင့် ကမ္ဘောဒီးယားတို့က စိုးရိမ်လျက်ရှိသည်။
မြစ်ကြောင်းတစ်လျှောက် ဆည်များတည်ဆောက်ခြင်းသည် ငါးလုပ်ငန်း၊ စိုက်ပျိုးရေးနှင့် သဘာဝဂေဟစနစ်ကို ဆိုးရွားစွာ ထိခိုက်စေကြောင်း နိုင်ငံတကာအဖွဲ့အစည်းများက ထောက်ပြထားသည်။
ပြီးခဲ့သည့် ဇွန်လ ၉ ရက်နေ့က နေပြည်တော်တွင် ကျင်းပသည့် အမျိုးသားအဆင့် ရေအရင်းအမြစ်ကော်မတီ အစည်းအဝေး၌ အာဏာသိမ်းသမ္မတ ဦးမင်းအောင်လှိုင်က မြန်မာနိုင်ငံ၏ မြစ်ချောင်းများမှ မဂ္ဂါဝပ် ၁၀၀,၀၀၀ ကျော် ထုတ်လုပ်နိုင်စွမ်းရှိသော်လည်း လက်ရှိတွင် ၃ ဒသမ ၅ ရာခိုင်နှုန်းသာ ထုတ်လုပ်နိုင်သေးကြောင်း ပြောကြားခဲ့သည်။
၎င်းက ရေအရင်းအမြစ်များ အကျိုးမဲ့ ပင်လယ်ထဲသို့ စီးဝင်နေခြင်းသည် နိုင်ငံအတွက် ဆုံးရှုံးမှုဖြစ်ကြောင်းနှင့် ဖွံ့ဖြိုးတိုးတက်ရေးကို မလိုလားသူများကြောင့် စီမံကိန်းကြီးများ နှောင့်နှေးနေရကြောင်း စွပ်စွဲပြောဆိုခဲ့သည်။













Leave a Comments