တရုတ်အရိပ်အောက်က အာဏာသိမ်းသမ္မတ၏ အနာဂတ်

အာဏာသိမ်းခေါင်းဆောင် ဦးမင်းအောင်လှိုင်သည် အိန္ဒိယခရီးစဉ်အပြီး သီတင်းပတ် နှစ်ပတ်ခန့်အကြာတွင် တရုတ်နိုင်ငံသို့ ထပမဆုံးအကြိမ် သမ္မတအဖြစ် သွားရောက်ခဲ့ပြီး တရုတ်သမ္မတ ရှီကျင့်ဖျင်နှင့် တွေ့ဆုံခဲ့သည်။  

ဦးမင်းအောင်လှိုင်သည် ကာကွယ်ရေးဦးစီးချုပ်ဘဝမှ ယခုအချိန်အထိ တရုတ်နိုင်ငံသို့ (၁၃) ကြိမ်တိုင် သွားရောက်ခဲ့ဖူးသော်လည်း ယခုတစ်ကြိမ်သည် အရပ်သားအစိုးရအသွင်ဖြင့် သမ္မတ ရာထူးရယူပြီးနောက် ပထမဆုံးခရီးစဉ် ဖြစ်သည်။ 

အဆိုပါခရီးစဉ်အတွင်း ဦးမင်းအောင်လှိုင်အပြင် ပြည်ထောင်စုဝန်ကြီး (၆) ဦး၊ ကချင်ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်နှင့် သျှမ်းပြည်နယ်ဝန်ကြီးချုပ် ဦးစိုင်းထိန်စိုး၊ တပ်မတော်အဆင့်မြင့် အရာရှိကြီးများ၊ ဒုတိယဝန်ကြီးများနှင့် သံအမတ်ကြီးတို့လည်း လိုက်ပါခဲ့ကြကြောင်း သိရသည်။ 

တရုတ်နိုင်ငံအနေဖြင့် အာဏာသိမ်းသမ္မတ ဦးမင်းအောင်လှိုင်ကို ကော်ဇောနီခင်း ကြိုဆိုခဲ့ပြီး နိုင်ငံတော်အဆင့် ခရီးစဉ်အဖြစ် ဖိတ်ကြားခဲ့ခြင်းသည် စစ်အစိုးရကို တရားဝင်အစိုးရဖြစ် အသိအမှတ်ပြုကြောင်း ထင်ရှားစွာ ပြသလိုက်ခြင်း ဖြစ်သည်ဟု သျှမ်းနိုင်ငံရေး သုတေသီ စိုင်းဝမ်းစိုင်းက ပြောသည်။

“တရုတ်က မင်းအောင်လှိုင်ကို ကော်ဇောနီခင်း ကြိုဆိုပြီး နိုင်ငံတော်အဆင့် ခရီးအဖြစ် ဖိတ်ကြားခဲ့တာဟာ သူ့ရဲ့ စစ်တပ်အစိုးရကို တရားဝင်အစိုးရအဖြစ် အသိအမှတ် ပြုလိုက်တာပါပဲ” ဟု စိုင်းဝမ်းစိုင်းက သျှမ်းသံတော်ဆင့်ကို ပြောသည်။

သို့သော်လည်း အဆိုပါ သံတမန်ရေးရာ အခင်းအကျင်းများနှင့် မြေပြင်လက်တွေ့ အခြေအနေမှာ များစွာ ကွာဟနေကြောင်း ဒေသခံများနှင့် နိုင်ငံရေးလေ့လာသုံးသပ်သူများက ပြောကြသည်။

တရုတ်ခရီးစဉ်အတွင်း ဘာတွေ ဆွေးနွေးခဲ့သလဲ

ဇွန်လ ၁၆ ရက်က ပေကျင်းမြို့ ပြည်သူ့ခန်းမဆောင်၌ ပြုလုပ်သော တွေ့ဆုံပွဲတွင် သမ္မတ ရှီကျင့်ဖျင်က ဦးမင်းအောင်လှိုင်ကို တရုတ်နိုင်ငံ၏ မိတ်ဆွေရင်းအဖြစ် ခေါ်ဝေါ်သုံးနှုန်းခဲ့ပြီး မြန်မာ့အချုပ်အခြာအာဏာကို ထောက်ခံကြောင်း ပြောကြားခဲ့သည်ဟု စစ်တပ်ပိုင်သတင်းစာက ဖော်ပြထားသည်။

ထို့အပြင် ဦးမင်းအောင်လှိုင်က တရုတ်၏ ကမ္ဘာလုံးဆိုင်ရာ စီမံကိန်းများဖြစ်သော (GDI, GSI, GCI, GGI) ကို ထောက်ခံကြောင်း ပြောကြားခဲ့သည့်အပြင် လူ့စွမ်းအား အရင်းအမြစ်၊ စိုက်ပျိုးရေး၊ ကုန်သွယ်ရေး၊ သတင်းမီဒီယာ၊ လူသားချင်းစာနာမှုနှင့် နည်းပညာဖလှယ်ရေး ကဏ္ဍာများ အပါအဝင် နားလည်မှုစာချွန်လွှာ ၁၈ ခုကို လက်မှတ်ရေးထိုးခဲ့ကြကြောင်း သိရသည်။

ထူးခြားချက်အနေဖြင့် သမ္မတ ရှီကျင့်ဖျင်က ဦးမင်းအောင်လှိုင်ကို တရုတ်နိုင်ငံထုတ် နောက်ဆုံးပေါ် Huawei စမတ်ဖုန်းတစ်လုံးကိုလည်း လက်ဆောင်အဖြစ် ပေးအပ်ခဲ့ကြောင်း သိရသည်။

 ဦးမင်းအောင်လှိုင်က အဆိုပါဖုန်းကို စမ်းသပ်ကြည့်ရှုခဲ့ပြီး ထို့သို့ပေးအပ်ခြင်းမှာ သံတမန်ဆက်ဆံရေးထက် ပိုမိုနက်ရှိုင်းသော ရင်းနှီးမှုဖြစ်ကြောင်း စစ်တပ်နှင့် နီးစပ်သည့် မီဒီယာများက ဖော်ပြကြသည်။

ပြီးခဲ့သည့် မေလအတွင်းက အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်၏ တရုတ်ခရီးစဉ်တွင် ပေးအပ်ခဲ့သော လက်ဆောင်များကို အမေရိကန်ဘက်က လျှို့ဝှက်နားထောင်သည့်စက်များ၊ ခြေရာခံစနစ်များနှင့် ဆိုက်ဘာဗိုင်းရပ်စ်များ ပါလာနိုင်သည်ဟူသော လုံခြုံရေးနှင့် ထောက်လှမ်းရေးဆိုင်ရာ စိုးရိမ်ချက်များကြောင့် ယူဆောင်သွားခြင်း မရှိခဲ့ပေ။

ဦးမင်းအောင်လှိုင်၏ ခရီးစဉ်အတွင်း တရုတ်အစိုးရဘက်မှ တရုတ်-မြန်မာ စီးပွားရေးစင်္ကြံ (CMEC) နှင့် ရပ်ဝန်းနှင့်ပိုးလမ်းမ (BRI) စီမံကိန်းများကို အရှိန်အဟုန်မြှင့် ဆောင်ရွက်ရန်၊ နယ်စပ်ကုန်သွယ်ရေး လမ်းကြောင်းများ အမြန်ဆုံးပြန်ဖွင့်ရန်နှင့် နယ်စပ်ဒေသ တရားဥပဒေစိုးမိုးရေးကို စနစ်တကျပူးပေါင်းဆောင်ရွက်ရန်၊ အွန်လိုင်းလိမ်လည်မှုနှင့် လောင်းကစားများကို လုံးဝအမြစ်ဖြတ်ရန် တောင်းဆိုခဲ့သည်။ 

ထို့အပြင် သန့်ရှင်းသော လျှပ်စစ်ဓာတ်အားထုတ်လုပ်ရေးနှင့် ရေနံနှင့် သဘာဝဓာတ်ငွေ့တူးဖော်ရေး လုပ်ငန်းများတွင် ပူးပေါင်းဆောင်ရွက်မှု မြှင့်တင်ရန် တရုတ်ဘက်မှ အတိအလင်း ပြောကြားခဲ့သည်။ 

ဦးမင်းအောင်လှိုင်ကလည်း တရုတ်ရင်းနှီးမြှုပ်မှုများကို အကာအကွယ်ပေးမည် ဖြစ်ကြောင်းနှင့် နယ်စပ်ဂိတ်များ ပြန်ဖွင့်ရေး၊ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွင် တရုတ်နှင့် ပူးပေါင်းရေး အပါအဝင် အချက် ၅ ချက်ကို ကတိပြုခဲ့သည်။ 

အဆိုပါ CMEC စီမံကိန်းများသည် လက်ရှိတွင် တိုက်ပွဲများပြင်းထန်နေသည့် နယ်မြေများကို ဖြတ်သန်းသွားရမည်ဖြစ်ရာ မြေပြင်တွင် စစ်တပ်၏ နယ်မြေထိန်းချုပ်နိုင်မှုအပေါ် များစွာမူတည်နေကြောင်း သျှမ်းနိုင်ငံရေး သုတေသီ စိုင်းဝမ်းစိုင်းက  သုံးသပ်သည်။

“မင်းအောင်လှိုင်က နယ်မြေကို တကယ်တမ်း ထိထိရောက်ရောက် မစိုးမိုးနိုင်တဲ့အတွက် လက်တွေ့ကျတဲ့ အာမခံချက်မျိုး မပေးနိုင်ပါဘူး။ ဒါပေမယ့် သူကတော့ လုံခြုံရေးအတွက် အာမခံပါတယ်ဆိုတဲ့ စကားမျိုးကို အမြဲတမ်း ပြောနေမှာပါပဲ” ဟု ၎င်းက သျှမ်းသံတော်ဆင့်ကို ပြောသည်။

တရုတ်နိုင်ငံအတွက် မြန်မာသည် အိန္ဒိယသမုဒ္ဒရာသို့ ထွက်ပေါက်ရရှိစေမည့် ကျောက်ဖြူရေနက်ဆိပ်ကမ်းနှင့် ရထားလမ်းစီမံကိန်းများကြောင့် မဟာဗျူဟာအရ အလွန်အရေးကြောင်း ၎င်းက ပြောသည်။ 

CMEC စီမံကိန်းသည် တရုတ်၏ ခေတ်သစ်ပိုးလမ်းမကြီးစီမံကိန်း (BRI) ၏ အစိတ်အပိုင်းတစ်ခုဖြစ်သောကြောင့် အလွန်အရေးပါသည်။ CMEC ရှေ့မတိုးနိုင်ပါက BRI စီမံကိန်းတစ်ခုလုံးအပေါ် သက်ရောက်မှုရှိနေကြောင်း စိုင်းဝမ်းစိုင်းက ဆိုသည်။

ထို့ကြောင့် တရုတ်သည် ၎င်း၏စီမံကိန်းများ ဖြတ်သန်းမည့် မြန်မာမြောက်ပိုင်းတွင် တိုက်ပွဲများရပ်တန့်ရန် ကြားဝင်စေ့စပ်မှုများ ပြုလုပ်ခဲ့သလို ဦးမင်းအောင်လှိုင်ကိုလည်း တိုင်းရင်းသားပြန်လည်သင့်မြတ်ရေးကို အဓိက ဆောင်ရွက်ရန် တိုက်တွန်းခဲ့သည်။

ယခုခရီးစဉ်သည် ဦးမင်းအောင်လှိုင် သမ္မတအဖြစ် တာဝန်ယူပြီးနောက်ပိုင်း ဒေသတွင်း အင်အားကြီးနိုင်ငံများထံမှ သံတမန်ရေးရာ အသိအမှတ်ပြုမှုရရှိရန် ကြိုးပမ်းသည့် ဒုတိယမြောက် ပြည်ပခရီးစဉ် ဖြစ်သည်။

ဦးမင်းအောင်လှိုင်သည် ပြီးခဲ့သည့် မေလ ၃၁ ရက်မှ ဇွန်လ ၃ ရက်အထိ အန္ဒိယနိုင်ငံသို့ ပထမဆုံး ပြည်ပခရီးစဉ်အဖြစ် သွားရောက်ကာ အန္ဒိယသမ္မတ ဒရော်ပါဒီ မူရ်မူ၊ ဝန်းကြီးချုပ် နာရန်ဒရာ မိုဒီတို့နှင့် တွေ့ဆုံခဲ့ပြီးနောက် သီတင်းပတ်အတွင်းမှာပင် တရုတ်နိုင်ငံသို့ ထပ်မံသွားရောက်ခြင်း ဖြစ်သည်။ 

သျှမ်းမြောက် ကုန်သွယ်ရေးလမ်းကြောင်း ပြန်ဖွင့်နိုင်မလား

ဦးမင်းအောင်လှိုင်၏ တရုတ်ခရီးစဉ်အတွင်း နယ်စပ်ဂိတ်များ ပြန်ဖွင့်ရန် သဘောတူညီခဲ့သော်လည်း သျှမ်းမြောက်ဒေသခံများ၏ အဆိုအရ လက်ရှိအချိန်ထိ တရုတ်နယ်စပ်ဂိတ်များ၏ အခြေအနေမှာ ထူးခြားပြောင်းလဲခြင်း မရှိသေးကြောင်း ဆိုသည်။ 

သျှမ်းမြောက်ကုန်သွယ်ရေး လမ်းကြောင်း ပြန်ဖွင့်ရန် ခက်ခဲနေသည့် အဓိကအချက်မှာ နယ်မြေစိုးမိုးမှုပုံစံကြောင့် ဖြစ်ကြောင်း သျှမ်းမြောက်ကုန်သည်တစ်ဦးက ပြောသည်။ 

သီပေါမြို့မှ မူဆယ်မြို့အထိ လမ်းပိုင်းကို တိုင်းရင်းသားလက်နက်ကိုင်များက ထိန်းချုပ်ထားပြီး သီပေါနှင့် လားရှိုးကြားတွင် ကိုးကန့်တပ် (MNDAA) က ရှိနေသည်။ 

ထို့အပြင် လားရှိုးမြို့ အလွန်တွင် ကိုးကန့်တပ် (MNDAA) အပြင် ကချင်တပ် (KIA)၊ သျှမ်းတပ် (SSPP)၊ တအာင်းတပ် (TNLA) နှင့် ရခိုင်တပ် (AA) အဖွဲ့တို့ ရှိနေခြင်းကြောင့် ကုန်သွယ်ရေးလမ်းကြောင်း ပြန်ဖွင့်နိုင်ရန်မှာ အဆိုပါအဖွဲ့များနှင့်ပါ ညှိနှိုင်းရဦးမည် ဖြစ်ကြောင်း သျှမ်းမြောက်ကုန်သည်တစ်ဦးက ပြောသည်။ 

“ကုန်သွယ်ရေးလမ်းကြောင်း ပြန်ဖွင့်နိုင်ဖို့က ၂ လ၊ ၃ လလောက် ကြာဦးမယ်ထင်တယ်” ဟု ၎င်းက သျှမ်းသံတော်ဆင့်ကို ပြောသည်။ 

လက်ရှိတွင် မူဆယ်မြို့၌ တရုတ်ကုန်ပစ္စည်းများ၏ ဈေးနှုန်းမှာ အဆမတန် မြင့်တက်နေကြောင်း ဆိုသည်။ 

တရုတ်နိုင်ငံဘက်တွင် ကျပ် ၁,၀၀၀ ခန့်သာရှိသော ပစ္စည်းတစ်ခုသည် မူဆယ်သို့ ရောက်ရှိလာပါက ကျပ် ၄,၀၀၀ မှ ၅,၀၀၀ ခန့်အထိ မြင့်တက်သွားကြောင်း မူဆယ်မြို့ ဒေသခံများထံမှ သိရသည်။

“ဒါဟာ တရားဝင်အခွန်ဆောင်ရလို့ မဟုတ်ဘူး။ လမ်းပေါ်ရှိတဲ့ ရဲတွေနဲ့ လက်နက်ကိုင်အဖွဲ့အစည်းတွေက လမ်းစရိတ်ဆိုပြီး ပိုက်ဆံအများကြီး ကောက်နေကြတာ။ မန္တလေးနဲ့ ရန်ကုန်ကို ပို့မယ့် ကုန်ပစ္စည်းတွေ ဈေးတက်တာလည်း ဒီဂိတ်ကြေးတွေကြောင့်ပဲ” ဟု မူဆယ်ဒေသခံတစ်ဦးက ပြောသည်။ 

ထို့အပြင် စစ်ကော်မရှင်၏ ရက် ၁၀၀ စီမံချက်ကြောင့် မူဆယ်မှ မန္တလေးသို့ ပို့သည့် ကုန်ပစ္စည်းများ လမ်းတွင် မကြာခဏ အဖမ်းခံနေရပြီး ငွေးကြေး အမြောက်အမြား ပေးနိုင်သူများသာ လွတ်မြောက်နေကြောင်း သိရသည်။ 

ကိုးကန့်တပ် (MNDAA) သည် “၁၀၂၇ စစ်ဆင်ရေး”အတွင်း မဟာမိတ် TNLA သိမ်းပိုက်ထားသည့် ကွတ်ခိုင်မြို့ကို မတ်လ ၁၅ ရက်တွင် သိမ်းပိုက်လိုက်ပြီးနောက် မူဆယ်-လားရှိုး ကုန်သွယ်ရေး လမ်းကြောင်းတစ်ခုလုံး သားမက သျှမ်းမြောက်ကုန်သွယ်ရေး လမ်းကြောင်းများကို ကိုးကန့်တပ် (MNDAA) က ထိန်းချုပ်လိုက်ပြီ ဖြစ်ကြောင်း နယ်စပ်ကုန်သည်များထံမှ သိရသည်။ 

ကွတ်ခိုင်မြို့သည် တရုတ်နိုင်ငံ ယူနန်ပြည်နယ်နှင့် ဆက်သွယ်ထားသော မန္တလေး-လားရှိုး-မူဆယ် လမ်းမကြီးပေါ်တွင် တည်ရှိပြီး ကွတ်ခိုင်နှင့် ထိုလမ်းမကြီးသည် မြန်မာ-တရုတ်နယ်စပ် ကုန်သွယ်ရေးတွင် အရေးပါသည်။ 

ကိုးကန့်တပ် (MNDAA) ထိန်းချုပ်ထားသော ချင်းရွှေဟော်မြို့တွင်လည်း တရုတ်-မြန်မာ နယ်စပ်ဂိတ်ဟောင်းကို ပြန်လည်ပြုပြင်ချဲ့ထွင်နေပြီး ဂိတ်သစ်ကိုလည်း မကြာမီ ဖွင့်လှစ်တော့မည် ဖြစ်ကြောင်း “ဝ”ဒေသမီဒီယာ တစ်ခုဖြစ်သော Wa News Land တွင် ဖော်ပြထားသည်။

စစ်ရာဇဝတ်မှု ကြံရာပါ

တစ်ဖက်တွင်လည်း အဆိုပါခရီးစဉ်နှင့် ပတ်သက်၍ လူ့အခွင့်အရေး စောင့်ကြည့်လေလာရေးအဖွဲ့ဖြစ်သော Justice For Myanmar (JFM) က ကန့်ကွက်မှုများ ထုတ်ပြန်ခဲ့သည်။ 

တရုတ်နိုင်ငံသည် မြန်မာစစ်အုပ်စုအား အဓိက စစ်လက်နက် ရောင်းချပေးနေသည့် နိုင်ငံအဖြစ် ဆက်လက်တည်ရှိနေပြီး အရပ်သားများအပေါ် လေကြောင်း တိုက်ခိုက်မှုများ ပြုလုပ်ရာတွင် တရုတ်နိုင်ငံထုတ် တိုက်လေယာဉ်များကို အသုံးပြုနေသည်ဟု JFM က ထုတ်ပြန်ထားသည်။

တရုတ်နိုင်ငံပိုင် ကုမ္ပဏီများဖြစ်သော AVIC နှင့် Sinotruk တို့သည် မြန်မာစစ်တပ်ကို တိုက်လေယာဉ်များနှင့် စစ်သုံးယာဉ်များ ထောက်ပံ့နေခြင်းဖြင့် အရပ်သားများအပေါ် လေကြောင်းတိုက်ခိုက်မှုနှင့် စစ်ရာဇဝတ်မှုများ ကျူးလွန်ရာတွင် ကြံရာပါ ဖြစ်နေသည်ဟု JFM ၏ ဆိုထားသည်။ 

ရှီကျင့်ဖျင်သည် စစ်ရာဇဝတ်ကောင် မင်းအောင်လှိုင်ကို လက်ခံတွေ့ဆုံခြင်းဖြင့် အကြမ်းဖက်မှုများတွင် ပါဝင်ပတ်သက်မှုကို ပိုမိုနက်ရှိုင်းစေသည်ဟု အဆိုပါထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။ 

NUG နှင့် SCEF အနေဖြင့် တရုတ်နိုင်ငံနှင့် တိုက်ရိုက်ထိတွေ့ဆက်ဆံရန် ကြိုးပမ်းရမည်ဖြစ်သလို အမေရိကန်၊ အီးယူနှင့် အာဆီယံတို့ကို အသုံးချ၍ တရုတ်နှင့် ဆွေးနွေးပွဲများ ပေါ်ပေါက်လာအောင် ဆောင်ရွက်ရမည် ဖြစ်ကြောင်း သျှမ်းနိုင်ငံရေး သုတေသီ စိုင်းဝမ်းစိုင်းက သုံးသပ်သည်။ 

“NUG နဲ့ SCEF အနေနဲ့ တရုတ်ဆီ တိုက်ရိုက်ချဉ်းကပ်ရမှာ ဖြစ်သလို၊ အမေရိကန်၊ အီးယူနဲ့ အာဆီယံတို့ကို ကြားခံသုံးပြီး တရုတ်နဲ့ ဆွေးနွေးပွဲတွေဖြစ်လာအောင် ကြိုးစားရပါလိမ့်မယ်။ နောက်ထပ် ရွေးချယ်စရာ လမ်းကြောင်းတစ်ခုကတော့ မြန်မာနိုင်ငံထဲက တရုတ်ရဲ့ အကျိုးစီးပွားတွေကို ဖျက်ဆီးပစ်ဖို့ပဲ ရှိပါတယ်” ဟု ၎င်းက ထပ်လောင်းပြောသည်။

ဦးမင်းအောင်လှိုင်၏ ပေကျင်းခရီးစဉ်သည် နေပြည်တော်အတွက် သံတမန်ရေးရာ အောင်မြင်မှုတစ်ခုဟု ယူဆနိုင်သော်လည်း တရုတ်၏ စီးပွားရေးစီမံကိန်းများအတွက် လုံခြုံရေး အာမခံချက်ပေးနိုင်ရန်မှာ မြေပြင်ရှိ စစ်ရေးအခြေအနေနှင့် နယ်မြေစိုးမိုးမှုအပေါ် များစွာ မူတည်နေသည်။ 

တဖက်တွင်လည်း တရုတ်နိုင်ငံ၏ မြန်မာစစ်အုပ်စုအပေါ် ထောက်ခံမှုသည် မြန်မာပြည်သူများ၏ ဆန့်ကျင်မှုကို ပိုမိုရင်ဆိုင်ရဖွယ် ရှိနေသည်။ 

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

နိုင်ငံတကာအသိအမှတ်ပြုမှုအတွက် ဦးမင်းအောင်လှိုင် တရုတ်ခရီးစဉ်စတင်

0
အာဏာသိမ်းသမ္မတ ဦးမင်းအောင်လှိုင်သည် တရုတ်နိုင်ငံသမ္မတ ရှီကျင့်ဖျင်၏ ဖိတ်ကြားချက်အရ (၅) ရက်ကြာ နိုင်ငံတော်အဆင့် ချစ်ကြည်ရေးခရီးအဖြစ် ယနေ့ (ဇွန်လ ၁၅ ရက်) တွင် တရုတ်နိုင်ငံသို့ စတင်ထွက်ခွာပြီ ဖြစ်ကြောင်း သိရသည်။  ယခုခရီးစဉ်သည် ဦးမင်းအောင်လှိုင် သမ္မတအဖြစ် တာဝန်ယူပြီးနောက်ပိုင်း ဒေသတွင်း အင်အားကြီးနိုင်ငံများထံမှ သံတမန်ရေးရာ...

စစ်ခေါင်းဆောင် တရုတ်ခရီးစဉ်ပြီးနောက် TNLA ထိန်းချုပ်နယ်မြေထဲ လေကြောင်းဗုံးဆက်တိုက်ကြဲ

0
စစ်ခေါင်းဆောင် မင်းအောင်လှိုင်၏ တရုတ်နိုင်ငံ ခရီးစဉ်ပြီးနောက် TNLA ထိန်းချုပ်ထားသည့် ကျောက်မဲနှင့် သီပေါမြို့သို့ လေကြောင်းဗုံးဖြင့် ဆက်တိုက်ကြဲချတိုက်ခိုက်ခဲ့ကြောင်း စုံစမ်းသိရသည်။ ပြီးခဲ့သည့် ဩဂုတ်လ ၃၀ ရက်မှ စက်တင်ဘာလ ၆ ရက်အထိ သွားရောက်ခဲ့သည့် စစ်ခေါင်းဆောင် မင်းအောင်လှိုင်၏ တရုတ်နိုင်ငံ ခရီးစဉ်ပြီးနောက် စစ်ကော်မရှင်တပ်သည် တအာင်း(ပလောင်)...

တရုတ်ခရီးစဉ်နောက်ပိုင်း မိုင်းရယ်မြို့ဘက် စစ်ကောင်စီ ဆက်တိုက်အင်အားဖြည့်နေ

0
သျှမ်းပြည်မြောက်ပိုင်း၊ မိုင်းရယ်မြို့နယ်မှာ စစ်တပ်မှ ဆက်တိုက်အင်အားဖြည့်တင်းလာနေကြောင်း ဒေသခံများ ပြောပြချက်အရသိရသည်။ စစ်ခေါင်းဆောင် မင်းအောင်လှိုင်မှ နိုဝင်ဘာလ( ၆ ရက်)တွင်  တရုတ်ခရီးစဉ်ကို သွားရောက်ခဲ့ပြီး တရုတ်-မြန်မာနယ်စပ် ဂိတ်များကို စစ်တပ်မှ အပြည့်ဝ စီမံခန့်ခွဲခွင့်ရရေး ဆောင်ရွက်မည်ဟု တရုတ်ဝန်ကြီးချုပ် Mr. Li Qiang က မင်းအောင်လှိုင်ကိုပြောသည်။ ထို့အပြင် တရုတ်နိုင်ငံအနေဖြင့် မြန်မာနိုင်ငံ၏...

နယ်စပ်ဂိတ်များ စစ်ကောင်စီ အပြည့်အဝ စီမံခန့်ခွဲခွင့်ရရေး ဆောင်ရွက်မည်ဟု တရုတ် ဝန်ကြီးချုပ် ပြောဆို

0
တရုတ်-မြန်မာနယ်စပ် ဂိတ်များ စစ်ကောင်စီ အပြည့်အဝ စီမံခန့်ခွဲခွင့်ရရေး ဆောင်ရွက်မည်ဟု တရုတ်ဝန်ကြီးချုပ် Mr. Li Qiang က စစ်ခေါင်းဆောင် မင်းအောင်လှိုင် နှင့် ယမန်နေ့ (နိုဝင်ဘာ ၆ ရက်) က တွေ့ဆုံစဥ် ပြောဆိုလိုက်သည်။ တရုတ်နိုင်ငံ အနေဖြင့် မြန်မာနိင်ငံ၏ အချုပ်အခြာ...