သျှမ်းပြည်အရှေ့ပိုင်း မိုင်းဆတ်မြို့နယ်တောင်ဘက်ရှိ ဝမ်ဟုန် ကျောက်မီးသွေးသုံး လျှပ်စစ်ဓာတ်အားပေး စက်ရုံသစ်ကြောင့် နမ့်ခုတ်မြစ်ရေ ညစ်ညမ်းမှု ပိုမိုဆိုးရွားလာပြီး ဒေသခံများ၏ ကျန်းမာရေးနှင့် စိုက်ပျိုးရေး လုပ်ငန်းများအပေါ် ခြိမ်းခြောက်ခံနေရကြောင်း ရှမ်းလူ့အခွင့်အရေးမဏ္ဍိုင် (SHRF) က ယမန်နေ့ (မတ်လ ၂၂ ရက်) တွင် ထုတ်ပြန်လိုက်သည်။
အဆိုပါ လျှပ်စစ်ဓာတ်အားပေးစက်ရုံသည် ‘ဝ’ ပြည်သွေးစည်းညီညွတ်ရေးတပ်မတော် (UWSA) မှ ပိုင်ဆိုင်ပြီး ၂၀၂၅ ခုနှစ် နိုဝင်ဘာလတွင် စတင်လည်ပတ်ခဲ့ခြင်း ဖြစ်ကြောင်း ဆိုသည်။
စက်ရုံသည် ထိုင်းနိုင်ငံ ချင်းရိုင်ခရိုင် နယ်စပ်မှ ၁၉ ကီလိုမီတာသာ ကွာဝေးပြီး လက်ရှိတွင် UWSA လက်အောက်ခံ စစ်စခန်းများ၊ လက်နက်စက်ရုံများနှင့် ရာဘာစက်ရုံများအတွက် လျှပ်စစ်ဓာတ်အား ပေးဝေလျက်ရှိကြောင်း အဆိုပါထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
“လက်ရှိ ကျောက်မီးသွေးတူးဖော်မှု စက်ရုံက အခုမှလည်ပတ်တာဆိုတော့ ဆိုးကျိုးတွေကတော့ တန်းသိသာမှာမဟုတ်ဘူး။ ဒါပေမယ့် အဲ့ဒီနေရာမှာ ကျောက်မီးသွေးတူးဖော်နေတာ ကြာပြီ” ဟု ရှမ်းလူ့အခွင့်အရေးမဏ္ဍိုင် (SHRF) ၏ ပြောရေးဆိုခွင့်ရှိသူ ယိင်းလျန်းဟန်က သျှမ်းသံတော်ဆင့်ကို ပြောသည်။
အဆိုပါစက်ရုံလည်ပတ်ပြီး မကြာမီမှာ စက်ရုံအနီးရှိ နမ့်ခုတ်မြစ်အတွင်းသို့ ပြဒါး၊ ခဲနှင့် အာဆင်းနစ် ကဲ့သို့ ပြင်းထန်သော သတ္တုများ ပါဝင်သည့် စွန့်ပစ်ပစ္စည်းများနှင့် စိမ့်ထွက်အရည်များ စီးဝင်သွားနိုင်ကြောင်း ဆိုသည်။
ဒေသခံများ၏ ပြောကြားချက်အရ အိမ်ပြင်ထွက်သည့်အခါတိုင်း ကျောက်မီးသွေးနံ့များကို ပြင်းထန်စွာ ရရှိနေပြီး လေထုညစ်ညမ်းမှုကြောင့် အသက်ရှူလမ်းကြောင်းဆိုင်ရာ ပြဿနာများနှင့် အက်ဆစ်မိုးရွာသွန်း နိုင်ခြေရှိသည့် အန္တရာယ်များကိုပါ ရင်ဆိုင်နေရကြောင်း သိရသည်။
ထို့အပြင် မိုင်းတွင်းအောက်ဘက်ရှိ မဲကင်ချောင်းတစ်လျှောက်တွင် နေထိုင်ကြသော ဒေသခံများမှာလည်း ထိုရေကို အသုံးပြုခြင်းကြောင့် အရေပြားယားနာများ ဖြစ်ပွားနေပြီး ချောင်းအတွင်းရှိ ငါးများလည်း စတင်သေဆုံးနေပြီ ဖြစ်ကြောင်း SHRF က ဆိုသည်။
“အခုဆို မဲကင်ချောင်းတစ်လျှောက်က ရွာတွေမှာ အရေပြားရောဂါတွေ စဖြစ်နေပြီ၊ ငါးတွေလည်း သေနေပြီလို့ သိရပါတယ်။ မြန်မာဘက်ခြမ်းမှာ ဘယ်လောက်ထိ ထိခိုက်နေလဲဆိုတာ အတိအကျ မသိရသေးပေမယ့် ထိုင်းဘက်မှာတော့ နမ့်ခုတ်မြစ်ရေ ညစ်ညမ်းမှုက တော်တော်ဆိုးနေပြီလို့ အာဏာပိုင်တွေရော တက်ကြွလှုပ်ရှားသူတွေရော ပြောနေကြတယ်။ ဒါတွေက တော်တော်လေးကို ဆိုးဆိုးရွားရွား ထိခိုက်နေတယ်လို့ ပြောလို့ရတယ်” ဟု ယိင်းလျန်းဟန်က ဆက်ပြောသည်။
၂၀၂၆ ခုနှစ် မတ်လ ၁၀ ရက်နေ့က ရိုက်ကူးထားသည့် ဂြိုလ်တုဓာတ်ပုံများအရ နမ့်ခုတ်မြစ်အနီးရှိ စက်ရုံအတွင်း ကျောက်မီးသွေးပုံများနှင့် ဆိုလာပြား အမြောက်အမြားကို တွေ့ရှိရကြောင်း ဆိုသည်။
ဤအထောက်အထားများအရ အဆိုပါစက်ရုံသည် ကျောက်မီးသွေးနှင့် နေရောင်ခြည်စွမ်းအင်သုံး (Hybrid) စက်ရုံ ဖြစ်သည်ဟူသော ဒေသခံများ၏ ပြောကြားချက်မှာ မှန်ကန်ကြောင်း အတည်ပြုနိုင်ခဲ့သည်ဟု SHRF ၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
ဒေသခံများ၏ အဆိုအရ မိုင်းတွင်းမှ ကျောက်မီးသွေးများကို ၁၀ ဘီး ကုန်တင်ယာဉ်ကြီးများဖြင့် “နေ့ရောညပါ” မရပ်မနား သယ်ယူပို့ဆောင်ကြောင်း သိရသည်။
အလားတူ သျှမ်းပြည်တောင်ပိုင်းရှိ တီကျစ်ကျောက်မီးသွေးစက်ရုံကြောင့် ဒေသခံ ၅၀ ရာခိုင်နှုန်းခန့် အရေပြားရောဂါခံစားရပြီး အင်းလေးကန်အတွင်းသို့ အဆိပ်သင့်ပစ္စည်းများ စီးဝင်ခဲ့သည့် သာဓကကို SHRF က ထောက်ပြထားသည်။
ယခု ဝမ်ဟုန်စက်ရုံသည်လည်း စနစ်တကျ ထိန်းချုပ်မှုမရှိလျှင် အလားတူ သဘာဝပတ်ဝန်းကျင် ပျက်စီးမှုမျိုး ကြုံတွေ့ရနိုင်ကြောင်း သတိပေးထားသည်။
ယခင်က တာချီလိတ်မြို့တွင် ကျောက်မီးသွေးစက်ရုံ တည်ဆောက်ရန် ကြိုးပမ်းမှုကို ထိုင်းနိုင်ငံဘက်မှ ဒေသခံများက ပြင်းပြင်းထန်ထန် ကန့်ကွက်ခဲ့ဖူးသည်။
သို့သော် ယခု ဝမ်ဟုန်စက်ရုံမှာ နယ်စပ်နှင့် နီးကပ်စွာ တည်ရှိနေပြီး ၎င်းမှထွက်ရှိသော ညစ်ညမ်းမှုများသည် နယ်စပ်ဖြတ်ကျော်၍ ထိုင်းနိုင်ငံဘက်သို့ပါ သက်ရောက်မှုရှိလာနိုင်သည့်အတွက် လူမှုအဖွဲ့အစည်းများအကြား စိုးရိမ်မှုများ မြင့်တက်လျက်ရှိသည်။












Leave a Comments