- ပိတ်ဆို့တစ်ဆို့နေသော နွေဦးတော်လှန်ရေး (၅) နှစ်သားလေးနှင့် ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စု ဖွဲ့စည်းပုံအခြေခံဉပဒေရေးဆွဲရေး အကြပ်အတည်း အခက်အခဲများ ပြဿနာရပ်များမှ ထွက်ရပ်လမ်း
- ဖြစ်နိုင်ချေရှိသော နွေဦးတော်လှန်ရေး အိပ်မက်ကြီးနှင့် စစ်မှန်သည့် ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စု ဖွဲ့စည်းပုံအခြေခံဉပဒေ ရေးဆွဲရေးဆီသို့
နွေဦးတော်လှန်ရေးမှ ပေါက်ဖွားလာသော အမျိုးသားညီညွတ်ရေး အတိုင်ပင်ခံကောင်စီ NUCC တပ်ပေါင်းစုကြီးသည် နွေဦးတော်လှန်ရေးအတွက် နိုင်ငံရေးလမ်းညွှန်အဖြစ် ဖက်ဒရယ်ဒီမိုကရေစီ ပဋိညာဉ် Federal Democracy Charter အစိတ်အပိုင်း (၁) နှင့် အစိတ်အပိုင်း (၂) တို့ကို ချမှတ်ထားသည်။
ထို့အပြင် NUCC တပ်ပေါင်းစုကြီးသည် နွေဦးတော်လှန်ရေးတွင် တိုက်ပွဲဝင်ကြသည့် တိုင်းရင်းသား ပြည်သူများ ပြည်ထောင်စု ပင်လုံအမျိုးသားစိတ်ဓာတ် ပိုမိုနိုးကြား ရှင်သန်ခိုင်မာလာစေရန် ရည်သန်လျက်
- (၁) ပြည်ထောင်စုမြန်မာနိုင်ငံအမျိုးသားကောင်စီ (NCUB) တပ်ပေါင်းစုကြီးက ရေးဆွဲထားသော FCDCC ဖက်ဒရယ်ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံ ဖွဲ့စည်းပုံအခြေခံဉပဒေ (ဒုတိယမူကြမ်း) ကို လည်းကောင်း၊
- (၂) တိုင်းရင်းသား လက်နက်ကိုင်တော်လှန်ရေးတပ်ဖွဲ့များ EAOs က ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စု ဖွဲ့စည်းပုံရေးဆွဲရန် တင်ပြထားသော လမ်းညွှန်ချက် (၂၄) ချက် တို့ကိုလည်းကောင်း
အခြေခံထားရှိပြီး ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စု ဖွဲ့စည်းပုံအခြေခံဥပဒေ ရေးဆွဲတင်ပြလာရန် ချမှတ်ပေးထားခဲ့ပါသည်။
သို့သော် အချိန် (၄) နှစ်ကျော် (၅) နှစ်ကာလအထိ နွေဦးတော်လှန်ရေး ၅ နှစ်သားလေးသည် ဖက်ဒရယ် ဒီမိုကရေစီပြည်ထောင်စု ဖွဲစည်းပုံရေးဆွဲရန် အမှောင်ထု ဖုံးလွှမ်းပြီး ပိတ်ဆို့တစ်ဆို့လျက်ရှိကာ အကြပ်အတည်း အခက်အခဲ ပြဿနာရပ်များနှင့် ကြုံတွေ့နေရပါ၍ ရေးဆွဲတင်ပြနိုင်ခြင်း မရှိသေးပါ။
ထို့ကြောင့် NUCC တပ်ပေါင်းစုကြီးအတွင်း တပ်စုများ၊ တပ်ဖွဲ့ဝင်များသည် အချင်းချင်း မယုံသင်္ကာဖြင့် အပြန်အလှန် ပြစ်တင်ဝေဖန်သံ အမျိုးမျိုး ကြားသိရပြီး နဂိုရှိရင်း NUCC တပ်ပေါင်းစုကြီးအတွင်း စည်းလုံးညီညွတ်ရေးကိုပင် ထိပါးလာသည်အထိ ဖြစ်လာသည်။
ထို့အပြင် အချိန်ပိုမို ကြန့်ကြာလာသည်နှင့်အမျှ ရှိရင်း ပြည်ထောင်စု တိုင်းရင်းသားပြည်သူများ၊ ပြည်ထောင်စု ပင်လုံအမျိုးသား စိတ်ဓာတ်သည်ပင်လျှင် ယိမ်းယိုင်ပြိုလဲသွားမည်ကို စိုးရိမ်မိကြမည် ဖြစ်ပေမည်။
ပြည်ထောင်စု၏ အခြေခံ အုတ်မြစ်ကြီးသည် “ပြည်ထောင်စု ပင်လုံအမျိုးသားစိတ်ဓာတ်”ပင် ဖြစ်သည်။ ပြည်ထောင်စု၏ စည်းလုံးညီညွတ်ရေး အခြေခံအုတ်မြစ်သည်လည်း ပြည်ထောင်စု ပင်လုံအမျိုးသား စိတ်ဓာတ်ပင် ဖြစ်သည်။ထိုသို့ နွေဦးတော်လှန်ရေး အိပ်မက်ကြီးသည်လည်း ပြည်ထောင်စု ပင်လုံအမျိုးသားစိတ်ဓာတ် ယိမ်းယိုင် ပြိုလဲသွားမည်ကို အထူးစိုးရိမ်မိပြီး နိုးထလာကာ အမှောင်ခွင်း၍ အလင်းဆောင်ရန် အရေးတကြီး လိုအပ်နေသည်။
တစ်ခုတည်းသော ထွက်ရပ်လမ်းနှင့် ဖြစ်နိုင်ချေရှိသည်မှာ လွတ်လပ်ရေးဖခင်ကြီးများ၊ ဖက်ဒရယ်ဗိသုကာကြီးများ ဖြစ်ကြသော ဗိုလ်ချုပ်အောင်ဆန်းနှင့် တိုင်းရင်းသား ခေါင်းဆောင်များ ချမှတ်ပေးထားခဲ့သည့်
- အမျိုးသားများ တန်းတူရည်တူ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့် အပြည့်အဝရှိပြီး ဒီမိုကရေစီနှင့် အခြေခံ လူ့အခွင့်အရေးများကို ကာကွယ်ပြဋ္ဌာန်းနိုင်မည့်
ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စု နိုင်ငံတော် တည်ထောင်ရန် အခြေခံမူများ၊ အခြေခံကျောရိုးများ ပန္နက်ရိုက် ချမှတ်ပေးထားသည့်အတိုင်း အခြေခံထားရှိပြီး နွေဦးအိပ်မက်ကြီးသည် စစ်မှန်သော ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စု ဖွဲစည်းပုံအခြေခံ ဥပဒေမူကြမ်းကို ကိုးကား ကောက်နုတ် ပြုစု ရေးသား တင်ပြရခြင်း ဖြစ်ပါသည်။
ရှေးဦးစွာ လွတ်လပ်ရေးဖခင်ကြီးများ၊ ဖက်ဒရယ်ဗိသုကာကြီးများနှင့် ခေါင်းဆောင်ကြီးများ အားလုံးကို ဦးညွှတ်ဂါရဝပြုလျက် “နွေဦး ၂၀၂၅ ခုနှစ် ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စု ဖွဲ့စည်းပုံအခြေခံဉပဒေ” ရေးဆွဲရာတွင် အထောက်အကူပြု၍ လွယ်ကူစေရန်
- ဗိုလ်ချုပ်အောင်ဆန်း၏ လွတ်လပ်ရေးအတွက် ၁၉၄၇ ခုနှစ် ဖွဲ့စည်းပုံအခြေခံဉပဒေမူကြမ်းတွင် ပါရှိသော အခြေခံမူများ၊ ကျောရိုးများ နှင့်
- နွေဦး ၂၀၂၅ ခုနှစ် ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စု ဖွဲ့စည်းပုံအခြေခံဥပဒေတွင် ပါရှိရမည့် အခြေခံမူများ၊ ကျောရိုးများ ကို
အောက်ပါအတိုင်း ယှဉ်တွဲ နှိုင်းယှဉ်၍ ကောက်နုတ် ဖော်ထုတ် တင်ပြအပ်ပါသည်။
နိုင်ငံတော်အမည်
တိုင်းပြုပြည်ပြုလွှတ်တော်တွင် ဗိုလ်ချုပ်အောင်ဆန်း တင်သွင်းခဲ့သည့် ၁၉၄၇ ခုနှစ် ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေမူကြမ်း အခန်း(၁) ပုဒ်မ (၁) တွင် နိုင်ငံတော်အမည်ကို
- “လွတ်လပ်၍ အချုပ်အခြာအာဏာပိုင် ကိုယ်ပိုင်ပြဋ္ဌာန်းခွင့် အပြည်အဝရှိသော ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် ဟု ခေါ်တွင်စေရမည်”ဟု ပါရှိသည်။
နွေဦး ၂၀၂၅ ခုနှစ် ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စု ဖွဲ့စည်းပုံအခြေခံဥပဒေတွင် –
- “ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်” ဆိုသည်မှာ မြန်မာလူမျိုး တစ်မျိုးတည်းနှင့်သာ သက်ဆိုင်သည်ဟု ယူဆမိသည်။
- Burma Proper ခေါ် ဗမာပြည်မ ဆိုသည်မှာ ဗမာပြည်မ နယ်မြေတွင် အတူနေထိုင်ကြသော မြန်မာ၊ ကရင်၊ ရခိုင်လူမျိုးများနှင့် သက်ဆိုင်သည်ဟု ယူဆမိသည်။
- ဗမာပြည်ကွန်မြူနစ်ပါတီ (ဗကပ)၊ ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂများ အဖွဲ့ချုပ် (ဗကသ) ဆိုသည်မှာ ပြည်ထောင်စု တိုင်းရင်းသား အားလုံးနှင့် သက်ဆိုင်သည်ဟု ယူဆမိသည်။
- သို့ဖြစ်ပါ၍ “ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံ” အစား “ပြည်ထောင်စုသမ္မတ ဗမာနိုင်ငံ” ဟု ခေါ်ဆိုရန်၊ သို့သော်လည်း နောက်ဆက်တွဲတွင် မြန်မာလား၊ ဗမာလား ဆိုသည့် အရှုပ်အထွေးများ မပေါ်ပေါက်ရန်အတွက် ဖွဲ့စည်းပုံ အခြေခံဥပဒေ နိဒါန်းပိုင်းတွင် မြန်မာသည် လူမျိုးဖြစ်သည်၊ ဗမာသည် ပြည်ထောင်စုတိုင်းရင်းသား အားလုံးနှင့် အကျုံးဝင် သက်ဆိုင်သည်ဟု အတိအလင်း ဖော်ပြရမည်။
- အားလုံး ရှင်းရှင်းလင်းလင်း ဖြစ်စေရန် “ပြည်ထောင်စုအစ ပင်လုံက” ဆိုရိုးစကားအတိုင်း “ပြည်ထောင်စု သမ္မတ ပင်လုံနိုင်ငံတော်”ဟု ခေါ်တွင်ရန် ဖြစ်သည်။
- အပြည့်အစုံမှာ “စည်လုံး ညီညွတ်သော ပြည်ထောင်များ – ပြည်ထောင်စုသမ္မတ ပင်လုံနိုင်ငံတော်” ဖြစ်သည်။ အင်္ဂလိပ်ဘာသာစကားအားဖြင့် United States Of Union Of Pang Long ၊ အတိုကောက်အားဖြင့် (U.S.P.L) ဖြစ်သည်။
ပြည်ထောင်စု စုဖွဲ့မှု
ဗိုလ်ချုပ်အောင်ဆန်း၏ ၁၉၄၇ ခုနှစ် ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေမူကြမ်း အခန်း(၁) ပုဒ်မ (၂) ပြည်ထောင်စု စုဖွဲ့မှု တွင် –
- ပြည်ထောင်စုကို ပင်လုံစာချုပ်တွင် ကိုယ်စားပြု လက်မှတ်ရေးထိုးကြသော (၁) ကချင်တောင်တန်းဒေသ၊ (၂) သျှမ်းပြည်၊ (၃) ချင်းတောင်တန်းဒေသ၊ (၄) ဗမာပြည်မ နယ်မြေ၊ (၅) သီးခြားလွတ်လပ်သော ကရင်နီပြည်၊ စုစုပေါင်း (၅) ပြည်ထောင်ဖြင့် တစ်ပြိုင်တည်း ပူးပေါင်းစုစည်းပြီး ဖွဲ့စည်းသွားရန် ဟု ဖော်ပြပါရှိသည်။
နွေဦး ၂၀၂၅ ခုနှစ် ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စု ဖွဲ့စည်းပုံအခြေခံဥပဒေ တွင် ပြည်ထောင်စု စုဖွဲ့မှု အဖြစ်
- ပြည်ထောင်စု သမ္မတ ပင်လုံနိုင်ငံတော်တွင် သမိုင်းအစဉ်အလာအရ လူမျိုးကို အခြေခံထားသော (၁) ကချင်ပြည်ထောင်၊ (၂) ကရင်ပြည်ထောင်၊ (၃) ကရင်နီပြည်ထောင်၊ (၄) ချင်းပြည်ထောင်၊ (၅) မွန်ပြည်ထောင်၊ (၆) မြန်မာပြည်ထောင်၊ (၇) သျှမ်းပြည်ထောင်၊ (၈) ရခိုင်ပြည်ထောင် တို့နှင့်
- ပထဝီကို အခြေခံထားသော ဧရာဝတီ အမျိုးသားများပြည်ထောင်၊ ပဲခူး အမျိုးသားများပြည်ထောင်၊ တနင်္သာရီ အမျိုးသားများပြည်ထောင်၊ ရန်ကုန်တိုင်း မြို့နယ်အချို့ကို ပြည်ထောင်စုမြို့တော် မဟာရန်ကုန် အဖြစ်လည်းကောင်း၊ ကျန်မြို့နယ်များကို ပုသိမ်မြစ် အရှေ့အနောက် ပိုင်းခြားပြီး ဧရာဝတီ အမျိုးသားများပြည်ထောင်ထဲသို့လည်းကောင်း၊ ပဲခူးအမျိုးသားများ ပြည်ထောင် ထဲသို့လည်းကောင်း ထည့်သွင်းထားရန်
- ပြည်ထောင်စုနယ်မြေကို မြို့တော် မဟာရန်ကုန်၊ ကိုကိုးကျွန်းစု၊ ကြပ်ပြေး နေပြည်တော် မြို့နယ်အချို့နှင့် သင့်တော်သလို သတ်မှတ်သွားရန် ဖြစ်သည်။
- ယင်းပြည်ထောင် အမျိုးအစားများ အားလုံးသည် အဆင့်အတန်းတူ အခွင့်အလမ်းတူ ရှိစေရမည်။
ထိုသို့ ပြည်ထောင်စုအဖွဲ့ဝင် ပြည်ထောင်များ တည်ထောင်ရာတွင် ပထဝီမြေပုံညွှန်း အနေအထား အထင်အရှား ရှိသော်လည်း မြန်မာအမျိုးသားပြည်ထောင် အတွက် မြေပုံညွှန်း အနေအထား ဘယ်မှာလဲ ဟု မေးစရာ ရှိနိုင်ပါသည်။
စစ်ကိုင်းတိုင်းတောင်ပိုင်း မြေပြန့်ဒေသ၊ မကွေးတိုင်း မြေပြန့်ဒေသ၊ မန္တလေးတိုင်း မြေပြန့်ဒေသ စသည့် နယ်မြေ (၃) ခုသည် ရှေးပဒေသရာဇ်ခေတ်က စ၍ ယနေ့ကာလအထိ မြန်မာလူမျိုး၏ ဘူမိနက်သန်မြေ ဖြစ်သည်။
ယင်းနယ်မြေ (၃) ခုကို ပြည်ထောင်စုအဖွဲ့ဝင် မြန်မာအမျိုးသားပြည်ထောင် တစ်ခုအဖြစ်လည်းကောင်း ဖော်ထုတ်ရန်၊ အကယ်၍ အခက်အခဲ ဖြစ်ပါက ယင်းနယ်မြေ(၃) ခုကို ပြည်ထောင်စုအဖွဲ့ဝင် ပြည်ထောင် (၃) ခု အဖြစ်လည်းကောင်း ဖေါ်ထုတ်ရန်။ အကြပ်အတည်း အခက်အခဲများ ထပ်မံဖြစ်လာပါက ယင်းနယ်မြေ (၃) ခုကို ပအိုဝ်း၊ ဓနု ကိုယ်ပိုင်အုပ်ချုပ်ရေး ကဲ့သို့ အထူး ကိုယ်ပိုင်အုပ်ချုပ်ရေးဒေသ နယ်မြေ (၃) ခု အဖြစ်လည်းကောင်း ဖော်ထုတ်ရန်။
ထပ်မံ၍ အခက်အခဲ ပြဿနာ ဖြစ်ပေါ်လာနိုင်ပါက ယင်းနယ်မြေ (၃) ခုကို စုစည်းပြီး သီးခြား ပြည်ထောင်တစ်ခုအဖြစ် ဖော်ထုတ်ရေး စသည့် နည်းနာများဖြင့် တိုင်းရင်းသားလူမျိုးများ ပြည်ထောင်စု ပင်လုံစိတ်ဓာတ်အရ တွေ့ဆုံဆွေးနွေး အပေးအယူများ ပြုလုပ်ပါက ပြည်ထောင်စု စုစည်းမှု အကောင်းဆုံး အဖြေတစ်ခု ရရှိလိမ့်မည်ဟု ယုံကြည်မျှော်လင့်ပါသည်။
ပြည်ထောင်သစ်များ
ဗိုလ်ချုပ်အောင်ဆန်း၏ ၁၉၄၇ ခုနှစ် ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေမူကြမ်း အခန်း(၁) ပုဒ်မ (၃) (က) ပါ ပြည်ထောင်စုအဖွဲ့ဝင် ပြည်နယ်များ တိုးချဲ့ခြင်း၊ ပြည်ထောင်စုအဖွဲ့ဝင် ပြည်နယ်သစ်များ တိုးချဲ့ပါဝင်ခြင်းနှင့် ပတ်သက်၍ ဂုဏ်အင်္ဂါ လက္ခဏာရပ်များ (၇) ချက် ချမှတ်ထားသည်။
- (၁) ပထဝီအနေအထားအရ နယ်နမိတ် အထင်အရှားရှိခြင်း၊
- (၂) မြန်မာစကားနှင့် မတူသော ဘာသာစကား တစ်မျိုးတည်းရှိခြင်း၊
- (၃) ယဉ်ကျေးမှု တစ်မျိုးတည်းရှိခြင်း၊
- (၄) ရာဇဝင်အစဉ်အလာ တစ်မျိုးတည်းရှိသော လူစုရှိခြင်း၊
- (၅) စီးပွားရေးဆိုင်ရာ အကျိုးကျေးဇူးနှင့် စီးပွားရေး လုံလောက်မှုရှိခြင်း၊
- (၆) လူဦးရေ အတော်အတင့်ရှိခြင်း၊
- (၇) ပြည်ထောင်စု အဖွဲ့ဝင်အဖြစ် မိမိကိုယ်တိုင် အထင်အရှား နေထိုင်လိုသော ဆန္ဒရှိခြင်း၊
အထက်ပါ အချက် (၇) ချက်များအနက် အပိုဒ် (၂) တွင် မြန်မာစကားနှင့် မတူသော ဘာသာစကား တစ်မျိုးတည်းရှိခြင်း ဆိုသည့်အချက်သည် အလွန်မှ အရေးကြီးပေသည်။
ပြည်ထောင်စုအဖွဲ့ဝင် ပြည်နယ်များ လျာထားပြီးသော ကချင်ပြည်နယ်၊ သျှမ်းပြည်နယ်၊ ချင်းပြည်နယ်၊ ကရင်နီပြည်နယ်များအတွက် ဆိုလိုခြင်း မဟုတ်ပါ။ ပြည်နယ် ရရှိထားပြီးသော သျှမ်း၊ ချင်း၊ ကချင်၊ ကရင်နီ လူမျိုးများကို ခင်ဗျားတို့သည် မြန်မာစကားနှင့် တူသလား မတူဘူးလားဟု မေးစရာ ဖြေစရာ လုံးဝ မလိုအပ်ပေ။
မြန်မာစကားနှင့် မတူသော လူမျိုးတစ်မျိုး ရှိခြင်း ဆိုသည်မှာ ဗမာပြည်မ နယ်မြေတွင် အတူတူ နေထိုင်ကြသော ကရင်၊ မွန်၊ ရခိုင် လူမျိုးများကို ပြည်ထောင်စုအဖွဲ့ဝင် ပြည်နယ်သစ်များ ဖော်ဆောင်ရမည်ဟု အတိအလင်း ဖော်ပြခြင်းဖြစ်ကြောင်း ထင်ရှားပေသည်။
ကရင်၊ မွန်၊ ရခိုင် ပြည်နယ်များ ဖော်ထုတ်ပေးပါက ပင်လုံစိတ်ဓာတ်အရ မြန်မာသည်လည်း တန်းတူ ဖြစ်သည့်အတွက် မြန်မာအမျိုးသားပြည်နယ်ကိုလည်း တစ်ပြိုင်တည်း ဖော်ဆောင်ပေးရမည်ဟု အတိအကျ ညွှန်းဆိုထားပြီး ဖြစ်ပေသည်။
သို့ဖြစ်ပါ၍ ပြည်ထောင်စု အမျိုးသား ပြည်နယ် (၈) ခု ဖော်ဆောင်ရေးသည် “သျှမ်းမူ (တောင်ကြီးမူ)” ဆိုသည်မှာ လုံးဝ မှားပါသည်။
ပြည်ထောင်စုတွင် ပြည်နယ် (၈) ပြည်နယ် ဆိုသည့် မူသည် ပင်လုံစာချုပ် ပဋိညာဉ် အခြေခံမူ ဖြစ်ကြောင်းကို တိုင်းရင်းသားပြည်သူများ အားလုံး ယုံကြည် ကျင့်သုံးကြရမည် ဖြစ်ပေသည်။
မင်္ဂလာဆောင်ဧည့်ခံပွဲမှာ အတူတွဲထိုင်နေသည့် မင်္ဂလာမောင်နှံကို တက်ရောက်သည့် ပုဂ္ဂိုလ်တစ်ဦးသည် မင်္ဂလာဆောင်ပွဲ ဘယ်မှာလဲဟု ထပ်ခါထပ်ခါ အော်ဟစ် မေးမြန်းသလို ဖြစ်နေပေမည်။ ပြည်ထောင်စု ပင်လုံစိတ်ဓာတ် တန်းတူရေးမူကို လက်မခံဘဲ တစ်အူတုံဆင်း ညီရင်းအစ်ကို၊ တစ်မြေတည်းနေ တစ်ရေတည်းသောက်၊ ဉမကွဲ သိုက်မပျက်၊ ရာသက်ပန် ပူးပေါင်းနေထိုင်ရေး ဆိုသည့် စကားလုံး လှလှဖြင့် တည်ဆောက်၍ မရနိုင်ကြောင်း။
ပဒေသရာဇ်ခေတ်မှစ၍ နှစ်ပေါင်း ထောင်နှင့်ချီပြီး “သူတစ်လူ ငါတစ်မင်း” “တစ်တော တစ်ကြက်ဖတွန်” မင်းလက်နက်နိုင်ငံ ထူထောင်ရန် အာဏာပြိုင်ကြရာမှ လူတစ်မျိုးနှင့် တစ်မျိုးသော်လည်းကောင်း၊ လူမျိုးတူ၍သော်လည်းကောင်း၊ အာဏာကြီးသူက အာဏာနည်းသူများကို အပြန်အလှန် တိုက်ခိုက် သတ်ဖြတ် လုယက် ဖျက်ဆီးကြသော်လည် တစ်ခေတ်ပြီး တစ်ခေတ်သော်လည်းကောင်း၊ ခေတ်ပြိုင်၍ သော်လည်းကောင်း ပေါ်ပေါက်ခဲ့ပြီး တည်ငြိမ်ခြင်း မရှိပေ။
ဤသည်မှာ ပဒေသရာဇ် ဖက်ဆစ် စစ်အာဏာရှင်စနစ် စစ်အနိဋ္ဌာရုံ စနစ်ဆိုးကြောင့် ဖြစ်ပေသည်။ တစ်အူတုံဆင်း ညီရင်းအစ်ကို၊ တစ်မြေတည်းနေ တစ်ရေတည်းသောက်၊ အေးအတူ ပူအမျှ၊ ဥမကွဲ သိုက်မပျက် ဆိုသည်မှာ မွန်းပိတ်ပြီး သေကြေ ပျက်စီးသွားမည်သာ ဖြစ်သည်။
အချိန်တန်လျှင် ဥကွဲရမည်၊ သိုက်ပျက်ရမည်၊ ပျံသန်းနိုင်ရမည်၊ လွတ်လပ်စွာ အစာရှာစားနိုင်ပြီး အရေးကြီး ညအိပ်တန်းနှင့်တူသော ပြည်ထောင်စုတွင် လုံခြုံစွာ ပြန်လည်အိပ်စက် အနားယူ အားယူကြရန် ဖြစ်ပေသည်။
နွေဦး ၂၀၂၅ ခုနှစ် ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စု ဖွဲ့စည်းပုံအခြေခံဥပဒေ တွင် –
- ပြည်ထောင်သစ်များနှင့် ပတ်သက်၍ ဂုဏ်အင်္ဂါရပ် လက္ခဏာရပ်များကို (၈၊ ၉၊ ၁၀) သတ်မှတ်ပြီး လိုအပ်ပါက လူဦးရေစာရင်း ကောက်ခံခြင်း၊ ဒေသခံပြည်သူများ ဆန္ဒခံယူခြင်း ပြုလုပ်ရမည်။
ကိုယ်ပိုင်အုပ်ချုပ်ရေးဒေသ၊ အမျိုးသားနယ်မြေ၊ ဒေသန္တရ အုပ်ချုပ်ရေးဒေသများ
ဗိုလ်ချုပ်အောင်ဆန်း၏ ၁၉၄၇ ခုနှစ် ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေမူကြမ်း အခန်း (၁) ပုဒ်မ (၃) ပုဒ်မခွဲ (ခ၊ ဂ၊ ဃ၊ င) တို့တွင် –
- ပြည်နယ်အင်္ဂါလက္ခဏာရပ်များ မပြည့်စုံသော နယ်မြေများကို အမျိုးသားများ အထူး ကိုယ်ပိုင်အုပ်ချုပ်ရေး ဒေသများ အဖြစ်လည်းကောင်း ထားရှိရမည်။ ဉပမာ- ပအိုဝ်း၊ ဓနု နယ်မြေများ စသည်တို့ ဖြစ်သည်။
နွေဦး ၂၀၂၅ ခုနှစ် ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စု ဖွဲ့စည်းပုံအခြေခံဥပဒေ တွင် –
- ပြည်ထောင်စုအဖွဲ့ဝင် ပြည်ထောင်များ အဆင့်အတန်း မပြည့်မှီသော်လည်း ကိုယ်ပိုင် အုပ်ချုပ်ရေးဒေသများ ထားရှိရမည်။ ဉပမာ – ပအိုဝ်း၊ ဓနု စသည်တို့ ဖြစ်သည်။
- ကိုယ်ပိုင်အုပ်ချုပ်ရေးဒေသ မပြည့်စုံသော နယ်မြေများကို လူမျိုး၊ စာပေ၊ ယဉ်ကျေးမှု မပျောက်ပျက်ရေး ထိန်းသိမ်းကာကွယ် မြှင့်တင်နိုင်ရေး၊ လူမျိုးရေးကို အလေးထားကြောင်း နိုင်ငံတကာအား ထုတ်ဖော်ပြသနိုင်ရေးအတွက် “အမျိုးသားနယ်မြေ National Area” သက်မှတ်ရမည်။ ဉပမာ – ကယန်းအမျိုးသားနယ်မြေ၊ ဆလုံအမျိုးသားနယ်မြေ စသည်တို့ ဖြစ်သည်။
- အမျိုးသားနယ်မြေ ဖော်ဆောင်ရေး အဆင့်အတန်း မပြည့်မီသော်လည်း ဉပမာ – မြန်မာလူမျိုး ၁၅ ရွာ ၂၀ ရွာ ၃၀ ရွာ ကချင်ပြည်နယ်ထဲတွင် နေထိုင်ခြင်း၊ ကရင်လူမျိုးများ ၁၅ ရွာ ၂၀ ရွာ ၃၀ ရွာ သျှမ်းပြည်ထဲတွင် စုစည်းနေထိုင်ခြင်း၊ မြန်မာလူမျိုး ၁၅ ရွာ ၂၀ ရွာ ၃၀ ရွာ ရခိုင်ပြည်နယ်ထဲတွင် စုစည်းနေထိုင်ခြင်း စသည့် လူမျိုးစုနယ်မြေများကို စာပေယဉ်ကျေးမှု ဓလေ့ထုံးတမ်း မထိပါးစေရန်နှင့် ထိန်းသိမ်းကာကွယ် မြှင့်တင်နိုင်ရန်အတွက် “ဒေသန္တရ အုပ်ချုပ်ရေးဒေသများ Local Government” ထားရှိရမည်။
အထက်ဖော်ပြပါရှိသည့်အတိုင်း ပြည်ထောင်စုသမ္မတ ပင်လုံနိုင်ငံတော်ကြီးကို ပြည်ထောင်များ၊ ကိုယ်ပိုင်အုပ်ချုပ်ရေးဒေသများ၊ အမျိုးသားနယ်မြေများ၊ ဒေသန္တရ အုပ်ချုပ်ရေးဒေသများ ဟူ၍ အဆင့်ဆင့် စုစည်း ဖွဲ့စည်း တည်ထောင်သွားကြမည် ဖြစ်သည်။
ပြည်ထောင်စု နိုင်ငံတော်ကို အဆင့်ဆင့် လုံလောက်စွာ စုစည်း ဖွဲ့စည်းသွားပါက လူမျိုးစု တိုင်းရင်းသားများ လူမျိုးကြီး လူမျိုးလတ် လူမျိုးငယ် ဖိနှိပ်ချုပ်ခြယ်သော ပုံစံအမျိုးမျိုး ကင်းရှင်းစွာ ဖယ်ရှားနိုင်၍ ပြည်ထောင်စု ပင်လုံအမျိုးသားစိတ်ဓာတ် အပြည့်အဝ ဖော်ဆောင်ပေးနေပြီး ယင်းအမျိုးသား သွေးစည်းညီညွတ်ရေး စိတ်ဓာတ်အင်အားဖြင့် နယ်မြေများကို စုစည်း ထိန်းသိမ်း ကြရမည် ဖြစ်ပေသည်။
ထိုသို့ နယ်မြေများ ထိန်းသိမ်းပြီးပါက ပြည်ထောင်စုမှအစ အစိုးရများ အဆင့်ဆင့်ကို ပြည်သူလူထု ဆန္ဒသဘောထား ခံယူပြီး အစိုးရအဆင့်ဆင့်ကို ရွေးကောက်တင်မြှောက် ဖွဲ့စည်းတာဝန်ပေးအပ်ရမည် ဖြစ်ပါသည်။
ပြည်ထောင်စုတစ်ဝှမ်း ပြည်သူ့ဆန္ဒဖြင့် ရွေးကောက်တင်မြှောက်ပွဲ ကျင်းပပြီးစီးပါက ဖက်ဒရယ် ဒီမိုကရေစီပြည်ထောင်စု လက်ရှိသမ္မတကြီး ဦးဝင်းမြင့်၊ ယာယီသမ္မတ ဒူဝါလရှီးလ တို့သည် ဖက်ဒရယ်ကောင်စီဥက္ကဋ္ဌ အဖြစ်လည်းကောင်း၊ ဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းသည် ဖက်ဒရယ်ကောင်စီ အတွင်းရေးမှူး အဖြစ်လည်းကောင်း၊ ပြည်ထောင်များ ဥက္ကဋ္ဌကြီး သို့မဟုတ် ပြည်ထောင်များမှ ပေးပို့လာသော ကိုယ်စားလှယ် တစ်ဦးချင်းစီသည် ဖက်ဒရယ်ပြည်ထောင်စု ကောင်စီအဖွဲ့ဝင် အဖြစ်လည်းကောင်း ပေါ်ထွန်းလာပေမည် ဖြစ်သည်။
ထို့အပြင် “ဆင်စီးပြီး မြင်းရံ” ပေါ်ထွန်းလာစေရန် လက်ရှိ နိုင်ငံတော်အတိုင်ပင်ခံချုပ် ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်ပြီး နိုင်ငံတော် အတိုင်ပင်ခံ ကောင်စီဝင် ၁၅ ဦးကို ရွေးချယ်တင်မြှောက်သွားပါက ကမ္ဘာ နိုင်ငံတကာအလယ်တွင် နိုင်ငံတော်သမ္မတ၊ နိုင်ငံတော်ဝန်ကြီးချုပ်၊ နိုင်ငံတော် အတိုင်ပင်ခံချုပ်တို့ ဉီးဆောင်သော ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စု သမ္မတ ပင်လုံနိုင်ငံတော်ကြီးသည် ကမ္ဘာ့အလယ်တွင် ဂုဏ်ယူဝံ့ကြွားစွာ ပေါ်ထွန်းလာမည် ဖြစ်ပေသည်။
ကမ္ဘာ့ကုလသမဂ္ဂနှင့် နိုင်ငံတကာသည်လည်း ဖက်ဆစ် စစ်အုပ်စုနှင့် အခြားအဖွဲ့အစည်းများကို အဆက်အသွယ် ပြုတော့မည် မဟုတ်ပါ။
သမ္မတ၊ ဝန်ကြီးချုပ်၊ နိုင်ငံတော်အတိုင်ပင်ခံချုပ် ဒေါ်အောင်ဆန်းစုကြည်တို့ ဦးဆောင်သည့် ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စုကောင်စီကိုသာလျှင် အသိအမှတ်ပြု ဆက်သွယ်ကြမည် ဖြစ်ပေသည်။ သို့ဖြစ်ပါ၍ အမျိုးသားများ တန်းတူ ကိုယ်ပိုင် ပြဋ္ဌာန်းခွင့် ရှိပြီး ဒီမိုကရေစီနှင့် အခြေခံ လူ့အခွင့်အရေးများကို ကာကွယ်ပြဋ္ဌာန်းပေးနိုင်မည့် ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စု ပင်လုံနိုင်ငံတော် အမြန်ဆုံး ပေါ်ထွန်းလာရန် သမ္မတကြီး၊ ဝန်ကြီးချုပ်၊ ဦးဆောင်သော အစိုးရ ခေါင်းဆောင်ကြီးများ၊ အစုအဖွဲ့များမှ ခေါင်းဆောင်ကြီးများ၊ တိုင်းရင်းသားပြည်သူများ အားလုံး ဝိုင်းဝန်း ကြိုးပမ်းဆောင်ရွက် သွားကြရန် တိုက်တွန်း တင်ပြအပ်ပါသည်။
နိုင်ငံရေးစနစ်
ဗိုလ်ချုပ်အောင်ဆန်း၏ ၁၉၄၇ ခုနှစ် ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေမူကြမ်း အခန်း(၂) တွင် –
- နိုင်ငံရေးစနစ်ကို ပါတီစုံ ဒီမိုကရေစီစနစ်ကျင့်သုံးသည်။
နွေဦး ၂၀၂၅ ခုနှစ် ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စု ဖွဲ့စည်းပုံအခြေခံဥပဒေ တွင် –
- ပြည်ထောင်စုနှင့် ပြည်ထောင်များအားလုံးသည် ပါတီစုံဒီမိုကရေစီစနစ် ကျင့်သုံးသည်။
ဥပဒေပြုခြင်း
ဗိုလ်ချုပ်အောင်ဆန်း၏ ၁၉၄၇ ခုနှစ် ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေမူကြမ်း အခန်း(၃) ဥပဒေပြုခြင်း တွင် –
- လူမျိုးစုလွှတ်တော်နှင့် ပြည်သူ့လွှတ်တော် ၂ ရပ် ထားရှိသည်။ ယင်းလွှတ်တော် ၂ ရပ် စပ်ကြား ကန့်သတ် သတ်မှတ်ထားခြင်း မရှိပါ။
- လူမျိုးစုလွှတ်တော်သည် ပြည်ထောင်စုသမ္မတကို အလှည့်ကျ ရွေးချယ်တင်မြှောက်ပြီး သမ္မတသည် နိုင်ငံတော် ဦးသျှောင် ဖြစ်သည်။
နွေဦး ၂၀၂၅ ခုနှစ် ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စု ဖွဲ့စည်းပုံအခြေခံဥပဒေ တွင် –
- ပြည်ထောင်များ ဦးရေတူ စေလွှတ်သော အမျိုးသားလွှတ်တော် တစ်ရပ်နှင့် လူဦးရေကို အခြေခံသော ပြည်သူ့လွှတ်တော် တစ်ရပ် ဟူ၍ ထားရှိသည်။ ယင်းလွှတ်တော် နှစ်ရပ်သည် ထပ်တူ ဉပဒေပြုအာဏာ ထားရှိသည်ဟု သက်မှတ်သည်။
- အမျိုးသားလွှတ်တော်သည် သမ္မတကို အလှည့်ကျ ရွေးချယ်တင်မြှောက်သည်။ သမ္မတသည် နိုင်ငံ့ ဦးသျှောင် ဖြစ်သည့်အပြင် စစ်သေနာပတိချုပ်လည်း ဖြစ်သည်။
အုပ်ချုပ်ရေးအာဏာ
ဗိုလ်ချုပ်အောင်ဆန်း၏ ၁၉၄၇ ခုနှစ် ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေမူကြမ်း အခန်း(၄) အုပ်ချုပ်ရေးအာဏာ တွင် –
- ပြည်ထောင်စုအာဏာကို အကျဉ်းချုံး ဖော်ပြထားသော်လည်း ပူးတွဲ အာဏာများ၊ ကြွင်းကျန်အာဏာများ အတိအကျ သက်မှတ်ထားခြင်း မရှိပါ။
- ပြည်သူ့လွှတ်တော်သည် ပြည်ထောင်စုဝန်ကြီးချုပ်နှင့် ပြည်ထောင်စုအစိုးရအဖွဲ့ကို ရွေးချယ်တင်မြှောက်သည်။
- ပြည်ထောင်စုဝန်ကြီးချုပ်သည် ပြည်ထောင်စု တစ်ခုလုံးနှင့် ပြည်နယ်များအားလုံးကို စိုးမိုးအုပ်ချုပ်ထားသည်။
ပြည်ထောင်စုဝန်ကြီးချုပ်သည် ပြည်နယ်ဝန်ကြီးတစ်ဦးကို ရွေးကောက်ထားသည်။ ပြည်နယ်လွှတ်တော်က ပြည်နယ်ဝန်ကြီးချုပ် ရွေးချယ်တင်မြှောက်ခွင့် မရှိဘဲ ပြည်ထောင်စုဝန်ကြီးချုပ်က ပြည်နယ်ဝန်ကြီး တစ်ဦးကို ရွေးကောက်တင်မြှောက်ရသည်။
ပြည်ထောင်စုဝန်ကြီးချုပ်၏ ရွေးကောက်တင်မြှောက်ခြင်း ခံရသည့် ယင်းပြည်နယ်ဝန်ကြီးသည် သက်ဆိုင်ရာပြည်နယ်၏ ဝန်ကြီးချုပ် ဖြစ်သည့်အပြင် ပြည်ထောင်စုဝန်ကြီးအဖွဲ့ဝင် တစ်ဦးလည်း ဖြစ်သည်။
ပြည်နယ်ဝန်ကြီးချုပ်သည် မိမိပြည်နယ်ဝန်ကြီး အစိုးရများကို ခန့်အပ်ပိုင်ခွင့် မရှိပါ။ ပြည်ထောင်စုဝန်ကြီးချုပ်က ရွေးချယ် စေလွှတ်သော ဌာနဆိုင်ရာ ပြည်နယ်အကြီးအကဲများကို ပြည်နယ်အစိုးရအဖွဲ့ဝင်အဖြစ် လက်ခံထားရသည်။
ထိုသို့ ပြည်ထောင်စုဝန်ကြီးချုပ်က ပြည်နယ်အစိုးရဝန်ကြီးချုပ်ကို ခန့်အပ်ထားခြင်း၊ ပြည်နယ်အစိုးရ ပြည်နယ်ဝန်ကြီးချုပ်ကို ပြည်ထောင်စုဝန်ကြီး တစ်ဦးအဖြစ် ခန့်အပ်ထားခြင်း၊ ပြည်နယ်အစိုးရအဖွဲ့ဝင် ဝန်ကြီးများကို ပြည်ထောင်စုဝန်ကြီးချုပ်က ပြည်နယ်ဝန်ကြီးအဖြစ် ဌာနဆိုင်ရာ အကြီးအကဲများကို ရွေးချယ်စေလွှတ် ခန့်အပ်ထားခြင်းသည် ပြည်ထောင်စုဝန်ကြီးချုပ်က ပြည်နယ်များ အားလုံးကို မလှုပ်နိုင်အောင် ထိန်းချုပ်ထားခြင်းပင် ဖြစ်သည်။
ဉပမာ – သျှမ်းပြည်သူ့လွှတ်တော် (သျှမ်းပြည်ကောင်စီ) သည် သျှမ်းပြည်ဝန်ကြီးအဖြစ် လင်းခေး ဦးထွန်းမြင့်ကို ရွေးကောက် တင်မြှောက်ထားသော်လည်း ဝန်ကြီးချုပ် ဦးနုက ပယ်ချလိုက်ပြီး မိုးမိတ်စော်ဘွား စဝ်ခွန်ချို ကို သျှမ်းပြည်နယ်ဥက္ကဋ္ဌ သျှမ်းပြည်ဝန်ကြီးအဖြစ် ခန့်အပ်ထားခြင်း၊ ကချင်ပြည်နယ်လွှတ်တော် (ကချင်ပြည်နယ်ကောင်စီ) သည် “ဒီမိုကရေစီပြောင်းပြန်” စာအုပ်ကို ရေးသားထုတ်ဝေသူ ဦးဇန်ထာဆင် ကို ရွေးကောက် တင်မြှောက်ထားသော်လည်း ဝန်ကြီးချုပ် ဦးနုက ပယ်ချ၍ ဆမားဒူဝါဆင်ဝါးနောင် ကို ကချင်ပြည်နယ်ဥက္ကဋ္ဌ ဝန်ကြီးအဖြစ် ခန့်အပ်ထားခြင်း စသည့် ပြဿနာများ ဖြစ်ပွားခဲ့သည်။
ပြည်ထောင်စုဝန်ကြီးချုပ် ဦးနုသည် သျှမ်းပြည်ဝန်ကြီးချုပ် စဝ်ခွန်ချိုကို ပြည်ထောင်စု နိုင်ငံခြားရေးဝန်ကြီးအဖြစ် တွဲ၍ ခန့်ထားလိုက်သည်။ ကယားပြည်နယ်ဝန်ကြီး စဝ်ဝဏ္ဏ ကို ပြည်ထောင်စု ဘဏ္ဍာရေးနှင့် စီမံကိန်းဝန်ကြီးအဖြစ် တွဲ၍ ခန့်ထားလိုက်သည်။
ဤကဲ့သို့ ပြည်ထောင်စုဝန်ကြီးချုပ်သည် ပြည်နယ်ဝန်ကြီးများကို ခန့်အပ်ထားခြင်း၊ ပြည်နယ်ဝန်ကြီးကို ပြည်ထောင်စုဝန်ကြီးအဖြစ် တွဲဖက်ခန့်အပ်ထားခြင်း၊ ပြည်နယ်ဝန်ကြီးအဖွဲ့ဝင်များကို ပြည်ထောင်စု အကြီးအကဲများ ခန့်အပ် စေလွှတ်ခြင်းများ ပြုလုပ်ခြင်းသည် ပြည်နယ်များကို အခွင့်အရေး ပေးသယောင်ယောင် ရှိသော်လည်း အမှန်မှာ ပြည်ထောင်စုက ပြည်နယ်များ၏ အချုပ်အခြာ အားလုံးကို မလူးသာ မလှုပ်သာနိုင်အောင် အတင်းအကြပ် ထိန်းချုပ်ထားခြင်းပင် ဖြစ်သည်။
ဉပမာ – ဝန်ကြီးချုပ် ဦးနု ဦးဆောင်သော ပြည်ထောင်စုအစိုးရသည် လွှတ်တော်ညီလာခံတွင် “ပြည်ထောင်စု ဗဟိုသည် ပြည်နယ်ကို ဦးဆောင်သွားရသည်မှာ ရထားခေါင်းသည် နောက်တွဲကို ဆွဲရသကဲ့သို့ အလွန်ခက်ခဲသည်” ဟု တင်ပြရာတွင် သျှမ်းပြည်သူ့လွှတ်တော် ကိုယ်စားလှယ်တစ်ဦးက “ခင်ဗျားတို့ ပြည်ထောင်စု ဗဟိုက ပြည်နယ်များနှင့် တွဲနေရတာ ရထားခေါင်းကြီး အတွဲများကို ဆွဲရသကဲ့သို့ ခက်ခဲမည် ဆိုလျှင်လည်း အတွဲများကို ဖြုတ်ချလိုက်ပါ” ဟု အပြင်းအထန် အပြန်အလှန် ဆွေးနွေးခဲ့ကြသည်။
ထို့ကြောင့် လူမျိုးစု တန်းတူအခွင့်အရေး ဆုံးရှုံးခြင်း ပြဿနာရပ်များကြောင့် ပြည်တွင်းစစ်မီးသည်လည်း တစ်ဆင့်ပြီးတစ်ဆင့် အထွဋ်အထိပ်သို့ လောင်ကျွမ်းသွားခြင်း ဖြစ်ပေသည်။ ၁၉၆၂ ခုနှစ်အရောက် ၁၄ နှစ်အကြာတွင် ၁၉၄၇ ခုနှစ် ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဉပဒေသည်လည်း ပျက်စီးသွားသည်။ နောက်ဆုံး လူမျိုးစု တန်းတူအခွင့်အရေး ဆုံးရှုံးခြင်း ပြဿနာရပ်များကြောင့် ဗိုလ်ချုပ်နေဝင်း ဦးဆောင်သော ဖက်ဆစ် စစ်အာဏာရှင်စနစ် မွေးဖွား ပေါက်ဖွားလာခြင်း ဖြစ်ပေသည်။
၁၉၇၄ ခုနှစ် ဖွဲ့စည်းပုံအခြေခံဉပဒေ
ဗိုလ်ချုပ်နေဝင်း ဦးဆောင်သော မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ပါတီ (မဆလ) တစ်ပါတီ အာဏာရှင်စနစ် ဦးတည်ချက်ဖြင့် ၁၉၇၄ ခုနှစ် ဖွဲ့စည်းပုံအခြေခံဉပဒေကို စိတ်ကြိုက်ရေးဆွဲပြီး အတင်းအကြပ် ပြဋ္ဌာန်းလိုက်သည်။
၁၉၇၄ ခုနှစ် ဖွဲ့စည်းပုံအခြေခံဉပဒေသည် လူမျိုးစု တိုင်းရင်းသား အမျိုးသားများ တန်းတူအခွင့်အရေး ဆုံးရှုံးသည်သာမက ဒီမိုကရေစီ လူ့အခွင့်အရေးများသည်လည်း အားလုံး ဆိတ်သုဉ်းသွားသဖြင့် ပြည်တွင်းစစ်မီး ဟုန်းဟုန်းတောက် လောင်ကျွမ်းသွားသည်။
ထို့အပြင် တိုင်းရင်သားပြည်သူများ၊ ဒီမိုကရေစီ အခွင့်အရေး ဆန္ဒပြ တောင်းဆိုသည့်တိုက်ပွဲ အကြိမ်ကြိမ် ဖြစ်ပွားလာပြီး (၁၈) ကြိမ်မြောက်ဖြစ်သော ၁၉၈၈ ခုနှစ် ပြည်လုံးကျွတ် ဒီမိုကရေစီ အရေးတော်ပုံ သပိတ်ကြီး တိုက်ပွဲကြောင့် မဆလ တစ်ပါတီအာဏာရှင်စနစ် ပျက်စီးသွားပြီး ဖက်ဆစ် စစ်အုပ်စု စိတ်ကြိုက် ရေးဆွဲထားသော ၁၉၇၄ ခုနှစ် ဖွဲ့စည်းပုံအခြေခံဉပဒေကို ၎င်းတို့ကိုယ်တိုင် ဖျက်သိမ်းလိုက်ရသည်။
ထို့ကြောင့် တိုင်းရင်းသားများ တန်းတူအခွင့်အရေး ဆုံးရှုံးသွားသည်မက ပြည်သူများ ဒီမိုကရေစီအရေးနှင့် လူ့အခွင့်အရေးများ ဆိတ်သုဉ်းသွားသည့် ပြဿနာရပ်များကြောင့် နောက်ဆုံး ၁၉၇၄ ခုနှစ် ဖွဲစည်းပုံအခြေခံဉပဒေ၏ အကျိုးရလဒ်သည် “နိုင်ငံတော် အစိတ်စိတ် အမွှာမွှာ ပြိုကွဲလုဆဲဆဲတွင် တပ်မတော်က အချိန်မှီ ကာကွယ်ထိန်းသိမ်းလိုက်သည်”ဟု ကြွေးကြော်ခဲ့သော မဆလ ဖက်ဆစ် စစ်အုပ်စုကိုယ်တိုင် ၁၄ နှစ်အကြာတွင် ပျက်စီးသွားခြင်းနှင့်အတူ အရှေ့တောင်အာရှ နိုင်ငံများအနက် အချမ်းသာဆုံး နိုင်ငံဘဝမှ ကမ္ဘာ နိုင်ငံတကာမှာ အဆင်းရဲဆုံး နိုင်ငံဘဝ တွင်းနက်ထဲသို့ ဇောက်ထိုး ကျဆင်းသွားခြင်း ဖြစ်ပေသည်။
ဗိုလ်ချုပ်နေဝင်း ဦးဆောင်သော မဆလ စစ်အစိုးရသည် ပြည်သူလူထုက ကြားဖြတ်အစိုးရ တောင်းဆိုသည်ကို လုံးဝ လက်မခံ ပယ်ချပြီး မဆလ တစ်ပါတီ အာဏာရှင်စနစ် တဖြစ်လည်း တိုင်းရင်းသားစည်းလုံးညီညွတ်ရေးပါတီ (တစည) ကိုလည်းကောင်း၊ မဆလပါတီ အစိုးရတဖြစ်လည်း နဝတ နအဖ တဖြစ်လည်း အစိုးရသို့ နိုင်ငံတော် အာဏာ လွှဲအပ်ထားလိုက်သည်။
၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံဉပဒေ
ဗိုလ်သန်းရွှေ၊ ဗိုလ်ခင်ညွန့် ဦးဆောင်သော နိုင်ငံတော်ငြိမ်ဝပ်ပိပြားမှု တည်ဆောက်ရေးအဖွဲ့ (နဝတ)၊ နိုင်ငံတော်အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီ (နအဖ) စစ်အစိုးရတို့သည် ပြည်ထောင်စုမပြိုကွဲရေး၊ တိုင်းရင်းသား စည်းလုံးညီညွတ်မှု မပြိုကွဲရေ၊ အချုပ်အခြာ အာဏာတည်တံ့ခိုင်မြဲရေး၊ ပါတီစုံ ဒီမိုကရေစီ ထွန်းကားရေး၊ လောကပါလ တရားမျှတ ပေါ်ထွန်းရေး ဆိုသည့် ဦးတည်ချက် (၅) ချက်ကို အခြေခံပြီး ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံဉပဒေ ရေးဆွဲရန် ချမှတ်ခဲ့ကြသည်။
ထိုသို့ ချမှတ်ထားသည်မှာ ကြက်သားဒံပေါက် ထမင်းတစ်အိုး ကဲ့သို့ အလွန်စားချင်စဖွယ် ဖြစ်သော်လည်း “အမျိုးသားနိုင်ငံရေးတွင် တပ်မတော်မှ အစဉ်တစိုက် ဦးဆောင်ပါဝင် ထမ်းဆောင်နိုင်ရေး” အချက် ပါဝင်လာသဖြင့် စားချင်စရာ ကောင်းသော ကြက်သားဒံပေါက် ထမင်းအိုးထဲတွင် ခွေးချေး တစ်ပုံ လောင်းထည့်သဖြင့် တိုင်းရင်းသားပြည်သူများ အော့အံစရာ ဖြစ်သွားစေသည်။
၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံဉပဒေဖြင့် တပ်မတော်က ပြည်သူတစ်ရပ်လုံးကို နည်းလမ်းမျိုးစုံ ဖိနှိပ်ကျွန်ပြုလာကာ ၂၀၂၀ ခုနှစ် အထွေထွေ ရွေးကောက်တင်မြှောက်ပွဲတွင် ပြည်သူလူထုက ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်သော ပြည်သူလူထု အပ်နှင်းထားသည့် အစိုးရနှင့် ပါတီခေါင်းဆောင်များ၊ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်များထံမှ အာဏာကို စစ်အာဏာရှင်စနစ်ဖြင့် မတရား အာဏာသိမ်းယူခဲ့သည်။
ပြည်သူတစ်ရပ်လုံး မခံမရပ်နိုင်သည့်အဆုံး နွေဦးတော်လှန်ရေး တိုက်ပွဲကို ယနေ့အထိ တိုက်ပွဲဝင် ဆင်နွှဲလာ ရခြင်းပင် ဖြစ်ပါသည်။ အာဏာရှင်စနစ် ဖြုတ်ချရေး၊ ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စုတည်ဆောက်ရေး ကြွေးကြော်သံဖြင့် တိုက်ပွဲ ဆင်နွှဲလာရခြင်း ဖြစ်ပေသည်။
ထို့ကြောင့် တိုင်းရင်းသားများ တန်းတူအခွင့်အရေး ဆုံးရှုံးခြင်း ပြဿနာကြောင့် မွေးဖွား ပေါက်ဖွားလာသော ဗိုလ်နေဝင်း ဦးဆောင်သော ဖက်ဆစ် စစ်အုပ်စု၊ ဗိုလ်သန်းရွှေ ဦးဆောင်သော ဖက်ဆစ် စစ်အုပ်စုမှ စ၍ မင်းအောင်လှိုင် ဦးဆောင်သော ဖက်ဆစ် စစ်အုပ်စု အဆက်ဆက်တွင် စစ်အာဏာရှင်စနစ် အပြီးသက် တိုက်ဖျက်ရေး၊ ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စု တည်ဆောက်ရေး၊ ယနေ့ နွေဦးတော်လှန်ရေး အထိ တိုက်ပွဲဝင် ဆင်နွှဲလာရပြီး တိုင်းပြည်သည် အလုံးစုံ ပျက်သုဉ်းပြီး တိုင်းရင်းသားပြည်သူများ သွေးချောင်းစီး ဘဝသို့ ဆိုက်ရောက်လာခြင်း ဖြစ်ပေသည်။
ကျွန်ုပ်တို့ တိုင်းပြည်သည် လူဦးရေနှင့် နယ်မြေအကျယ်အဝန်း အသင့်အတင့်ရှိပြီး၊ မြစ်ချောင်း အင်းအိုင် ပေါများ၍ စိုက်ပျိုးရေးအတွက် အလွန်ကောင်းမွန်သော အလုံအလောက်ရှိသော နယ်မြေများလည်း ရှိသည်သာမက ကမ္ဘာ့ရတနာဖြစ်သည့် ရွှေတွင်း၊ ငွေတွင်း၊ ပတ္တမြားတွင်း စသည့် အဖိုးတန် ရတနာများ ပေါကြွယ်ဝသော နိုင်ငံလည်း ဖြစ်ပေသည်။
တိုင်းရင်းသား ပြည်သူများသည် ရွှေပုံ၊ ငွေပုံ၊ ပတ္တမြားပုံ၊ ကျောက်စိမ်းပုံ၊ ရေနံ၊ သဘာဝဓါတ်ငွေ့၊ ကမ္ဘာတွင် အလွန်ရှားပါးသော မြေဝါ ဓါတ်သတ္တုပေါ်တွင် နေထိုင်ရပါသော်လည်း “ဖောင်စီးပြီးရေငတ်” ဆိုသကဲ့သို့ ကျွန်ုပ်တို့ စားဝတ်နေထိုင်ရေးဘဝ အတိဒုက္ခမျိုးစုံ ခံစားနေရသည်။
လွတ်လပ်ရေး ဖခင်ကြီးများ၊ ဖက်ဒရယ်ဗိသုကာကြီးများ ဖြစ်ကြသည်ဟု ဗိုလ်ချုပ်အောင်ဆန်းနှင့် တိုင်းရင်းသား ခေါင်းဆောင်ကြီးများကို ဟန်ပြ ကြွေးကြော်ကြသော်လည်း ဗိုလ်ချုပ်အောင်ဆန်းနှင့် တိုင်းရင်း သား ခေါင်းဆောင်များ ပန္နက်ရိုက် ချမှတ်ပေးထားသော အမျိုးသားများ တန်းတူအခွင့်အရေး ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်ရှိပြီး ဒီမိုကရေစီနှင့် အခြေခံလူ့အခွင့်အရေးများကို အပြည့်အဝ ကာကွယ်ပြဋ္ဌာန်းနိုင်မည့် စစ်မှန်သော ဖက်ဒရယ် ဒီမိုကရေစီပြည်ထောင်စု တည်ထောင်ရေး အခြေခံမူများ၊ အခြေခံ ကြောရိုးများကို လက်ခံကျင့်သုံးခြင်း မရှိခဲ့ပေ။
အဆိုပါ ခေါင်းဆောင်ကြီးများ ချမှတ်ထားခဲ့သည့် ဖက်ဒရယ် ဒီမိုကရေစီပြည်ထောင်စု တည်ထောင်ရေး အခြေခံမူများ၊ အခြေခံ ကြောရိုးများကို လက်ခံကျင့်သုံးခြင်း မရှိခဲ့ဘဲ ဆန့်ကျင် ဖောက်ဖျက်လာသဖြင့် ဖွဲ့စည်းပုံအခြေခံဉပဒေ (၃) ခု ရေးဆွဲခဲ့ကာ နှစ်ပေါင်း (၇၀) ကျော် အတိဒုက္ခမျိုးစုံ ကြုံတွေ့နေရခြင်းသည် “ပင်လုံကျိန်စာ သင့်ရာဘဝ” ခံစားနေရခြင်းပင် ဖြစ်သည်ဟု ခံယူကြရမည် ဖြစ်သည်။
ပင်လုံကျိန်စာသင့်ဘဝ မှသည် တစ်ခုတည်းသော ထွက်ရပ်လမ်းအဖြစ် လွတ်လပ်ရေးဖခင်များ၊ ဖက်ဒရယ်ဗိသုကာများ ဖြစ်ကြသော ဗိုလ်ချုပ်အောင်ဆန်းနှင့် တိုင်းရင်းသားခေါင်းဆောင်များ ချမှတ်ထားသော ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စု နိုင်ငံတော် တည်ထောင်ရန် သန္နိဋ္ဌာန်ချမှတ်ပြီး ချီတက် သွားရန် လိုအပ်ပါကြောင်း။
သို့မှသာလျှင် ဒုက္ခမျိုးစုံ ကြုံတွေ့ရသည့်ဘဝမှ ကမ္ဘာ့နိုင်ငံတကာ အလယ်တွင် ငြိမ်းချမ်း သာယာဝပြောသော ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စု သမ္မတ ပင်လုံနိုင်ငံတော်ကြီး ပေါ်ထွန်းလာမည် ဖြစ်ကြောင်း ကိုးကား ကောက်နုတ် ပြုစု ရေးသား တင်ပြအပ်ပါသည်။
နွေဦး ၂၀၂၅ ခုနှစ် ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စု ဖွဲ့စည်းပုံအခြေခံဥပဒေ တွင် –
- (၁) ပြည်ထောင်စုအာဏာကို သတ်မှတ်ရမည်။
- (၂) ပြည်ထောင်စုနှင့် ပြည်ထောင်များ ပူးတွဲအာဏာကို သတ်မှတ်ရမည်။
- (၃) ကြွင်းကျန်သည့် အာဏာအားလုံးကို ပြည်ထောင်များတွင် အပ်နှင်းထားရမည်။
တရားစီရင်ရေး
ဗိုလ်ချုပ်အောင်ဆန်း၏ ၁၉၄၇ ခုနှစ် ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေမူကြမ်း အခန်း (၅) တရားစီရင်ရေး တွင် –
- ပြည်ထောင်စုနှင့် ပြည်နယ်များ အဆင့်ဆင့် တရားစီရင်ရေးအဖွဲ့ကို ဖွဲ့စည်းရမည်။
နွေဦး ၂၀၂၅ ခုနှစ် ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စု ဖွဲ့စည်းပုံအခြေခံဥပဒေ တွင် –
- တရားစီရင်ရေးအာဏာကို ပြည်ထောင်စုအဖွဲ့ဝင် ပြည်ထောင်များ၊ ကိုယ်ပိုင်အုပ်ချုပ်ရေးဒေသများ၊ အမျိုးသားနယ်မြေများ၊ ဒေသန္တရ အုပ်ချုပ်ရေးနယ်မြေများ အားလုံးတွင် တရားစီရင်ရေး အဆင့်ဆင့် ဖွဲ့စည်း တာဝန်ပေးအပ်ရမည်။
ခွဲထွက်ခွင့်
ဗိုလ်ချုပ်အောင်ဆန်း၏ ၁၉၄၇ ခုနှစ် ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေမူကြမ်း အခန်း (၁၀) ခွဲထွက်ခွင့် တွင် –
- ပြည်ထောင်စုတွင် အနည်းဆုံး ၁၀ နှစ် ပူးပေါင်းနေထိုင်ရန်နှင့် ၁၀ နှစ်ပြည့်လျှင် ခွဲထွက်လိုပါက ခွဲထွက်ခွင့် ပြုကြောင်း ပါရှိသည်။
နွေဦး ၂၀၂၅ ခုနှစ် ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စု ဖွဲ့စည်းပုံအခြေခံဥပဒေ တွင် –
- အခန်း (၁၀) ခွဲထွက်ခွင့် ပြုထားခြင်းသည် တိုင်းရင်းသားများအတွက် ထောင်ချောက် တစ်ခုသာ ဖြစ်ပြီး ဖက်ဆစ် ဗိုလ်နေဝင်း စစ်အုပ်စု လက်တွေ့ ကျင့်သုံးသွားခြင်း ဖြစ်သွားစေပါသည်။
- ထို့ကြောင့် ခွဲထွက်ခြင်းထက် အမျိုးသားများ တန်းတူရေးကို လိုလားပါသည်။ သို့ဖြစ်ပါ၍ ဖွဲ့စည်းပုံအခြေခံဉပဒေ အခန်းများတွင် တိုင်းရင်းသားများ တန်းတူအခွင့်အရေးကိုသာ ထိန်းသိမ်း ဖေါ်ဆောင်သွားမည် ဖြစ်သည်။
ဖွဲ့စည်းပုံအခြေခံဉပဒေ ပြင်ဆင်ရေး
ဗိုလ်ချုပ်အောင်ဆန်း၏ ၁၉၄၇ ခုနှစ် ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေမူကြမ်း အခန်း (၁၁) တွင် –
- ဖွဲ့စည်းပုံအခြေခံဉပဒေ ပြင်ဆင်ရေးကို သတ်မှတ်ထားသည်။
နွေဦး ၂၀၂၅ ခုနှစ် ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စု ဖွဲ့စည်းပုံအခြေခံဥပဒေ တွင် –
- ဖွဲ့စည်းပုံအခြေခံဉပဒေ ပြင်ဆင်ရေးကို လွှတ်တော်တွင် တင်ပြဆွေးနွေးသွားရန် သတ်မှတ်သည်။
ပြည်ထောင်စုအုပ်ချုပ်ရေး အစိုးရရွေးကောက်တင်မြှောက်ခြင်း
ဗိုလ်ချုပ်အောင်ဆန်း၏ ၁၉၄၇ ခုနှစ် ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေမူကြမ်း အခန်း (၁၂) အပိုင်း (က) ပါ ပြည်ထောင်စုအုပ်ချုပ်ရေး အစိုးရရွေးကောက်တင်မြှောက်ခြင်း စနစ်တွင်
- လူမျိုးစုလွှတ်တော် (အထက်လွှတ်တော်) သည် သမ္မတကို အလှည့်ကျ ရွေးကောက်တင်မြှောက်သည်။ သမ္မတသည် နိုင်ငံ့ဦးသျှောင်ဖြစ်သည်။
- (၁) စဝ်ရွှေသိုက်(သျှမ်း)၊ (၂) ဦးဘဦး(မြန်မာ)၊ (၃) မန်းဝင်းမောင် (ကရင်)၊ (၄) ဒူဝါဆင်ဝါးနောင် (ကချင်)၊ သို့သော် ၁၉၆၂ ခုနှစ်တွင် ဗိုလ်နေဝင်း ဦးဆောင်သော ဖက်ဆစ် စစ်အုပ်စုသည် တိုင်းပြည်အာဏာ မတရားသိမ်းယူသဖြင့် ရွေးကောက်တင်မြှောက်ပွဲ ပျက်ပြားသွားသည်။
အခန်း(၁၂) အပိုင်း (ခ) ပြည်ထောင်စုအစိုးရ ဝန်ကြီးချုပ် ရွေးချယ်ခြင်းစနစ်တွင်
- ပြည်ထောင်စု ပြည်သူ့လွှတ်တော် (အောက်လွှတ်တော်) သည် ဝန်ကြီးချုပ်နှင့် ဝန်ကြီးများကို ရွေးကောက်တင်မြှောက်သည်။
ဖွဲ့စည်းပုံတွင် အတိအကျ ဖေါ်ပြထားခြင်း မရှိသော်လည်း ဝန်ကြီးချုပ် ဦးနုသည် နိုင်ငံရေးအကြံဉာဏ် ကြီးစွာဖြင့် မိမိအာဏာ တည်တံ့ခိုင်မြဲရေးအတွက် အုပ်ချုပ်ရေးယန္တရား ချမှတ်လိုက်သည်။
ဝန်ကြီးချုပ် ဦးနုသည် ပြည်နယ်ဝန်ကြီးများကို ခန့်အပ်ထားသည်၊ ပြည်နယ်ဝန်ကြီးချုပ်အဖြစ် ပြည်နယ်ဝန်ကြီး တစ်ဉီးကို ခန့်အပ်ထားသည်။
ပြည်နယ်ဝန်ကြီးချုပ်သည် မိမိဝန်ကြီးကို ခန့်အပ်ထားခွင့်မရှိ၊ ဝန်ကြီးချုပ်ဦးနုမှ ခန့်အပ်ပေးပို့သော ဌာနဆိုင်ရာ အကြီးအကဲများကို အစိုးရအဖွဲ့ဝန်ကြီးအဖြစ် လက်ခံရသည်။
ပြည်နယ်ဝန်ကြီး (ပြည်နယ်ဝန်ကြီးချုပ်) ကို ပြည်ထောင်စုဌာနဝန်ကြီး တစ်ဦးအဖြစ် ဆွဲစိ ခန့်ထားလိုက်သည်။ နိုင်ငံရေး ဉာဏ်နီဉာဏ်နက်ဖြင့် မိမိအာဏာကို တည်ဆောက်ခဲ့သည်။ ထိုလုပ်ရပ်သည် ပြည်နယ်များ အခွင့်အရေးကို ပေးအပ်ထားခြင်း မဟုတ်ပါ။
ပြည်ထောင်စုဝန်ကြီးချုပ်သည် ပြည်နယ်များကို မလူးမလှုပ်သာအောင် အတင်းအကြပ် ထိန်းချုပ်ထားခြင်းပင် ဖြစ်သည်။ သို့ဖြစ်ပါ၍ ဦးနု၏ အာဏာတည်မြဲရေး လုပ်ရပ်သည် ပြည်နယ်များ၏ အာဏာအရပ်ရပ်ကို တင်းကြပ်စွာ ချုပ်နှောင်ထားသည်သာမက ပြည်ထောင်စု ဗဟို၏ ကျွန်သဘောက် လက်အောက်ခံအဆင့် ကျဆင်းသွားခြင်းနှင့် တူသည်။
ပြည်တွင်းစစ်မီးသည် အထွဋ်အထိပ်သို့ လောင်ကျွမ်းသွားသည့်အတွက် ၁၉၆၂ ခုနှစ်တွင် ဗိုလ်နေဝင်း ဦးဆောင်သည် ဖက်ဆစ် စစ်အုပ်စုမှ တိုင်းပြည်အာဏာ အရပ်ရပ်ကို သိမ်းယူခံရခြင်းဖြစ်သည်။ နောက်ဆုံးရလဒ်သည် လူမျိုးစု တိုင်းရင်းသားများ တန်းတူအခွင့်အရေး ဆုံးရှုံးသွားသည့် ပြဿနာများကြောင့် ၁၄ နှစ်အကြာတွင် ၁၉၄၇ ခုနှစ် ဖွဲစည်းပုံအခြေခံဥပဒေပျက်စီးသွားပြီး ဗိုလ်နေဝင်း ဦးဆောင်သော ဖက်ဆစ် စစ်အုပ်စု မွေးဖွား ပေါက်ဖွားလာခြင်း ဖြစ်ပေသည်။
နွေဦး ၂၀၂၅ ခုနှစ် ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စု ဖွဲ့စည်းပုံအခြေခံဥပဒေ တွင် –
- အပိုင်း (က) တွင် ပြည်ထောင်များ ဦးရေတူ စေလွှတ်သော အမျိုးသားလွှတ်တော် (အထက်လွှတ်တော်) သည် သမ္မတကို အလှည့်ကျ ရွေးကောက်တင်မြှောက်ရမည်။ နိုင်ငံတော်သမ္မတသည် နိုင်ငံ့ဦးသျှောင် ဖြစ်သည်၊ ပြည်ထောင်စု စစ်သေနာပတိချုပ်လည်း ဖြစ်သည်။
- အပိုင်း(ခ) တွင် ပြည်ထောင်စု ပြည်သူ့လွှတ်တော် (အောက်လွှတ်တော်) သည် ဝန်ကြီးချုပ်နှင့် ဝန်ကြီးအဖွဲ့ကို ရွေးကောက်တင်မြှောက်ရမည်။
ပြည်ထောင်စုနိုင်ငံတော်သည် ပြည်ထောင်များအားလုံး တန်းတူ ပိုင်ဆိုင်ထားသည့်အတိုင်း ပြည်ထောင်စု၏ လုပ်ငန်းတာဝန်များကို ပူးပေါင်းဆောင်ရွက်ပြီး ရရှိလာသည့် ပြည်ထောင်စု အကျိုးကို အချိုးကျ ခံစားရခြင်းသည်သာလျှင် ပြည်ထောင်စု ပင်လုံအမျိုးသားစိတ်ဓာတ်ကို သွေးစည်းညီညွတ်စွာဖြင့် တည်ဆောက်နိုင်မည် ဖြစ်ပေသည်။
ပြည်ထောင်စုနိုင်ငံတော်တွင် ဉပမာ – ပြည်ထောင်များ စုစုပေါင်း ၂၀ ဝန်းကျင်ခန့် ရှိပြီး ပြည်ထောင်စုဝန်ကြီးဌာနသည်လည်း ၂၀ ဝန်းကျင် ရှိသည် ဆိုကြပါစို့။ ပြည်ထောင်စုဝန်ကြီးချုပ် ရွေးချယ်တင်မြှောက်ခြင်းမှအပ ဝန်ကြီးဌာနများတွင် ပြည်ထောင်များမှ အနည်းဆုံး တစ်ဉီးစီ၊ အများဆုံး ၂ ဦးအထိသာ ပါဝင်ခွင့် ရှိစေရမည်။
ထို့အပြင် အရေးကြီးသည့် ဝန်ကြီးဌာနများတွင် ပြည်ထောင်များ သင့်လျှော်သလို ဆပ်ကော်မတီဦးရေကို ဖွဲ့စည်းပါဝင်ကြရမည်။ ဉပမာ – (၁) ပြည်ထောင်စုနှင့် တိုင်းရင်းသားရေးရာ ဝန်ကြီးဌာန၊ (၂) ပြည်ထဲရေးနှင့် သာသနာရေး ဝန်ကြီးဌာန၊ (၃) ပညာရေးဝန်ကြီးဌာန၊ (၄) ဘဏ္ဍာရေးနှင့် စီမံကိန်းဝန်ကြီးဌာန၊ (၅) နိုင်ငံခြားရေးဝန်ကြီးဌာန၊ (၆) ပြည်ထောင်စုကာကွယ်ရေးဝန်ကြီးဌာန။
- အပိုင်း (ဂ) ပြည်ထောင်စုကာကွယ်ရေး ကဏ္ဍတွင် ပြည်ထောင်စုကာကွယ်ရေးဌာနသည် အလွန်အရေးကြီးသဖြင့် တိကျစွာ လုပ်ငန်းတာဝန်များကို ချမှတ်ထားရမည်။ နိုင်ငံတော်သမ္မတသည် ပြည်ထောင်စု စစ်သေနာပတိချုပ် ဖြစ်သည်။
ပြည်ထောင်စုကာကွယ်ရေးဝန်ကြီးသည် အရပ်သားဖြစ်ရမည်။ ပြည်ထောင်စု ကာကွယ်ရေး ဌာနတွင် ပြည်ထောင်များ ဦးရေတူ စေလွှတ်သော စစ်ကော်မရှင် ဖွဲ့စည်းပြီး စစ်ဦးစီးချုပ်၊ ဒုတိယစစ်ဦးစီးချုပ်၊ စစ်ရေးချုပ်များ စသည်တို့ကို အလှည့်ကျ ရွေးကောက် ခန့်ထားရမည်။
ပြည်ထောင်စုကာကွယ်ရေး အင်အားကို လူအရေအတွက်အားဖြင့် တည်ဆောက်ခြင်းထက် ကမ္ဘာ့အဆင့်မှီ အရည်အချင်း အင်အားဖြင့် ဦးစားပေး တည်ဆောက်ရမည်။
ပြည်ထောင်များ လူဦးရေ၏ ရာခိုင်နှုန်းသက်မှတ်ပြီး ပြည်ထောင်စု ကာကွယ်ရေးတပ်ဖွဲ့ အင်အားတည်ဆောက်ရမည်။ အိမ်နီးနားခြင်း တရုတ်၊ အိန္ဒိယနိုင်ငံတို့ဖြင့် တန်းညှိ၍ မရနိုင်ပါ၊ တိုင်းပြည် ဆင်းရဲမွဲတေသွားမည် ဖြစ်သည်။
ပြည်ထောင်စုလူဦးရေ၏ ရာခိုင်နှုန်းကို သတ်မှတ်ပြီး စစ်အင်အားကို တည်ဆောက်ရမည်။ ပြည်ထောင်စု ကာကွယ်ရေးအင်အားသည် အဆင့်ဆင့်တိုင်းတွင် ပြည်ထောင်များအားလုံး အချိုးကျ ပါဝင်စေရမည်။ ပြည်ထောင်စု နိုင်ငံတော် ကာကွယ်ရေး တာဝန်ကို ဆွစ်ဇာလန် နိုင်ငံကဲ့သို့ ပြည်သူများ စစ်ပညာ မသင်မနေရ သက်မှတ်ပြီး ကာကွယ်ရမည်။
ပြည်ထောင်စု တပ်မတော်သည် ဖွဲစည်းပုံ အခြေခံဉပဒေများကို ကာကွယ်ထိန်းသိမ်း လိုက်နာရမည်။ နိုင်ငံတော် စစ်ပညာ သင်ကြားပို့ချရမည်။ ပြည်ထောင်များတွင် သတ်မှတ်ထားသော လူဦးရေအချိုး ပါရှိသည့်အတိုင်း ပြည်ထောင် ကာကွယ်ရေးတပ်ဖွဲ့ ဖွဲ့စည်းရမည်။
- အပိုင်း(ဃ) ရဲတပ်ဖွဲ့များ ဖွဲစည်းခြင်း ကဏ္ဍတွင် ဗိုလ်ချုပ်အောင်ဆန်း၏ ၁၉၄၇ ခုနှစ် ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေမူကြမ်း၌ ပြည်ထောင်စုရဲတပ်ဖွဲ့နှင့် ပြည်နယ်များ ရဲတပ်ဖွဲ့ကို ဖွဲ့စည်းထားခဲ့သည်။ နွေဦး ၂၀၂၅ ခုနှစ် ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စု ဖွဲ့စည်းပုံအခြေခံဥပဒေ တွင်လည်း နိုင်ငံတော် ပြည်ထောင်စု ရဲတပ်ဖွဲ့နှင့် ပြည်ထောင်များ ရဲတပ်ဖွဲ့ကို သီးသန့် ဖွဲ့စည်းရမည်။
ဤသည်မှာ လွတ်လပ်ရေးဖခင်ကြီးများ၊ ဖက်ဒရယ်ဗိသုကာကြီးများ ပန္နက်ရိုက် ချမှတ်ထားသော အမျိုးသားများ တန်းတူအခွင့်အရေး ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်ရှိပြီး ဒီမိုကရေစီနှင့် အခြေခံလူ့အခွင့်အရေးတို့ကို အာမခံချက်ရှိသည့် စစ်မှန်သော ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စု တည်ထောင်ရေးပင် ဖြစ်သည်။
လေးစားစွာဖြင့်
ခွန်းမားရ်ကိုဘန် Khau Marko Ban (a.k.a) Phu Ban ၊ ၁၉၉၀ ခုနှစ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်၊ ကယန်းအမျိုးသားပါတီ၊ ဖယ်ခုံမြို့နယ်
၁၉၉၀ ခုနှစ် MBU ဒုဉက္ကဋ္ဌ၊ NCGUB ပြည်ထောင်စုနှင့် တိုင်းရင်းသားများရေးရာ ဝန်ကြီးဟောင်း
ရက်စွဲ – ၂၀၂၅ ခုနှစ် စက်တင်ဘာလ ၂၃ ရက်နေ့












Leave a Comments