Tuesday, January 27, 2026

ဆုံးရှုံးမှုများ အကြိမ်ကြိမ် ရင်ဆိုင်နေကြရသော ပုံးအင်းလယ်သမားများ

ရေကြီးရေလျှံမှုကြောင့် ယမန်နှစ်က စပါးစိုက်ခင်း ဧကပေါင်း ၇,၀၀၀ ကျော်ဆုံးရှုံးခဲ့ရသည့် ပုံးအင်းလယ်သမားများသည် အကြွေးယူပြီး စပါးပြန်စိုက်ခဲ့သော်လည်း ယခုနှစ်အတွင်း ရေကြီးမှုနှင့် စပါးဈေးနှုန်း မရှိသောကြောင့် အရှုံးပေါ်နေကြသည်။

တောင်ကြီးမြို့နယ်၊ ဟိုပုံးမြို့နယ်နှင့် ဆီဆိုင်မြို့နယ်အတွင်း ပါဝင်သော ပုံးအင်းဒေသသည် ဆန်စပါးကိုသာ အဓိကစိုက်ပျိုးပြီး လူအများသိကြသော နာမည်ကျော် နောင်မွန်ရှမ်းဆန်မှာ ပုံးအင်းဒေသမှ ထွက်သည်။

သို့သော် ဇူလိုင်လအတွင်း ဝင်ရောက်ခဲ့သော ဝီဖာမုန်တိုင်းအရှိန်ကြောင့် ဆီဆိုင်မြို့နယ် ပုံးအင်းကျေးရွာအုပ်စု၊ ဘန်းယဉ်ကျေးရွာအုပ်စု၊ နောင်မွန်ကျေးရွာအုပ်စုနှင့် တောင်ကြီးမြို့နယ် နားဟီးကျေးရွာအုပ်စု၊ အသုံးတော် ကျေးရွာအုပ်စုတို့ အတွင်းရှိ နွေစပါးစိုက်ခင်း ဧကပေါင်း ၃,၀၀၀ ကျော် ရေနစ်မြှုပ်ဆုံးရှုံးခဲ့ရကြောင်း လယ်သမားများထံမှ သိရသည်။

ထိုသို့ သဘာဝဘေးကြောင့် စပါးစိုက်ခင်းများ ရေနစ်မြှုပ်နေသည့် အခြေအနေတွင် ယခုနှစ် စပါးပေါက်ဈေးမှာ အလေးချိန် ၁ ပိဿာလျှင် ကျပ် ၁,၆၀၀ ခန့်ရှိ၍ လယ်သမားများ အရှုံးပေါ်နေကြောင်း၊ ၁ ပိဿာလျှင် ကျပ် ၂,၅၀၀ ကျော်ဈေးရှိမှသာ လယ်သမားများ အရင်းကျေနိုင်ကြောင်း ပုံးအင်းဒေသခံ လယ်သမားတစ်ဦးက ပြောသည်။

ပုံးအင်း လယ်သမားများ

“အခုစပါးဈေးကတော့ လယ်သမားတွေပဲ အရှုံးပေါ်နေတယ်။ ကုန်ကျသွားတဲ့ စရိတ်တောင် ပြန်မရဘူး။ မြို့ထဲမှာရောင်းတဲ့ ဆန်ဈေးက ၂၃ ပိဿာမှာ ၁၂၀,၀၀၀ ကျပ်တဲ့။ ကျနော်တို့နား လာဝယ်ရင်တော့ အဲ့လောက်ဈေး မရဘူး၊ တစ်ဝက်ကွာတယ်” ဟု ၎င်းက ပြောသည်။

ယမန်နှစ်က ရေကြီးရေလျှံမှုကြောင့် စပါးစိုက်ခင်းများ ရေမြှုပ်နေချိန်ကာလတွင် ရွေအပ်၊ ရွှေရင်အေး ဆန်ဈေး (အလေးချိန် ၄၆ ပေါင်)မှာ တစ်အိတ်လျှင် ကျပ် ၂၅၀,၀၀၀ ခန့်ရှိသော်လည်း စပါးပေါ်ချိန်ကာလတွင် တစ်အိတ်လျှင် ကျပ် ၁၀၀,၀၀၀ သာရရှိသဖြင့် တစ်ဝက်ကျော်ဆုံးရှုံးခဲ့ရကြောင်း ၎င်းက ပြောသည်။

ထို့ပြင် စပါးစိုက်ပျိုးရာတွင် လုပ်အားခနှင့် မြေသြဇာအပါအဝင် ၁ ဧကလျှင် ကျပ် ၁၀ သိန်းအထိ ကုန်ကျစရိတ်ရှိကြောင်း ပုံးအင်းလယ်သမားများက ပြောသည်။

အာဏာသိမ်းပြီးနောက်ပိုင်း ငွေကြေးဖောင်းပွမှုကြောင့် ကုန်ဈေးနှုန်းများ မြင့်လာပြီး လုပ်သားခများ၊ စက်သုံးဆီ ဈေးနှုန်းများ မြင့်တက်လာခြင်းအပြင် လယ်ယာလုပ်ငန်းခွင်တွင် မရှိမဖြစ် အသုံးပြုရသော ဓာတ်မြေသြဇာများ၊ ပိုးသတ်ဆေးများနှင့် သီးနှံမျိုးစေ့များ မြင့်တက်လာခြင်းကြောင့် ကုန်ကျစရိတ်နှင့် ရောင်းအားမှာ မမျှတော့ကာ လယ်သမားများ အရှုံးပေါ်နေရခြင်း ဖြစ်သည်။

တစ်ဖက်တွင် မြန်မာနိုင်ငံ၌ ဖြစ်ပေါ်နေသည့် ပဋိက္ခ၊ စီးပွားရေးပြိုလဲမှုနှင့် စစ်မှုထမ်း ကိစ္စရပ်များကြောင့် ပုံးအင်းဒေသရှိ လူငယ်များသည် ပြည်ပနိုင်ငံသို့ အမြောက်အများထွက်ခွာသွားပြီး အလုပ်သမား ရှားပါးမှုနှင့် ရင်ဆိုင်နေရသဖြင့် စပါးကိုစက်ဖြင့် ရိတ်သိမ်းနေရကာ စပါးစိုက်ခင်း ၁ ဧကကို ကျပ် နှစ်သိန်းမှ လေးသိန်းအထိ ရှိကြောင်း ပုံးအင်းဒေသခံ အသက် (၃၀) အမျိုးသားတစ်ဦးက ပြောသည်။

ပုံးအင်းဒေသ လယ်သမားများသည် စပါးအရှုံးပေါ်နေချိန် ပအိုဝ်းပြည်သူ့စစ် PNA က လုံခြုံရေးအကြောင်းပြ၍
ခြောက်လလျှင်တစ်ကြိမ် တစ်အိမ်ကို ကျပ် ၁၀,၀၀၀ ကောက်ခံနေရသလို စစ်ကော်မရှင်ဘက်ကလည်း စစ်မှုထမ်းအတွက်ဟုဆိုကာ တစ်လလျှင် ကျပ် ၂၀,၀၀၀ မှ ၃၀,၀၀၀ အထိ ကောက်ခံနေသဖြင့် အခက်အခဲ ဖြစ်နေကြောင်း ပြောသည်။

“ကျနော်တို့တွေ ပထမဆုံးမျှော်လင့်တာက တိုင်းပြည်အေးချမ်းဖို့ပဲ။ စစ်ဖြစ်ရင် ဟိုဘက်က လုံခြုံရေးစာရိတ်၊ ဒီဘက်က လုံခြုံရေးစာရိတ်ဆိုပြီး ပိုက်ဆံတအားကောက်တယ်။ ကျနော်တို့ကို လာပံ့ပိုးတာမရှိဘူး၊ လာကောက်စားတာပဲရှိတယ်” ဟု ၎င်းက ပြောသည်။

အာဏာသိမ်းပြီးနောက်ပိုင်း စစ်ကော်မရှင်တပ်ကို ထိုးစစ်ဆင်တိုက်ခိုက်နေသည့် တိုက်ပွဲများကြောင့် ဆန်အဓိက တင်ပို့ရာ တရုတ်နယ်စပ်နှင့် အခြားနယ်စပ်ကုန်သွယ်ရေး လမ်းကြောင်းများ ရပ်ဆိုင်းသွားခဲ့သဖြင့် ဆန်ကိုပင်လယ်ရေကြောင်းမှ တရုတ်နိုင်ငံသို့ အများဆုံးတင်ပို့နေကြောင်း သိရသည်။

ပြီးခဲ့သည့် ၂၀၂၄ နှစ်လယ်ပိုင်းတွင်လည်း ပြည်တွင်းဆန်ဈေး မြင့်တက်လာချိန် ဈေးတင်ရောင်းချသည်ဟုဆိုကာ ကုန်သည်ကြီးများနှင့် နာမည်ကြီးကုန်တိုက်ပိုင်ရှင်များကို စစ်ကော်မရှင်က ဖမ်းဆီးအရေးယူခဲ့သည်။

ယခုနှစ် ၂၀၂၅ ဧပြီလမှ စက်တင်ဘာလအထိ ခြောက်လအတွင်း အိမ်နီးချင်း တရုတ်အပါအဝင် အာရှနှင့် ဥရောပနိုင်ငံများကို ဆန်နှင့် ဆန်ကွဲတန်ချိန် ၁၂ သိန်းကျော် တင်ပို့ခဲ့ပြီး အမေရိကန်ဒေါ်လာ ၄၀၈ သန်းဝန်ကျင် ရရှိကာ နောက် ခြောက်လအတွင်း ဆန်တန်ချိန် ၁၈ သိန်း ထပ်မံတင်ပို့သွားမည်ဟု မြန်မာနိုင်ငံဆန်စပါး အသင်းချုပ်က ပြီးခဲ့သည့် အောက်တိုဘာလ ၂ ရက်နေ့တွင် သတင်းထုတ်ပြန်သည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

လူထုကျန်းမာရေးကို စတင် ခြိမ်းခြောက်လာသည့် ပင်းပက်သံမဏိစက်ရုံ

0
ဝါဆိုလ (ဇူလိုင်လ) ဟာ ပုံးအင်းလယ်သမားများအတွက် နွေစပါး ရိတ်သိမ်းရမည့် အချိန်ကာလ ဖြစ်သော်လည်း စိုင်းကျော်လှ တစ်ယောက် လယ်ထဲဆင်းရန် တွန့်ဆုတ်နေသည်။ အကြောင်းမှာ ပုံးအင်းဒေသရှိ လယ်ထဲတွင် ရေဆိုးများ ဝင်ရောက်လာသောကြောင့် လယ်သမားများ အရေပြား ယားယံမှု ဖြစ်ပွားနေခြင်း ဖြစ်သည်။ “ရေနစ်ရင် နစ်သလောက်၊ ခါးအထိရောက်ရင် ခါးအထိ...

မိုင်းကိုင်လယ်ယာဧက ၅၀ ရာခိုင်နှုန်း မစိုက်ပျိုးနိုင်

0
သျှမ်းပြည်တောင်ပိုင်း မိုင်းကိုင်မြို့နယ်အတွင်း နိုင်ငံရေး မတည်ငြိမ်မှုများကြောင့် လယ်ယာဧက ၅၀ ရာခိုင်နှုန်း မစိုက်ပျိုးနိုင်ကြောင်း သတင်းရရှိသည်။ မြန်မာနိုင်ငံတွင် စစ်အာဏာသိမ်းပြီးနောက်ပိုင်း စီးပွားရေး ကျဆင်းလာကာ ကုန်ပစ္စည်းများ ၊ မြေသြဇာများ အဆမတန် မြင့်တက်လာသည့် အတွက် စပါးစိုက်ပျိုးရန် စားရိတ်များလာမှုကြောင့် တောင်သူလယ်သမားများ ခက်ခဲလာရသည်။ ထို့အပြင် နိုင်ငံရေး...