“သီးနှံကဈေးမရ စားဖို့ကလည်းမရှိ၊ ပွဲစားနားက ယူရင်း ယူရင်းနဲ့ ခုဆို အကြွေးနဲ့ မြုပ်နေပြီ အကြွေးဆပ်ဖို့ပဲရုန်းကန်နေရတယ်။”
သျှမ်းပြည်တောင်ပိုင်း တောင်ကြီးမြို့နယ်အတွင်းမှာ နေထိုင်တဲ့ မနှင်း တစ်ယောက် ကုန်စိမ်းသီးနှံများ အရှုံးပေါ်နေသည့်ကြားမှ ပွဲစားများကိုပါ အကြွေးတင်နေလို့ သောကဝေနေပါတယ်။
အသက် (၃၀)ဝန်းကျင်သာ ရှိသေးတဲ့ မနှင်းဟာ ကလေးနှစ်ယောက်နဲ့ နေထိုင်ပါတယ်၊ ရွာအတွင်း နှစ်တိုသီးနှံဖြစ်သည့် ပြောင်း၊ ခရမ်းချဉ်၊စပါး၊ မုန်ညင်းထုတ်၊ များကို အဓိစိုက်ပျိုးကာ အသက်မွေးကြပါတယ်။
ပြီးခဲ့သည့် ၂၀၂၅ ခုနှစ် နိုဝင်ဘာလမှ စပြီး ဈေးဆက်တိုက်ကျဆင်းလာခဲ့ပါတယ်။ ပြောင်းမျိုးစေ့ ဈေးနှုန်းမှာ ကျပ် (၄)သိန်းရှိလာပြီး မြေဩဇာဖိုးက ကုန်ကျများသောကြောင့် တောင်သူများ အရှုံးပေါ်နေခဲ့ရပါတယ်။
မနှင်းတို့ရွာမှာ မိရိုးဖလာဖြစ်နေသည့် ပြောင်းစိုက်ပျိုးရေးကို ပိုလုပ်ကိုင်ကြပြီး ပွဲစားများက အရင်းအနှီး ထုတ်ပေး ပါတယ်။
စိုက်ပျိုးတောင်သူတွေ သီးနှံထွက်နှုန်းကောင်းခြင်း၊ မကောင်းခြင်း ကို ပွဲစားများက စိတ်ဝင်စားမှုမရှိဘဲ ၎င်းတို့ ချေးငှားပေးသည့် ငွေများ ရာခိုင်နှုန်းအလိုက် ပြန်ရရန်သာ အာရုံစိုက်ကြတယ်လို့ မနှင်းက ပြောပါတယ်။
“ဒီနှစ် ပြောင်းစိုက်မယ်ဆိုရင် ပွဲစားက အရင်းထုတ်ပေးတယ်၊ ပြောင်းက စိုက်ရင်သာ အရင်းနှီးကြီးတာ ပြန်ရောင်းရင် အရှုံးဘက်ပဲသွားတာ၊ နှစ်တိုင်း ပွဲစားကို ဆပ်လိုက် ပြေချေးလိုက်နဲ့ လူက လုံးပါး ပါးနေပြီ။”လို့ မနှင်းက စိတ်ပျက်ဟန်ဖြင့် ပြောပြပါတယ်။
ပြောင်းစိုက်ပျိုးလျှင် ရှုံးမည်ဟု သိရှိသော်လည်း မိရိုးဖလာအနေနဲ့ စိုက်ပျိုးကြပြီး နှစ်ရှည်သီးနှံပြောင်းစိုက်ရန် မနှင်းတို့ စဉ်းစားလာခဲ့ပါတယ်။
ထို့အပြင် မြေဆီလွှာများ ပျက်စီးခြင်းကြောင့် မြေဩဇာများ ယခင်နှစ်များထက် ပို၍ အသုံးပြုရပြီး ငွေကုန်ကျများ နေရတယ်လို့ မနှင်းက ဆိုပြန်ပါတယ်။
“စိုက်ပျိုးရေးတခါလုပ်ရင် အရင်းအနှီးက ကျပ်သိန်းငါးဆယ် အနည်းဆုံးရှိတယ်၊ မြေဩဇာကလည်း နှစ်သိန်းလောက် ရှိတယ်။ ပြောင်းတို့ ခရမ်းချဉ်တို့ဆို အရင်းတောင် ပြန်မရဘူး အကုန်ရှုံးတာ၊ မိရိုးဖလာဖြစ်နေတော့ မစိုက်ပျိုးလို့လည်း မရတော့ဘူး ရှုံးလည်း စိုက်ရတာပဲ၊ ပွဲစားက အရင်းထုတ်ပေးလိုက် တောင်သူတွေက ရှုံးတော့ ပြန်မဆပ်နိုင်လိုက်နဲ့ သံသရာလည်နေတာ။” လို့ဆိုပါ တယ်။
လက်ရှိမှာ ပြောင်း၊ ခရမ်းချဉ်များကို အနည်းငယ်သာ စိုက်ပျိုးလာကြပြီး သနပ်ဖက်များနှင့် ကော်ဖီများကို ပို၍ စိုက်ပျိုးမှုများ ပြုလုပ်ရန် ပြင်ဆင်နေတယ်လို့ မနှင်းက ပြောပါတယ်။

ယခုလက်ရှိ ခရမ်းချဉ်သီး တစ်ပိဿကို ငွေကျပ် (၂၀၀) သာရှိလို့ တောင်သူများ အရှုံးဖြင့် ရင်ဆိုင်နေရပါတယ်။ ထို ကျပ် (၂၀၀) ဈေးနူန်းကို ပင်ဝယ်သူမရှိ၍ သွန်ပစ်နေရပါတယ်။
ကုန်စိမ်းသီးနှံများ ဈေးမရရှိသည့်အပြင် စစ်ကော်မရှင်တပ်နှင့် ၎င်း၏လက်အောက်ခံ လက်နက်ကိုင်တပ်ဖွဲ့များက ဆက်ကြေးများ၊ စစ်မှုထမ်းများ ကောက်ခံသောကြောင့် တောင်သူအများစုသည် ပွဲစားများထံမှ ချေးငှား၍ အခွန်များပေးဆောင်နေကြရပါတယ်။
“စစ်တပ်ကကောက်တဲ့ စစ်မှုထမ်းကြေး၊ ဆက်ကြေးတွေဆို နှစ်လ တစ်ခါထည့်ရတယ်၊ တစ်ခါတထည့်ရင် သုံးသိန်းလောက်ရှိတယ်။ ပြောင်းကလည်း ဈေးမရတော့ ပွဲစားနားက ယူပြီး အခွန်ဆောင်နေရတော့ အကြွေးက ပိုများလာတယ်၊ ပွဲစားနားက သီးနှံပေါ်ရင် ပေးမယ်ဆိုပြီး ယူထားတာတွေ များနေတော့ အကြွေးထဲနစ်နေပြီ။” လို့ မနှင်းက ဆိုပါတယ်။
မနှင်းတို့ ရွာမှာ အိမ်ခြေ (၃၅၀) ရှိပြီး သုံးပုံ နှစ်ပုံမှာ ပွဲစားများကို အကြွေးတင်နေကြတယ် လို့ဆိုပါတယ်။ တစ်အိမ်လျှင် အနည်းဆုံး ငွေကျပ် သိန်းသုံးဆယ် အထိကြွေးရှိကြတယ်လို့ မနှင်းက ဆိုပါတယ်။
နှစ်စဉ် စိုက်ပျိုးတောင်သူတွေ ကုန်စိမ်းသီးနှံများ ဈေးမရခြင်းမှာ လမ်းပန်းဆက်သွယ်ရေး ခက်ခဲခြင်းနှင့်အတူ ပွဲစားများ၏ ဈေးနှိမ်ဝယ်ယူခြင်း၊ ကုန်စိမ်းသီးနှံများ အချိန်တခုတည်းတွင် ထွက်နှုန်းတူညီနေခြင်းကြောင့် ကျဆင်းတယ်လို့ ထင်မြင်မိကြောင်း စိုက်ပျိုးေတောင်သူ ဦးမိုးက ဆိုပါတယ်။
စစ်တပ်အာဏာသိမ်းပြီးနောက် နယ်မြေဒေသအလိုက် နိုင်ငံရေးမတည်ငြိမ်မှုများ၊ တိုက်ပွဲများ ကြောင့် လမ်းများပိတ်ထားခြင်း၊ ကုန်သွယ်ရေး အဓိကလမ်းမှာ စစ်တပ်ဂိတ်များက စစ်ဆေးမှုကြောင့် နှောင်းနှေး ကြန့်ကြာနေရပါတယ်။
“ခေတ်ကာလ မကောင်းတော့ သွားရလာရ အဆင်မပြေဘူး၊ လမ်းကလည်း ပိတ်လိုက် ဖွင့်လိုက်ဆိုတော့ ကြားထဲမှာ ကုန်စိမ်းတွေက အထားမခံတော့ ပုတ်ကုန်တာ၊ ပြီးတော့ ပွဲစားတွေကလည်း ဈေးကစားတော့ ဈေးက ကျတာပေါ့။”လို့ ဦးမိုးက ခတ်ပြတ်ပြတ်ပြောပါတယ်။

နှစ်တို သီးနှံများ ဈေးကျဆင်းနေပေမယ့် နှစ်ရှည်သီးနှံများဖြစ်တဲ့ ထောပတ်၊ လက်ဖက်များ နှင့် သနပ်ဖက်၊ ကော်ဖီပင် စိုက်ပျိုးခြင်းမှာ အကုန်ကျနည်းသည့်အပြင် ဝင်ငွေရရှိမှုနည်းသောကြောင့် နှစ်ရှည်သီးနှံများကို စိုက်ပျိုးသူ နည်းပါးတယ်လို့ ဆိုပါတယ်။
နှစ်ရှည်သီးနှံစိုက်ပျိုးသူများက ရာသီအလိုက် သီးနှံများထွက်ရှိပြီး ပုံမှန်ဝင်ငွေရရှိနေတယ်လို့ နှစ်ရှည်သီးနှံ စိုက်ပျိုးသူ မမျိုးက ဆိုပါတယ်။ ကော်ဖီ၊ ထောပတ်၊ လဖက် စတဲ့ သီးနှံများကို အဓိက စိုက်ပျိုးထားတယ်လို့ ဆိုပါတယ်။
“သူ့ရာသီနဲ့ သူတော့ ပုံမှန်ဝင်ငွေရှိတယ်၊ ကြွေးမတင်ရုံ စားရသောက်ရရုံ ရတာပေါ့၊ အိမ်အသုံးစရိတ် ကာမိတာ ပေါ့လေ၊ အပိုဝင်ငွေရဖို့က တခြားစီးပွားရေး သပ်သပ် ပြန်လုပ်မှရတယ်။ နှစ်ရှည်သီးနှံစိုက်ဖို့ တော့အကြံ ပေးချင်တယ်။ မြေကြီးက မပျက်စီးဘူး။ အရင်းအနှီးမကြီးဘူး ဆိုတော့ အဆင်ပြေတယ်။ အရိပ်လည်းရတယ်။ သစ်တောထိန်းသိမ်း ရာလည်းရောက်တယ်။”လို့ မမျိုးက အကြံပြု ပြောပါတယ်။

ယခု ဇွန်လ ဒုတိယပတ်ကနေ စပြီး သျှမ်းတောင် နဲ့ သျှမ်းရှေ့ လမ်းတလျောက်က အစစ်ဆေးတင်းကြပ်ပြီး ငွေညစ်တဲ့ ဂိတ်ကို စစ်ကော်မရှင်တပ်က ဖျက်သိမ်းလိုက်ပြီလို့ သိရပါတယ်။
ယခုလို စစ်ကော်မရှင်တပ်ဂိတ် ဖျက်သိမ်းရန် သျှမ်းပြည်ကုန်သည်ကြီးများက တောင်းဆိုခဲ့ပြီး ကုန်ဈေးနူန်း မြင့်တက်ပြီး ကုန်စိမ်းသီးနှံများ အရှုံးပေါ်နေသည်မှာ စစ်ကော်မရှင်တပ်ဂိတ်လည်း တစ်စိတ်တပိုင်း ပါဝင်နေလို့ ဖျက်သိမ်းရန် တောင်းဆိုခဲ့ကြတယ်လို့ သိရပါတယ်။
ပြီးခဲ့သည့် ဇွန်လ (၁၆) ရက် မှာလည်း အစစ်ဆေးတင်းကြပ်ပြီး ငွေတောင်းသည်ဟု နာမည်ကြီးသည့် ပင်လုံအဝင်ဂိတ် ကိုလည်း ဖျက်သိမ်းလိုက်ပြီ ဟု သိရပါတယ်။
စစ်တပ်က ဂိတ်အချို့ကို ဖျက်သိမ်းလိုက်တာကြောင့် ကုန်ဈေးနှုန်း ကျဆင်းပြီး သီးနှံများ ဈေးကောင်းရရှိနိုင်ရန် တောင်သူများ မျှော်လင့်နေကြပါတယ်။
“စစ်တပ်ဂိတ်တွေ တချို့ဖျက်လိုက်ပြီဆို သွားလာရ ကူးသန်းရောင်းဝယ်ဖို့ အဆင်ပြေလာမယ်ထင်တယ်။ ကုန်စိမ်းတွေ ဈေးကောင်း ရလာဖို့ မျှော်လင့်ရတာပဲ၊ ဈေးကောင်းရရင် အကြွေးဆပ်နိုင်မှာ။ တောင်သူတွေကို မြေဆီလွှာ ပြုပြင်ထိန်းသိမ်းဖို့ သင်တန်းတွေ အသိပညာတွေ လာပေးစေချင်တယ်။” လို့ မနှင်းက သက်ပြင်းချရင်းဆိုပါတယ်။













Leave a Comments