သျှမ်းပြည်တောင်ပိုင်း၊ တောင်ကြီးမြို့တွင် နှစ်စဉ်ကျင်းပသည့် တန်ဆောင်တိုင်မီးပုံးပျံပွဲတော်ကို ကမ္ဘာ့အမွေအနှစ် ယူနက်စကို (UNESCO) စားရင်းဝင် တင်သွင်းရန် ကြိုးစားနေကြောင်း သတင်းရရှိသည်။
တောင်ကြီးတန်ဆောင်တိုင် ပွဲတော်ကို ကမ္ဘာ့ယဉ်ကျေးမှု အမွေနှစ် စာရင်းဝင်နိုင်ရန်အတွက် ကြိုးစားလျှက်ရှိကြောင်းနှင့် ယခင်နှစ်များထက် ယခုနှစ်တန်ဆောင်တိုင် ပွဲတော်သည် ပို၍ စည်ကားလာနိုင်ကြောင်း ရှမ်းပြည်နယ်တောင်ပိုင်း ရိုးရာမီးပုံးပျံပညာရှင်များအသင်းက တာဝန်ရှိသူ တစ်ဦးက ပြောသည်။
“တန်ဆောင်တိုင်းပွဲတော်ကတော့ ကမ္ဘာကျော်တဲ့ပွဲဖြစ်တော့ စည်းတာကတော့ နှစ်တိုင်းထက်စည်မှာပါ။ ကမ္ဘာ ယူနက်စကို ဝင်ဖို့အတွက် လူကြီးတွေက လုပ်ဆောင်နေပါတယ်” ဟု ၎င်းက ဆိုသည်။၊
လာမည့် အောက်တိုဘာလ ၂၉ ရက်နေ့မှ နိုဝင်ဘာလ ၅ ရက်နေ့အထိ ၈ ရက်တာ ကျင်းပသွားမည်ဖြစ်ပြီး မီးပုံးပျံပြိုင်ပွဲ အတွက် ညောင်ရွှေ၊ ပင်းတယ ၊ဟိုပုံးနှင့် တခြားသော ဒေသမှ မီးပုံးပျံဝါသနာရှင်များကလည်း လာရောက် ယှဉ်ပြိုင်ကြမည်ဖြစ်ကြောင်း သိရသည်။
“ ပွဲတော်ကို ၈ ရက်ကျင်းပသွားမယ်။ တောင်ကြီးဒေသခံတွေကတော့ ပြင်ဆင်နေတာတွေတော့ ရှိတယ်။ ညလွှတ် နေ့လွှတ် အရုပ်တွေ။ စိန်နပန် မီးပန်းတွေရှိမယ် ။” ဟု အဆိုပါ တာဝန်ရှိသူ တစ်ဦးက ပြောသည်။
တောင်ကြီးတန်ဆောင်တိုင် ပွဲတော်သည် ရှေးယခင်ကတည်းက ရိုးရာအမွေနှစ်များကို မတိမ်ကော မပျောက်ကွယ်စေရန် ခေတ်အဆက်ဆက် လက်ဆင့်ကမ်း ထိန်းသိမ်းလာခဲ့ပြီး ယခုကဲ့သို့ နှစ်စဉ်ကျင်းပခွင့်ရသည်မှာ ပီတိဖြစ်မိကြောင်း ၎င်းတာဝန်ရှိသူ တစ်ဦးက ဆိုသည်။
ထိုသို့ တန်ဆောင်တိုင်ပွဲတော်ကျင်းပရာတွင် လူတိုင်းလူတိုင်းသည် ပါဝင်ဆင်နွှဲနိုင်ပြီး လူတိုင်းပျော်ရွှင်နိုင်ကြောင်းနှင့် ရန်ကုန်၊ မန္တလေး စသည့် ဒေသကလူများ လာရောက်ဆင်နွှဲသည်မှာ ပို၍များကြောင်း တောင်ကြီး ဒေသခံ အမျိုးသမီးတစ်ဦးက ပြောသည်။
“တောင်ကြီး တန်ဆောင်တိုင်ပွဲက အရင်နှစ်ထက်ကို ပိုပြီး များလာမယ်လို့ထင်တယ်။ ငယ်ငယ်ကတည်းက တန်ဆောင်တိုင်သွားနေကြဆိုတော့ ဒီနှစ်လည်း ရောက်ဖြစ်မယ်ထင်တယ်။ ပွဲတော်အတွင်းတော့ ယာဉ်ကြောပိတ်ဆို့မှုတွေ ဆိုင်ကယ်ပျောက်တာတို့ ဖြစ်လာနိုင်တယ်။ အများအားဖြင့်က ပြည်မက လူတွေလာတာ များတယ်။”ဟု အဆိုပါ အမျိုးသမီးက ပြောသည်။
တောင်ကြီး တန်ဆောင်တိုင်ပွဲတော်သည် ၂၀၁၉ ခုနှစ် အချိန်လောက် ပျော်စရာမကောင်းတော့ဘဲ အာဏာသိမ်းပြီး နောက်ပိုင်း လွတ်လပ်မှု၊ ပျော်ရွှင်မှုများကို မခံစားရတော့ကြောင်း အဆိုပါ အမျိုးသမီးက ဆက်ပြောသည်။
တောင်ကြီး တန်ဆောင်တိုင်ပွဲတော်ရက်နီးကပ်လျှင် ယာဉ်စည်းကမ်း လမ်းစည်းကမ်းနှင့် ပတ်သက်ပြီး ထုတ်ပြန်သွားမည်ဖြစ်ကြောင်း၊ ပွဲတော်တွင် ဈေးရောင်းသူများ စည်းကမ်းချက်များကိုလည်း ပွဲတော်ရက်နီးလျှင် ထုတ်ပြန်ကြေညာသွားမည်ဟု သိရသည်။
ယခုလက်ရှိတောင်ကြီးတွင် သတင်းကျွတ်ပွဲတော်အတွက် လာမည်စက်တင်ဘာလ ၂၀ ရက်နေ့မှ ၂၅ ရက်နေ့အထိ တောင်ကြီးအဝေရာမီးပုံးပျံကွင်းတွင် နိုင်ငံတော်အဆိုများနှင့် ရှိုးပွဲတစ်ခုကို ကျင်းပသွားမည်ဖြစ်ပြီး လက်မှတ်တစ်စောင်လျှင် ငွေကျပ် ငါးသောင်းဖြင့် စတင်ရောင်းချနေကြောင်း သိရသည်။
ထို့အပြင် အင်းလေးဖောင်တော်ဦး ဘုရားပွဲတော်ကိုလည်း လာမည် စက်တင်ဘာလ ၂၂ ရက်တွင် စတင်ကျင်းပတော့ မည်ဖြစ်ပြီး အနယ်နယ်အရပ်ရပ်ဘုရားဖူး ဧည့်သည်များ လာရောက်နေကြပြီ ဖြစ်ကြောင်း သိရသည်။











Leave a Comments