သျှမ်းပြည် တောင်ကြီးမြို့ တန်ဆောင်တိုင် မီးပုံးပျံပွဲတော်တွင် ယာဉ်ရပ်နားခအတွက် ကျပ် ၅၀,၀၀၀ အထိ ပေးဆောင်နေရကြောင်း ဒေသခံများထံမှ သိရသည်။
တောင်ကြီးမြို့ အဝေရာမီးပုံးပျံကွင်းတွင် ကျင်းပပြုလုပ်နေသည့် တန်ဆောင်တိုင် မီးပုံးပျံပွဲတော်တွင် ယာဉ်ရပ်နားခအတွက် ဆိုင်ကယ်တစ်စီးလျှင် ၃,၀၀၀ ကျပ်မှ ၁၀,၀၀၀ ကျပ်အထိ ပေးဆောင်ရသလို ကားတစ်စီးလျှင် ကျပ် ၃၅,၀၀၀ မှ ၅၀,၀၀၀ ကျော်အထိ ပေးဆောင်ရကြောင်း ကိုယ်တိုင်ကြုံတွေခဲ့ရသည့် တောင်ကြီးမြို့ဒေသခံ အမျိုးသားတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။
“ဆိုင်ကယ်က သုံးထောင်ကျပ်ကနေစတယ်။ ပွဲနဲ့နီးရင်နီးသလို ဈေးတွေကြီးသွားတာ၊ တစ်သောင်းကျပ်အထိ ကောက်တယ်။ ကားလည်း ငါးသောင်းကျော်အထိ ပေးရတယ်။ သူတို့ ဈေးကြီးပေးပြီး ငှားထားရလို့လား မသိဘူး၊ ဒီနှစ်ယာဉ်ရပ်နားခက အရင်နှစ်တွေထက် ပိုများတယ်”ဟု ၎င်းက ပြောသည်။
ယမန်နှစ် ၂၀၂၄ ခုနှစ်တွင် တောင်ကြီးမြို့ တန်ဆောင်တိုင် မီးပုံးပျံပွဲတော်တွင် ယာဉ်ရပ်နားခအတွက် ဆိုင်ကယ်တစ်စီးလျှင် ၁,၀၀၀ ကျပ်မှ ၃,၀၀၀ ကျပ်အထိရှိပြီး ကားတစ်စီးလျှင် ကျပ် ၂၀,၀၀၀ မှ ကျပ် ၃၀,၀၀၀ အထိသာ ရှိကြောင်း ၎င်းက ပြောသည်။
ထိုကဲ့သို့ ယာဉ်ရပ်နားခအတွက် ဈေးနှုန်းအဆမတန် ကောက်ခံမှုကြောင့် မြို့ခံများအပါအဝင် အခြားမြို့နယ်များမှ လာရောက်လည်ပတ်သော ဧည့်သည်များအတွက် အခက်အခဲဖြစ်စေကြောင်း ဆိုသည်။
ယမန်နေ့ (အောက်တိုဘာလ ၂၉ ရက်)မှစတင်၍ တောင်ကြီးမြို့ တန်ဆောင်တိုင် မီးပုံးပျံ ပွဲတော် ဖွင့်ပွဲကို ကျင်းပပြုလုပ်ပြီး ဖျော်ဖြေရေး မီးပုံးပျံ ၂ လုံး၊ ပြိုင်ပွဲဝင် မီးပုံးပျံ ၉ လုံး လွှတ်တင်ခဲ့ကြောင်း သိရသည်။
ယခုနှစ် တောင်ကြီးမြို့ တန်ဆောင်တိုင် မီးပုံပျံပွဲတော်တွင် ညလွှတ်မီးပုံးပျံ စာရင်းများမှာ စိန်နားပန် ၃၇ လုံး၊ ၂၂ ပေ ၂၅ လုံး၊ ၂၅ ပေ ၁၈ လုံး စုစုပေါင်း ညလွှတ် အလုံး ၈၀ ကျော်လွှတ်တင်မည်ဖြစ်ကြောင်းသိရသည်။












Leave a Comments