မိခင်ရင်ခွင်ထဲကနေ ကလေးအသက်ကို ဆွဲနှုတ်သွားတဲ့ စစ်ဗုံး

“ခမ်း နင့်သမီး ဆုံးပြီ” ဟု သျှမ်းဘာသာစကားဖြင့် ပြောလာသည်။

ထို့နောက် နန်းခမ်းတစ်ယောက် တစ်ဖက်လူ၏ မျက်နှာကို စေ့စေ့ကြည့်လျက် မျက်တောင်မခတ်ဘဲ မတုန်မလှုပ် အသက်ရှူရန်ပင် မေ့သွားသည့်အတိုင်း အံ့ဩမှင်သက်နေခဲ့သည်။

နောက်ထပ် မိနစ်အနည်းငယ် အကြာတွင်မှ “ငါ့ သမီးလေး …”ဟု မျက်ရည်ပေါက်ကြီးငယ် ကျလာလေ၏။

နန်းခမ်းသည် စိတ်ကို ချုပ်တည်းမနေတော့ဘဲ မျက်နှာကို လက်နဲ့အုပ်ကာ ရှိုက်ကြီးတငင် ငိုကြွေးပါတော့သည်။

“အမလေး … သမီးရယ်၊ အမေ ရင်ကွဲရပါပြီ” ဟု နန်းခမ်းက ရှိသမျှအသံကို ထုတ်အော်ကာ ရှိုက်ကြီးတငင် ငိုလေသည်။

သြဂုတ်လ ၂၀ရက် နံနက် ၁၀ နာရီခန့်တွင် စစ်ကော်မရှင်တပ်က သျှမ်းပြည်မြောက်ပိုင်း ကျောက်မဲမြို့နယ် နောင်ပိန်တိုက်နယ်ရှိ ပင်တီးကျေးရွာ မဇ္စျိမာရာမ အလယ်ကျောင်းတိုက်ကို ပေါင် (၅၀၀)ဗုံးတစ်လုံး လေကြောင်းဖြင့် ကြဲချတိုက်ခိုက်ခဲ့သည်။

နောင်ပိန်တိုက်နယ်ရှိ မဇ္စျိမာရာမ အလယ်ကျောင်းတွင် စစ်ဘေးရှောင် (၆၀၀) ကျော် ခိုလှုံနေပြီး စစ်ကော်မရှင်တပ်၏ လေကြောင်းဗုံးကြဲမှုကြောင့် နောင်ချိုစစ်ဘေးရှောင် (၁၇)ဉီး သေဆုံးခဲ့သည့်အထဲ နန်းခမ်း၏ အသက် (၁၃)နှစ် အရွယ်ရှိ သမီး နန်းလွမ့်ဉီးနှင့် အဖွားဖြစ်သူလည်း အပါအဝင် ဖြစ်သည်။

ပုံစာ – နောင်ပိန်ဈေးအနီး ကုန်မာဆိုင်နှင့်နေအိမ်များ မီးလောင်နေစဉ် (ဓာတ်ပုံ-တယ်လီဂရမ်)

“ကျမရဲ့ သမီး မရှိတော့ဘူး၊ ဘုန်းကြီးကျောင်းမှာ သူများ (စစ်တပ်) ဗုံးလာကြဲလို့ ပွဲချင်းပြီး သေသွားပြီ” ဟု နန်းခမ်းက ငိုယိုပြီး ပြောလာသည်။

သမီးရဲ့ နောက်ဆုံးထွက်သက် အချိန်ကို မြင်ချင်သော်လည်း မြင်ခွင့်မရ၊ နမ်းချင်သော်လည်း နမ်းရှိုက်ခွင့် မရသော မိခင်ဖြစ်သူ နန်းခမ်းသည် သမီး၏ ဓာတ်ပုံအဟောင်းကို ကြည့်ကာ စိတ်မှာ ယူကြုံးမရ ငိုကြွေးပြီး သောက ဖြစ်နေသည်။

လက်ရှိအချိန်ထိ TNLA ပူးပေါင်းတပ်နှင့် စစ်ကော်မရှင်တပ်တို့သည် နောင်ပိန်ကျေးရွာအနီးတွင် မြေပြင်ထိတွေ့တိုက်ပွဲ ပြင်းထန်နေသကဲ့သို့ စစ်ကော်မရှင်တပ်၏ လေကြောင်းဗုံးကြဲမှုကလည်း ဆက်လက် ရှိနေသေးသည်။

ထို့ကြောင့် နောင်ပိန်ကျေးရွာ ဒေသခံများသည် စစ်ဘေးဒဏ်လွတ်ရာသို့ ကိုယ်စီ ထွက်ပြေးတိမ်းရှောင်နေကြပြီး အင်တာနက်လိုင်း၊ ဖုန်းလိုင်းများလည်း ဖြတ်တောက်ခံထားရသည့်အတွက် မိခင်ဖြစ်သူ နန်းခမ်းတစ်ယောက် နေ့စဉ်နှင့်အမျှ သမီးကို မြင်ချင်စိတ်က ဖျောက်ဖျက်မရဘဲ ယောက်ယက်ခတ်နေသည်။

“အခုချိန်ထိ အိမ်က လူတွေကို တစ်ယောက်မှ ဆက်သွယ်လို့ မရသေးဘူး။ ဘယ်ဆီကို စစ်ဘေးရှောင်နေကြလဲ မသိဘူး” ဟု နန်းခမ်းက ဝမ်းနည်းစွာဖြင့် ပြောလေသည်။

စစ်ကော်မရှင်တပ်၏ လေကြောင်းဗုံးကြဲမှုကြောင့် ကြွေလွင့်သွားခဲ့ရသည့် အသက် ၁၃ နှစ်အရွယ် နန်းလွမ့်ဉီးသည် နန်းခမ်းနှင့် ဖခင်ဖြစ်သူ ကိုတူးတို့၏ တစ်ဉီးတည်းသော သမီးဖြစ်ပြီး၊ သမီး၏ အနာဂတ် အတွက် နန်းခမ်းတစ်ယောက် ထိုင်းနိုင်ငံသို့ ထွက်ခွာလာကာ အလုပ်လုပ်ခဲ့သည်မှာ ၁၀ နှစ်ခန့်ပင် ရှိခဲ့ပြီ။

ထို့ကြောင့် သမီး နန်းလွမ့်ဉီး အသက် ၄ နှစ်အရွယ် ရှိစဉ်ကတည်းက မိခင်နှင့်သမီး ခွဲခွာလာခဲ့ပြီး၊ အတူပြန်နေနိုင်ရန်အတွက် နိုင်ငံခြား တိုင်းတပါးတွင် အလုပ်ကြိုးစား ငွေရှာနေရာ‌က လေယာဉ်ဗုံးဒဏ်ကြောင့် သမီးတစ်ယောက် အသက်သေဆုံးခဲ့ရသည်ကို ယူကြုံးမရ ခံစားနေရသည်။

စစ်ကော်မရှင်လေကြောင်းတိုက်ခိုက်မှုကြောင့် သေဆုံးသွားသည့် အသက် ၁၃နှစ်အရွယ်ရှိ နန်းလွမ့်ဉီး

“အမေဖြစ်သူက သမီးအသက် (၄)နှစ်ကတည်းက ထိုင်းသွားပြီး ပိုက်ဆံသွားရှာတာ။ စိတ်မကောင်းဘူး၊ သူ့သမီး(၁၃)နှစ် ရောက်နေပြီ။ အခုတော့ သမီးမရှိတော့ဘူး” ဟု နန်းလွမ့်ဉီးနှင့် အိမ်နီးချင်းဖြစ်သူ အမျိုးသမီးတစ်ဉီးက သျှမ်းဘာသာဖြင့် ပြောသည်။

မကြာခင် ကျရောက်မည့် သမီး နန်းလွမ့်ဉီး၏ (၁၃)နှစ်ပြည့် မွေးနေ့ကို ပြုလုပ်ပေးရန် အမေဖြစ်သူ နန်းခမ်းက ပြင်ဆင်စီစဉ်နေချိန် မမျှော်လင့်ဘဲ ယခုကဲ့သို့ ဖြစ်သွားရခြင်းကို ပို၍ စိတ်မကောင်းဖြစ်ကာ ရှိုက်ကြီးတငင်ဖြင့် ငိုနေသည်။

“ဒီနှစ်မှာလည်း သမီးလေးကို မွေးနေ့လုပ်ပေးဖို့ စီစဉ်ထားတာ၊ အခုတော့ ……..”

အမေသည် သမီးဖြစ်သူ ကောင်းမွန်စွာ စားသောက်ရရန်၊ ပညာသင်ကြားရရန်၊ အခြားသူများနှင့် တန်းတူနေထိုင်ရရန် ကြိုးစားနေသူဖြစ်သည်။

နန်းလွမ့်ဦး သည်လည်း လေယာဉ်ဗုံးဒဏ် မထိခင်၊ သေခြင်းတရားကို မရင်ဆိုင်ရသေးချိန်တွင် မိခင်ဖြစ်သူ နန်းခမ်းထံ စာတစ်စောင် ရေးသားပေးပို့ခဲ့သေးသည်။

“လောကကြီးမှာ အရေးကြီးဆုံးက ချစ်မေမေပဲ၊ မေမေသာ အနားမှာရှိရင် ဘယ်အရာမှ မလိုအပ်တော့ဘူး။ မေမေ သမီးအနားမှာသာ ရှိခဲ့ရင် အရာရာ ပြီးပြည့်စုံနေမှာပဲနော်” ဟု နန်းလွမ့်ဦး မသေဆုံးခင်က မိခင်ဖြစ်သူ နန်းခမ်း ထံ နောက်ဆုံးစာပို့ခဲ့သည်။

“မေမေ… ၊ သမီး လုပ်ချင်တာ ဖြစ်ချင်တာတွေကို မရ ရအောင် အမေက လုပ်ပေးတယ်။ သမီးအလှည့်ကျရင်လည်း အမေဖြစ်ချင်တာ လုပ်ချင်တာတွေကို သမီး မရ ရအောင် လုပ်ပေးမယ်လို့ ကတိပေးပါတယ်” ဟု သမီးဖြစ်သူ နန်းလွမ့်ဦးက ထိုကဲ့သို့ ရေးသားထားခဲ့သည်။

စစ်ကော်မရှင်လေကြောင်းကြောင့် သေဆုံးသွားသည့် နောင်ပိန်က ကလေးငယ်

သို့သော် ယခုတော့ အမေ့ကို ချန်ထားရစ်ပြီး နန်းလွမ့်ခမ်းတစ်ယောက် အပြီးထွက်ခွာသွားလေပြီ။

စစ်ကော်မရှင်တပ်၏ လေကြောင်းဗုံးကြဲ တိုက်ခိုက်မှုကြောင့် ပင်တီးကျေးရွာ မဇ္စျိမာရာမ အလယ်ကျောင်းတွင် နန်းလွမ့်ဦး အပါအဝင် အသက် ၅ နှစ်မှ ၁၈ နှစ်အတွင်း ကလေး (၆) ဦးလည်း သေဆုံးသွားကြောင်း ဒေသခံများ ပြောပြချက်အရ သိရသည်။

ယခု ဗုံးကြဲခံရသော ပင်တီးကျေးရွာ အလယ်ကျောင်းတိုက်အနီး တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် (TNLA) တပ်သားများ မကြာခဏ လာသည်ဆိုသည့် သတင်းကြောင့် စစ်ကော်မရှင်တပ်က လေကြောင်းမှ ပစ်ခတ်ပြီး မြေပြင်ထိုးစစ်ဆင်လာကြောင်း ဒေသခံများက ဆိုပြန်သည်။

“လက်ပြတ်တဲ့သူက ပြတ်၊ ခြေထောက်ပြတ်တဲ့သူက ပြတ်။ အခုတစ်ကြိမ် လူတွေ အစုလိုက် အပြုံလိုက် သေသွားတာ အဆိုးဆုံးပဲ” ဟု ပင်တီးရွာဒေသခံ မိခင်တစ်ဦးကလည်း စိတ်မကောင်းစွာဖြင့် ပြောသည်။

ပုံစာ – နောင်ပိန်တိုက်နယ် ပင်တီး အလယ်ကျောင်း ဗုံးကြဲခံရပြီးနောက် စစ်ဘေးရှောင်သေဆုံးဒဏ်ရာရ (ဓာတ်ပုံ – ဒေသခံ)

အဆိုပါ လေကြောင်းဗုံးကြဲမှုကြောင့် ထိခိုက်ဒဏ်ရာရှိသူ (၃၄) ဦးတို့သည်လည်း လက်ရှိတွင် လားရှိုးမြို့ ပြည်သူ့ဆေးရုံ၌ သွားရောက် ဆေးကုသနေရကြောင်း စစ်ဘေးရှောင်ကူညီနေသူ တစ်ဦးက ပြောသည်။

“ကလေးတွေ၊ အရပ်သားပြည်သူတွေက ဘာအပြစ်ရှိလို့ အဲ့လို လုပ်ကြတာလဲ။ စစ်ဆိုတာ ဘယ်စစ်မှ မကောင်းဘူး။ ကလေးတွေရဲ့ နာကျင်ပြီး အော်နေတဲ့ အသံတွေ ကြားတိုင်း ရင်ဘတ်ထဲမှာ နာကျင်မိတယ်” ဟု လားရှိုးမြို့တွင် စစ်ဘေးရှောင် ကူညီနေသည့် အမျိုးသားတစ်ဉီးက ပြောသည်။

TNLA ပူးပေါင်းတပ်နှင့် စစ်ကော်မရှင်တပ်တို့သည် ကျောက်မဲမြို့နယ် နောင်ပိန်ကျေးရွာတွင် မြေပြင်ထိုးစစ်ဆင်ခြင်း၊ စစ်ကော်မရှင်တပ်က လေကြောင်း၊ ဒရုန်းတိုက်ခိုက်မှု ဆက်လက်ရှိနေပြီး နေအိမ်အများအပြား မီးလောင်ပျက်စီးခဲ့သည်။

“ရွာထဲမှာ ပိတ်မိနေတဲ့လူတွေ ဘယ်မှ ထွက်ပြေးလို့ မရတော့ဘူး။ Y-12 လေယာဉ်နဲ့ လာဝဲရင် တစ်နာရီလောက်ကို ကြာပြီး ဗုံးအလုံး (၃၀) လောက် ကြဲချသွားတာ။ ဆုံးတဲ့လူတွေကိုလည်း ဘယ်သူမှ အလောင်းသွားမကောက်ရဲကြဘူး။ နောင်ပိန်ထဲကို ပလောင်တွေ ဈေးလာဝယ်လို့ ဆိုပြီးတော့ ကုန်စုံဆိုင်တွေလည်း ဗုံးချခံရပြီး မီးလောင်ကုန်ပြီ”ဟု နောင်ပိန်ရွာမှ စစ်ရှောင်နေရသည့် အမျိုးသားတစ်ဦးက ပြောသည်။

ပုံစာ – နောင်ပိန်တိုက်နယ် လုံကြိမ်ရွာ လေကြောင်းဗုံးကြဲခံရပြီး ပြည်သူနှစ်ဦးထိခိုက်သေဆုံး (ဓာတ်ပုံ-ဒေသခံ)

“သေနတ်ကိုင် စစ်သားတွေ ပေါများသလောက် ဘယ်တော့မှ မသင့်မြတ်နိုင်ဘဲ ကမ္ဘာမှာ ပြည်တွင်းစစ် အရှည်ကြာဆုံးဖြစ်တဲ့ ဒီပြည်ထောင်စု မြန်မာနိုင်ငံထဲ လူအဖြစ် လာမွေးရတဲ့ ကုသိုလ်ကံကိုက မှားတာပါ”ဟု စစ်ဘေးရှောင်ကူညီနေသူ တစ်ဦးက ၎င်း၏ လူမှုကွန်ရက် စာမျက်နှာပေါ်၌ ရေးသားဖော်ပြထားခဲ့သည်။

“ငါတို့ ပြည်ထောင်စုနိုင်ငံကြီးက ကမ္ဘာသာ ပျက်ရင် ပျက်သွားမယ်၊ လက်နက်ကိုင်တိုင်း လိုချင်ကြပါတယ် ဆိုတဲ့ ငြိမ်းချမ်းရေးကြီးက ရမယ် မထင်ပါဘူးဗျာ။ ငြိမ်းချမ်းရေးထက် အာဏာကို မက်မောနေကြတာ” ဟု ၎င်းစစ်ရှောင်ကူညီသူက ညဉ်းတွားပြောရှာသည်။

စစ်ပွဲဆိုသည်မှာ နိုင်ငံရေး ပဋိပက္ခများအား ဆွေးနွေးသည့် နည်းလမ်းဖြင့် အဖြေရှာ မရတော့သည့်အတွက် လက်နက်ကိုင် နည်းလမ်းဖြင့် ဖြေရှင်းရသည့် နိုင်ငံရေး ပြဿနာသာ ဖြစ်သည် မဟုတ်ပါလား။

သို့သော် စစ်တလင်းက ဆုံးသည်မရှိ။ ဆုံးရှုံးရသည်ကား လူသားအရင်းအမြစ်၊ ဂေဟစနစ်တို့ ပြာပုံမီးတောက် ဖြစ်ကြသည်။

“သမီးရယ် ဘယ်လိုဝဋ်ကြွေးများကြောင့် ကိုယ်တွေ အတူတူ မနေရတာလဲနော်။ နောက်ဘဝကျရင် အမေ့ သမီးအဖြစ်နဲ့ ပြန်လည်မွေးဖွားလာပါနော်။ ဒီဘဝမှာတော့ ကိုယ်တွေ အတူတူ နေရဖို့ ကံနည်းခဲ့လို့ ထင်ပါတယ်၊ သမီးလေး ကောင်းရာဘုံဘဝ ရောက်ပါစေနော်” ဟု နန်းခမ်းက ကြေကွဲဝမ်းနည်းစွာဖြင့် ပြောလေသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

ဟိုပုံးမြို့နယ်ရှိ နေအိမ်များ ဖျက်သိမ်းရန် သက်ဆိုင်ရာတာဝန်ရှိသူများက အိမ်ပိုင်ရှင်ထံ ပိုက်ဆံကောက်

0
သျှမ်းပြည်တောင်ပိုင်း ဟိုပုံးမြို့နယ် ညောင်ဗက်ကျေးရွာမှ နေအိမ်များကို ဖျက်သိမ်းရန် စစ်ကော်မရှင်နှင့် ပအိုဝ်းပြည်သူ့စစ် PNOတပ်က အိမ်ပိုင်ရှင်များကို တစ်အိမ်လျှင် ငွေကျပ် ငါးသိန်းစီ ထပ်မံကောက်ခံနေကြောင်း သတင်းရရှိသည်။ ပြီးခဲ့သည့် ဖေဖော်ဝါရီလ ဒုတိယပတ်မှစပြီး ဟိုပုံးမြို့နယ် ညောင်ဗက်ကျေးရွာရှိ အိမ်ခြေ၂၀၀ ကျော်ကို ကျူးကျော်နေထိုင်သူဟုဆိုကာ ပအိုဝ်းပြည်သူ့စစ် ( PNO)...

နမ္မတူတွင် စစ်တပ် Y-12 လေယာဉ် ကင်းထောက်ပျံသန်းခြင်းကြောင့် ဒေသခံထိတ်လန့်

0
သျှမ်းပြည် နမ္မတူမြို့နယ်တွင် စစ်တပ်ဘက်မှ Y-12 လေယာဉ်ဖြင့် ကင်းထောက်ပျံသန်းခဲ့ခြင်းကြောင့် ဒေသခံများ စိုးရိမ်ထိတ်လန့်နေကြောင်း စုံစမ်းသိရသည်။ တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA ထိန်းချုပ်ထားသည့် နမ္မတူမြို့နယ်ထဲ ဇွန်လ ဒုတိယပတ်အတွင်း စစ်တပ်ဘက်မှ Y-12 လေယာဉ်တစ်စင်းဖြင့် ကင်းထောက်ပျံသန်းခဲ့ခြင်းကြောင့် ထပ်မံဗုံးကြဲ တိုက်ခိုက်ခံရမည်ကို စိုးရိမ်ထိတ်လန့်နေရကြောင်း နမ္မတူ ဒေသခံများက...

မော်တာနိုင်ငံမှ မီးရှူးမီးပန်းစက်ရုံပေါက်ကွဲမှု ရုပ်သံဗီဒီယိုကို နမ့်ခမ်း TNLA ယမ်းသိုလှောင်ရုံပေါက်ကွဲမှုဗီဒီယိုဆိုပြီး ဖြန့်ဝေနေသည့် သတင်းအမှား

0
မြန်မာ-တရုတ်နယ်စပ် သျှမ်းပြည်မြောက်ပိုင်း နမ့်ခမ်းမြို့နယ် ကောင်းတပ်ကျေးရွာရှိ TNLA ယမ်းသိုလှောင်ရုံ ပေါက်ကွဲမှုကြောင့် တရုတ်ကျွမ်းကျင်ပညာရှင် ၂၅ ဦးနှင့် လူ ၁၇၀ ဦး သေဆုံးသည်ဆိုသည့် ရုပ်သံဖိုင်တစ်ခု ပျံ့နှံ့နေပါသည်။ အဆိုပါရုပ်သံဖိုင်ကို NameisEmil Chan အမည်ရှိ လူမှုကွန်ရက်အကောင့်တစ်ခုမှ စတင်ဖြန့်ဝေခဲ့ခြင်း ဖြစ်သည်။ မူရင်းလင့်ခ် - https://archive.ph/0yLgJ ပျံ့နှံ့နေသော...

နမ့်ခမ်း ယမ်းဂိုဒေါင်ပေါက်ကွဲမှုတွင် TNLA နှင့်အတူ တရုတ်လည်း တာဝန်ရှိဟု ဒေသခံများ ပြော

0
သျှမ်းပြည် နမ့်ခမ်းမြို့နယ်တွင် ဖြစ်ပွားခဲ့သည့် ယမ်းဂို‌ဒေါင်ပေါက်ကွဲမှုအတွင်း တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA နှင့်အတူ တရုတ်နိုင်ငံလည်း တာဝန်ရှိကြောင်း ဒေသခံများက ပြောဆိုလိုက်သည်။ မေလ (၃၁) ရက် နေ့လယ်ပိုင်းတွင် နမ့်ခမ်းမြို့နယ် ကောင်းတပ်ကျေးရွာရှိ TNLA စီးပွားရေးဌာနမှ မိုင်းတွင်းကျောက်ထုတ်လုပ်ရေး လုပ်ငန်းများတွင် အသုံးပြုရန်အတွက် သိုလှောင်ထားသော ယမ်းဂိုဒေါင်တစ်ခု...

နမ့်ခမ်းပေါက်ကွဲမှုအပြီး အကူအညီပေးဝေမှုအပေါ် TNLA ဝေဖန်ခံနေရ

0
မြန်မာ-တရုတ်နယ်စပ် သျှမ်းပြည်မြောက်ပိုင်း နမ့်ခမ်းမြို့ ကောင်းတပ်ကျေးရွာရှိ လူနေရပ်ကွက်အတွင်း TNLA က သိုလှောင်ထားသည့် ယမ်းများပေါက်ကွဲမှုဖြစ်ပွားပြီးနောက် အကူအညီပေးဝေမှုနှင့် အလှူငွေ စီမံခန့်ခွဲမှု အပေါ် TNLA ကို ဒေသခံများက ဝေဖန်နေကြကြောင်း သတင်းရရှိသည်။  ပြီးခဲ့သည့် (မေလ ၃၁ ရက်)က နမ့်ခမ်းမြို့ ကောင်းတပ်ကျေးရွာတွင် မိုင်းတွင်းကျောက်ထုတ်လုပ်ရေး လုပ်ငန်းတွင် အသုံးပြုရန် သိုလှောင်းထားသော ယမ်းများ...