Wednesday, January 28, 2026

သက်ငယ်မုဒိမ်းမှုတွေ ဖြေရှင်းဖို့ ခက်နေဆဲ

“ပြန်တွေ့တော့ အလောင်းက ပုပ်သိုးနေပြီ၊ မျက်လုံးတောင် မရှိတော့ဘူး။ မျက်နှာလည်း ရစရာမရှိအောင်၊ မမှတ်မိတော့ဘူး” ဟု မနှင်း (အမည်လွှဲ) က ဝမ်းနည်းစွာဖြင့် ပြောနေသည်။

လွန်ခဲ့သည့် ဇူလိုင်လ ၃၀ ရက်တွင် တာချီလိတ်မြို့ ပြည်သူများသည် ၎င်းတို့၏ လူမှုကွန်ရက် စာမျက်နှာပေါ်၌ အသက် (၈) နှစ်အရွယ် မငြိမ်းနှင်းနွယ် ပျောက်ဆုံးမှုနှင့် ပတ်သက်ပြီး ဟိုးလေးတစ်ကျော် ဖြစ်ခဲ့သည်။

မငြိမ်းနှင်းနွယ်သည် လွန်ခဲ့သော ဇူလိုင် ၃၀ ရက် နေ့လယ် ၂ နာရီခန့်တွင် မိခင်ဖြစ်သူ အဝတ်လျှော်နေစဉ် ကစားရန် နေအိမ်မှ ထွက်သွားခဲ့ပြီး ပျောက်ဆုံးသွားခဲ့ခြင်း ဖြစ်သည်။

ထို့နေ့တွင် တာချီလိတ်မြို့၌ ရေကြီးမှုဖြစ်ပွားပြီး ရေပြန်ကျသွားချိန်ဖြစ်၍ မငြိမ်းနှင်းနွယ်၏ ဖခင်ဖြစ်သူမှာ ရွှံ့နွံ့ဆယ်ရန်အတွက် နေ့စားလိုက်သွားသဖြင့် နေအိမ်တွင် မရှိပေ။

ထိုကဲ့သို့ ကလေးရုတ်တရက် ပျောက်ဆုံးမှုကြောင့် မိခင်ဖြစ်သူမှာ ပူပင်သောကများ ပြည့်နှက်နေချိန် မမျှော်လင့်ဘဲ ပျောက်ဆုံးနေသည့် မငြိမ်းနှင်းနွယ်၏ အလောင်းကို (သြဂုတ် ၄ ရက်) နံနက် ၇ နာရီဝန်းကျင်တွင် ပြန်လည်တွေ့ရှိခဲ့သည်။

ထိုအလောင်းကို တာချီလိတ်မြို့ မိုင်းဖုန်း (ခ) ကျေးရွာအုပ်စု နမ့်လွတ်အာခါကျေးရွာအနီးရှိ မယ်ဟုတ်ချောင်းထဲတွင် ပြန်လည်တွေ့ရှိခဲ့ခြင်းဖြစ်ကြောင်း ၎င်းမိသားစုနှင့် နီးစပ်သူ မနှင်းက ပြောပြသည်။

သက်ငယ်မုဒိမ်းကျူးလွန်ခံရပြီး အသက်သေဆုံးသွားသည့် မငြိမ်းနှင်းအေး အလောင်းကို ဦးလှမိုး လူမှုကူညီရေးအသင်းက သွားရောက်သယ်ယူနေသည့်ပုံ (ဓာတ်ပုံ -ဦးလှမိုး)

“ကလေးက မသေခင် ဘယ်လောက်တောင် ခံစားရမှာလဲမသိဘူး။ ကလေးကို မုဒိမ်းကျင့်ပြီး သတ်ထားတာဆိုတော့ တော်တော်နာကျင်ရမှာပဲ” ဟု မနှင်းက စိတ်မကောင်းစွာ ပြောပြနေသည်။

မငြိမ်းနှင်းနွယ်အား မုဒိမ်းကျင့် သတ်ဖြတ်ခဲ့သည့် တရားခံသည် ၎င်းတို့မိသားစု၏ မိတ်ဆွေ သူငယ်ချင်းတစ်ဦးဖြစ်သကဲ့သို့ ထိုအိမ်နီးနားချင်းမှာ အသက် (၂၉) နှစ်အရွယ် သူရိန်ထွန်း ဆိုသူပင်။

မိန်းကလေးငယ်တစ်ဦးကို မုဒိမ်းကျင့် သတ်ဖြတ်ပြီး အလောင်းဖျောက်ရန် ကြိုးပမ်းမှုဖြင့် သူရိန်ထွန်းကို တာချီလိတ်မြို့ ဟောလိတ်ရဲစခန်းမှ ဖမ်းဆီးလိုက်ပြီး ဇူလိုင် ၃၁ ရက်တွင် မိန်းကလေးငယ်တစ်ဦးကို မုဒိမ်းမှု ကျူးလွန်ခဲ့သည့်အကြောင်း သူရိန်ထွန်းမှ ရဲစခန်း၌ ထွက်ဆိုခဲ့သည်။

အသက် (၈)နှစ် အရွယ်သာ ရှိသေးသည့် မငြိမ်းနှင်းနွယ်ကို မုန့်ဝယ်ကျွေးမည်ဟုဆိုကာ သွေးဆောင်ဖြားယောင်း ခေါ်ဆောင်သွားပြီး အဓမ္မ မုဒိမ်းကျင့်ခဲ့ကြောင်း၊ မိန်းကလေးငယ်က အခြားသူကို အော်ဟစ်အကူအညီတောင်းခဲ့ရာ အသံမထွက်စေရန် လည်ပင်းညှစ်ရာမှ လက်လွန်ပြီး သေဆုံးသွားကြောင်း သူရိန်ထွန်းက ရဲစခန်းတွင် ထွက်ဆိုခဲ့သည်။

“ကလေးကို ဘုရားကုန်း (ဒေသအခေါ်)မှာရှိတဲ့ အိမ်သာတစ်လုံးထဲမှာ မုဒိမ်းကျင့် သတ်ခဲ့တာ။ အလောင်းကို ဖျောက်ပစ်ဖို့ မယ်ဟုတ်ချောင်းထဲကို သွားပစ်ခဲ့တယ်” ဟု သူရိန်ထွန်းက ရဲစခန်းတွင် ထွက်ဆိုခဲ့ကြောင်း မနှင်းက ပြန်ပြောပြသည်။

ဒေသအခေါ် ဘုရားကုန်း နေရာသည် မငြိမ်းနှင်းနွယ်တို့ နေထိုင်သည့် တာချီလိတ်မြို့ ဟောင်လိတ်ရပ်ကွက်နှင့် လမ်းလျှောက်သွားလျှင် တစ်မိုင်ခွဲ ကွာဝေးသည်။ ထိုနေ့ (ဇူလိုင် ၃၀ ရက်)တွင် တာချီလိတ်မြို့မှာ မိုးရွာပြီး ချောင်းရေလျှံနေသဖြင့် မငြိမ်းနှင်းနွယ်၏ အလောင်းမှာ စွန့်ပစ်ခံရပြီးနောက် ရေစီးထဲ မျှောပါသွားခဲ့ခြင်း ဖြစ်နိုင်ကြောင်း မနှင်းက ရှင်းပြသည်။

“အဲ့ရှေ့ရက်က တာချီလိတ်မှာ ရေကြီးနေတာလေ၊ ချောင်းရေက ရေစီးသန်တော့ အလောင်းက ချောင်းအတိုင်း မျှောသွားတာ” ဟု မနှင်းက ဝမ်းနည်းစွာဖြင့် ပြန်ပြောင်းပြောပြသည်။

မုဒိမ်းမှု ကျူးလွန်ခဲ့သည့် သူရိန်ထွန်းသည် အိမ်နီးနားချင်း မိတ်ဆွေသူငယ်ချင်းများ၏ ရင်နှစ်သည်းချာ သမီးလေးကို မုဒိမ်းကျင့် သတ်ဖြတ်ခဲ့ပြီးနောက် ကလေး၏ “လူပျောက်ကြော်ငြာ” ကို လူမှုကွန်ရက် စာမျက်နှာပေါ်မှတစ်ဆင့် ကိုယ်တိုင်တင်ပေးခဲ့သဖြင့် သူ့ကို မည်သူကမျှ မရိပ်မိခဲ့ကြပေ။

“ကျမတို့ သူဒီလိုလုပ်မယ်ဆိုတာ ဘယ်လိုယုံရမှာလဲ။ သူက လူပျောက်ကြော်ငြာ တင်ထားတယ်၊ ကလေးကိုလည်း လိုက်ကူရှာပေးသေးတယ်။ ဒါ့ကြောင့် ဘယ်သူမှ သူ့ကို ဒီလိုမထင်ခဲ့ဘူးလေ” ဟု မနှင်းက အံ့သြစွာဖြင့် ပြောနေသည်။

မငြိမ်းနှင်းနွယ်၏ ရုပ်အလောင်းကို သွားရောက်သယ်ယူချိန်တွင် စက်လှေဖြင့် သွားခဲ့ရပြီး အလောင်းမှာလည်း အလွန်ပင် ရုပ်ပျက်ဆင်းပျက် ဖြစ်နေကြောင်း ကလေးရုပ်အလောင်းကို သွားသယ်ခဲ့သည့် ဦးလှမိုး လူမှုကူညီရေးအသင်းမှ တာဝန်ရှိသူ တစ်ဦးက ပြောသည်။

“အလောင်းကို သွားသယ်တာ တော်တော်သွားရတယ်၊ စက်လှေနဲ့သွားရတာ။ ကလေးကိုလည်း အရမ်းသနားတယ်။ ဘယ်လောက်တောင် နာကျင်ပြီး သေသွားရမှာလဲပေါ့” ဟု လူမှုကူညီရေးအသင်းမှ ၎င်းတာဝန်ရှိသူတစ်ဦးက မျက်နှာညှိုးငယ်စွာ ပြောသည်။

ကလေးငယ်အား မုဒိမ်းကျင့် သတ်ဖြတ်ပြီး အလောင်းဖျောက်ဖျက်မှုဖြင့် တရားခံ သူရိန်ထွန်းကို တာချီလိတ်မြို့ ဟောင်လိတ်ရဲစခန်းမှ ဖမ်းဆီးထားပြီးနောက် သြဂုတ်လ ၄ ရက်တွင် (ပ) ၁၆၅/၂၀၂၅၊ ရာဇသတ်ကြီး ပုဒ်မ ၃၀၂/ ၃၇၆/ ၅၁၁/ ၂၀၂ တို့ဖြင့် အမှုဖွင့် အရေးယူထားသည်။

သို့သော်လည်း တရားခံ သူရိန်ထွန်းသည် သြဂုတ် ၆ ရက်တွင် တာချီလိတ်တပ်နယ်မှ တာဝန်ရှိသူများက စစ်ဆေးရန်အတွက် အချုပ်ခန်းမှ ခေါ်ဆောင်သွားစဉ် ထွက်ပြေးရန် ကြိုးစားသဖြင့် ရဲတပ်ဖွဲ့က သေနတ်ဖြင့် ပစ်ခတ်ခဲ့ရာ သေဆုံးသွားကြောင်း တာဝန်ကျ ရဲတပ်သားတစ်ဦးက ပြောသည်။

သို့သော် လက်ရှိအချိန်ထိ တရားခံ သူရိန်ထွန်း၏ ရုပ်အလောင်းကို မည်သူ တစ်ဦးတစ်ယောက်မျှ မမြင်ရပေ။

ယခုမှုခင်းကိစ္စသည် ပဟေဠိဆန်ဆန် ပျောက်ဆုံးနေပြီး တရားလို မိသားဝင်များနှင့် တာချီလိတ်ဒေသခံများက ရဲစခန်း တာဝန်ရှိသူများကို သံသယ ဖြစ်နေကြသည်။

“အခုက ဘယ်အဖွဲ့က အလောင်းကို ဘယ်သယ်သွားလို့ သယ်သွားမှန်း မသိ။ နောက်ပြီး ဘယ်မှာ သွားသင်္ဂြိုဟ်လည်း မသိရဘူး။ သေရင် တရားလိုတွေလည်း မြင်ဖို့လိုတယ်။ အခုက မုဒိမ်းကောင် အလောင်းကို ဘယ်သူမှမမြင်ရဘူး။ ယုံရမလိုလို၊ မယုံရမလိုလိုပါပဲ” ဟု မနှင်းက စိတ်မကောင်းသည့် လေသံဖြင့် ပြောနေသည်။

မူးယစ်ဆေးဝါး

တာချီလိတ်မြို့တွင် စစ်တပ်အာဏာမသိမ်းခင်က သက်ငယ်မုဒိမ်းမှုနှင့် ပတ်သက်ပြီး မရှိသလောက် နည်းပါးကြောင်း၊ မိမိ၏ သားသမီးများကို ယခင်ကထက်ပိုပြီး ဂရုစိုက်ရန် လိုအပ်လာပြီ ဖြစ်ကြောင်း တာချီလိတ်မြို့ဒေသခံ ကိုမင်းခန့်က မှတ်ချက်ပြုလိုက်သည်။

“ကလေးပျောက်လိုက်ရင် ပြန်တွေ့တာနဲ့ Dead Body (ရုပ်အလောင်း)တွေပဲ ပြန်တွေ့တယ်။ ဒီအရွယ် ကလေးတွေမှာ ဘာအပြစ်မှ မရှိ၊ ဖြူစင်တဲ့ ကလေးတွေကို လုပ်ရက်ကြတာ လူစိတ်မရှိကြတော့ဘူး။ သနားစရာ ကလေးရေ၊ နောက်နောင်ဘ၀မှာ ဒီလိုအဖြစ်ဆိုးမျိုးနဲ့ မကြုံပါစေနဲ့ကွယ်”ဟု ကိုမင်းခန့်က စိတ်မကောင်းစွာဖြင့် ပြောလေသည်။

တာချီလိတ်မြို့သည် မြန်မာ-ထိုင်းနယ်စပ်ဒေသ ဖြစ်သည့်အလျောက် စီးပွားရေး ရှာဖွေလုပ်ကိုင်ရန် လွယ်ကူသည့် ဒေသလည်း ဖြစ်သည်။

၂၀၂၁ ခုနှစ် စစ်အာဏာသိမ်းသည့်နောက်ပိုင်း မြန်မာနိုင်ငံ တဝှမ်းတွင် စစ်ရေး၊ နိုင်ငံရေး ရှုပ်ထွေးလာမှုကြောင့် အလုပ်အကိုင်များ ရှားပါးနေချိန် အများစုမှာ နယ်စပ်ဒေသ တာချီလိတ်မြို့သို့ ရွှေ့ပြောင်းအခြေချ လာကြသည်။

တစ်ဖက်တွင်လည်း တာချီလိတ်မြို့တွင် ကျားဖြန့်လုပ်ငန်းများ၊ လူကုန်ကူးမှုများ၊ ခိုးဆိုးလုယက်မှုများ၊ ဓားပြတိုက်မှုများ စသည့်ဖြင့် ဒုစရိုက်များ ပြည့်နှက်လာနေပြီး တရားဥပဒေ စိုးမိုးမှု ကင်းမဲ့လာနေသည်။

တရားဥပဒေ စိုးမိုးမှုကင်းမဲ့လာခြင်းနှင့်အတူ လိင်ပိုင်းဆိုင်ရာ အမြတ်ထုတ်မှု၊ နှောင့်ယှက်မှု၊ မုဒိမ်းမှုနှင့် သက်ငယ်မုဒိမ်းမှု စသည်တို့ ဖြစ်ပွားလာရခြင်းဖြစ်ကြောင်း တာချီလိတ်ဒေသခံများက ပြောသည်။

“အရင်က သက်ငယ်မုဒိမ်းဆိုတာ ကျနော်တို့ မြို့ပေါ်မှာ မကြားဖူးဘူး။ အဝေးမှာပဲ မြင်ရ၊ ကြားရတယ်။ အခုတော့ ကျနော်တို့မြို့မှာ ကြားရတော့ စိတ်မကောင်းဘူး။ ကိုယ့်သားသမီးချင်း ကိုယ်ချင်းစာပြီး ကလေးတွေကို ဂရုစိုက်ပေးပါ” ဟု ကိုမင်းခန့်က ပြောဆိုလိုက်ပါသည်။

မငြိမ်းနှင်းနွယ် ကဲ့သို့သော မိန်းကလေးငယ်များ ရက်စက်စွာ သတ်ဖြတ်ခံရသည့် ဖြစ်စဉ်မှာ တာချီလိတ်မြို့တွင် လွန်ခဲ့သော ၂၀၁၅ ခုနှစ် မတ်လတွင်လည်း အလားတူ ဖြစ်ပွားခဲ့ဖူးသည်။

ထိုစဉ်က အသက် ၆ နှစ်အရွယ် မိန်းကလေးငယ်တစ်ဦးသည် နေအိမ်မှ ရုတ်တရက် ပျောက်ဆုံးသွားပြီး ၃ ရက်အကြာမှ ၎င်းရုပ်အလောင်းကို မယ်ဆိုင်ချောင်းထဲ၌ ပြန်လည်တွေ့ရှိခဲ့သည့် ဖြစ်စဉ်လည်း ရှိကြောင်း တာချီလိတ်မြို့ ဒေသခံ အမျိုးသမီးတစ်ဦးက ပြန်ပြောင်းပြောပြသည်။

ပြည်ထောင်စု တရားလွှတ်တော်ချုပ်၏ အချက်အလက်များအရ စစ်အာဏာသိမ်းပြီးနောက်ပိုင်း ၂၀၂၃ ခုနှစ်တွင် မြန်မာနိုင်ငံ တစ်ဝှမ်း၌ မုဒိမ်းမှုပေါင်း (၇၀၅) မှုရှိခဲ့ပြီး၊ ထိုထဲတွင် သက်ငယ်မုဒိမ်းမှုပေါင်း (၄၄၅) မှုရှိခဲ့သည်ဟု စစ်တပ်လက်ဝေခံ NP News သတင်းဌာနက ဖော်ပြထားသည်။

၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ ၁ ရက်နေ့မှ ၂၀၂၄ ဇွန်လအထိ အမျိုးသမီးများအပေါ် လိင်ပိုင်းဆိုင်ရာ အမြတ်ထုတ် စော်ကားမှု ဖြစ်ရပ်ပေါင်း (၄၉၂) မှုအထိ ရှိခဲ့သည်ဟုလည်း မြန်မာနိုင်ငံအမျိုးသမီးအဖွဲ့ချုပ် (WLB) က ဆိုထားသည်။

မိုးရွာသီ အတွင်း ရေကို ကျိုချက်ပြီးသောက်သုံးပါ

ထိုထဲတွင် မုဒိမ်းကျင့် သတ်ဖြတ်ခံရသူ ၁၃ ဦးအထိရှိသည်ဟု မြန်မာနိုင်ငံအမျိုးသမီးအဖွဲ့ချုပ် (WLB) က ဖော်ပြထားသည်။

မြန်မာနိုင်ငံတွင် အာဏာသိမ်းပြီးနောက်ပိုင်း လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှု အလျင်အမြန် မြင့်တက်လာနေ၍ တားဆီးရန် အရေးတကြီး လိုအပ်နေကြောင်း ပြီးခဲ့သော ၂၀၂၄ နိုဝင်ဘာလ ၂၅ ရက်နေ့က ကျရောက်သည့် အပြည်ပြည်ဆိုင်ရာ အမျိုးသမီးများအပေါ် အကြမ်းဖက်မှု ပပျောက်ရေးနေ့တွင် ဗြိတိန်သံရုံးအကြီးအကဲ Ken O’Flaherty က ပြောကြားထားသည်။

အမျိုးသမီးများမှာ မတရား ဖမ်းဆီးချုပ်နှောင်ခံရမှု၊ အွန်လိုင်းအကြမ်းဖက်မှု၊ လူကုန်ကူးမှု၊ လိင်ပိုင်းဆိုင်ရာ အမြတ်ထုတ်မှု၊ ငယ်ရွယ်စဉ် အတင်းအကြပ် လက်ထပ်ခိုင်းခြင်း စသည့် နည်းမျိုးဖြင့် အကြမ်းဖက်ခံနေရကြောင်း ဗြိတိန်သံအမတ်က ထုတ်ပြန်ထားသည်။

“အခုတာချီလိတ် ဒေသခံတွေကြားမှာတော့ ထိတ်လန့်တုန်လှုပ်နေကြတယ်၊ မိဘတွေလည်း ကိုယ့်သားသမီးကို ဒီထက်မက ပိုပြီး သတိ ဝီရိယနဲ့ နေကြပါ” ဟု တာချီလိတ်မြို့ဒေသခံ ကလေးမိခင်တစ်ဦးဖြစ်သူ နန်းတစ်က ပြောသည်။

ယခုဖြစ်စဉ်ကို သင်ခန်းစာယူပြီး ကလေးမိဘများအနေဖြင့် မိမိ၏ သားသမီးများကို အခြားမသိသူများ မုန့်ကျွေးမည်ဟု ခေါ်ဆိုလျှင် မလိုက်သွားရန် သွန်သင်ဆုံးမ ပေးရမည်ဖြစ်ကြောင်း၊ ကလေးငယ်များအနေဖြင့်လည်း မိဘများမပါဘဲ အခြားသူစိမ်းများနှင့် လိုက်မသွားရန် နန်းတစ်က တိုက်တွန်းလိုက်သည်။

“ကလေးတွေ အပြင်ကို တစ်ယောက်တည်းသွားတာ၊ သူစိမ်းတွေနဲ့ အတူတွေ့လိုက်တာပဲဖြစ်ဖြစ် ဒီအတိုင်း မပစ်ထားဘဲ ကာကွယ်စေချင်တယ်။ အားလုံးက မိခင်တွေပါပဲ” ဟု မနှင်း က ကလေးငယ်တွေကို ကာကွယ်ပေးရန် ပြောဆိုလိုက်သည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

တာချီလိတ်တွင် ပြန်ပေးဆွဲမှု၊ ဓားပြတိုက်မှုများ ဆက်တိုက်ဖြစ်ပွားနေ

0
ထိုင်း-မြန်မာနယ်စပ် တာချီလိတ်မြို့ပေါ်တွင် ပြန်ပေးဆွဲမှု၊ ဓားပြတိုက်မှုများ ဆက်တိုက်ဖြစ်ပွားနေသဖြင့် လုံခြုံရေးအတွက် စိုးရိမ်နေရကြောင်း မြို့ခံများက ပြောသည်။ ဖြစ်စဉ်မှာ ယမန်နေ့ ဇန်နဝါရီလ ၂၄ ရက် နံနက် ၉ နာရီကျော် အချိန်တွင် ဆန်ဆိုင်း (က) ရပ်ကွက်နေ အသက် (၅၀) အရွယ်ခန့် အမျိုးသမီးတစ်ဦးသည်...

သျှမ်းအရှေ့ ကျိုင်းတုံ၊ တာချီလိတ်နှင့် မိုင်းဆတ်တွင် လက်နက်ကိုင်လုံခြုံရေးကြား စိုးရိမ်စိတ်ဖြင့် မဲပေးရ

0
သျှမ်းပြည်အရှေ့ပိုင်း ကျိုင်းတုံ၊ တာချီလိတ်နှင့် မိုင်းဆတ်မြို့နယ်ရှိ မဲရုံများတွင် လက်နက်ကိုင်လုံခြုံရေးကြား စိုးရိမ်စိတ်ဖြင့် ပြည်သူများ မဲပေးခဲ့ရကြောင်း စုံစမ်းသိရသည်။ ယနေ့ (ဒီဇင်ဘာလ ၂၈ ရက်)တွင် စတင်ကျင်းပနေသည့် စစ်ကော်မရှင် ရွေးကောက်ပွဲ ပထမပိုင်းတွင် သျှမ်းပြည်အရှေ့ပိုင်းမှ ကျိုင်းတုံ၊ တာချီလိတ်နှင့် မိုင်းဆတ် (၃) မြို့နယ်တွင် ပြုလုပ်နေသည်။ မိုင်းဆတ်မြို့နယ်အတွင်း...

မိုးဆက်တိုက်ရွာသွန်းသည့်အတွက် တာချီလိတ်မြို့တွင် ရေကြီး လျှပ်စစ်မီးပြတ် အင်တာနက်မမှန်

0
သျှမ်းပြည်အရှေ့ပိုင်း တာချီလိတ်မြို့တွင် မိုးအဆက်မပြတ် ရွာသွန်းမှုကြောင့် မယ်ဆိုင်ချောင်းရေ မြင့် တက်လာပြီး မြို့ပေါ်ရပ်ကွက်အချို့တွင် ရေဝင်နေသည့်အပြင် လျှပ်စစ်မီးနှင့် အင်တာနက်လည်း မှန်မှန်မရ ကြောင်း ဒေသခံများ ပြောပြချက်အရ သိရသည်။

တာချီလိတ်မြို့ အမျိုးသာတစ်ဦး သေနတ်ခံရပြီး သေဆုံး

0
ထိုင်း-မြန်မယ်နယ်စပ် တာချီလိတ်မြို့တွင် အမျိုးသားတစ်ဦးကို အမည်မသိလက်နက်ကိုင်လူနှစ်ဦးက သေနတ်ဖြင့်ပစ်ခတ်ခဲ့ပြီးနောက် သေဆုံးသွားခဲ့ကြောင်း သိရသည်။ ယမန်နေ့ (အောက်တိုဘာလ ၈ ရက်) ည ၈ နာရီခွဲဝန်းကျင်တွင် တာချီလိတ်မြို့ ဆန်ဆိုင်း (က) ရပ်ကွက် ခေတ္တာလမ်းတွင် အမျိုးသားတစ်ဦးကို အမည်မသိလက်နက်ကိုင် အမျိုးသားနှစ်ဦးက သေနတ်ဖြင့် ပစ်ခတ်ခဲ့ပြီးနောက် ဆေးဝါးကုသနေစဉ်...

တာချီလိတ်မြို့နယ် ငွေကျပ် ၁ ဒသမ ၆ ဘီလီယံကျော်တန်ဖိုးရှိ အိုက်စ်နှင့်အတူ အမျိုးသား ၇ ဦးကိုဖမ်းမိ

0
ထိုင်း-မြန်မာနယ်စပ် တာချီလိတ်မြို့နယ်တွင် ငွေကျပ် ၁ ဒသမ၆ ဘီလီယံကျော်တန်ဖိုးရှိသော အိုက်စ် (မက်သ်အဖက်တမင်း) ၂၀၇ ကီလိုနှင့်အတူ အမျိုးသား ၇ ဦးကို ဖမ်းမိရမိကြောင်း စစ်ကော်မရှင်လက်အောက်ခံ မူးယစ်/ ရဲတပ်ဖွဲ့က ယမန်နေ့ (အောက်တိုဘာ ၈) ရက်တွင် သတင်းထုတ်ပြန်သည်။ အဆိုပါမူးယစ်ဆေးဝါးများကို အောက်တိုဘာလ ၄...