‘ဝ’ပြည်သွေးစည်းညီညွတ်ရေးတပ်မတော် (UWSA) ထိန်းချုပ်နယ်မြေဖြစ်သည့် မိုင်းပေါက်မြို့နယ်တွင် မြေရှားသတ္တု တူးဖော်မှုများမှာ လွန်ခဲ့သည့် ၁၀ နှစ်ကထက် ၈ ဆ များပြားလာနေကြောင်း ရှမ်းလူ့အခွင့်အရေးမဏ္ဍိုင် (SHRF) က ယမန်နေ့တွင် ထုတ်ပြန်လိုက်သည်။
၂၀၁၅ ခုနှစ်တွင် ‘ဝ’ထိန်းချုပ် မိုင်းပေါက်ဒေသ၌ မြေရှားသတ္တုတွင်းမှာ ၃ ခုသာ ရှိခဲ့သော်လည်း ယခုနှစ် ၂၀၂၅ ခုနှစ်တွင် မိုင်းပေါက်မြို့ တောင်ဘက်ရှိ တောင်ကုန်းများတလျှောက် မြေရှားသတ္တုတွင်း ၂၆ ခုထက်မနည်း ရှိလာကြောင်း ဂြိုလ်တုဓာတ်ပုံများတွင် တွေ့ရသည်ဟု ထုတ်ပြန်ချက်၌ ဖော်ပြသည်။
အဆိုပါ မြေရှားသတ္တုတူးဖော်မှု လုပ်ငန်းများသည် စစ်တပ်အာဏာသိမ်းသည့် ၂၀၂၁ ခုနှစ်မှ စတင်၍ အထိန်းအကွပ်မရှိ အကြီးအကျယ် တိုးချဲ့လာခြင်းဖြစ်ကြောင်း ရှမ်းလူ့အခွင့်အရေးမဏ္ဍိုင် (SHRF) ပြောရေးဆိုခွင့်ရှိသူ စိုင်းဟော်ရှဲန်က သျှမ်းသံတော်ဆင့်ကို ပြောသည်။
“ဒီမြေရှားသတ္တုတွင်းတွေဟာ အာဏာသိမ်းပြီးနောက်ပိုင်းမှ တိုးချဲ့လာတယ်လို့ ပြောလို့ရတယ်။ ဘာလို့လဲဆိုရင် ဒီနယ်မြေတွေဟာ UWSA ရဲ့ ထိန်းချုပ်နယ်မြေ ဖြစ်တာကြောင့် မြေရှားသတ္တုကို အတားအဆီးမရှိ၊ သူတို့စိတ်တိုင်းကျ တူးဖော်လို့ ရနေတယ်” ဟု စိုင်းဟော်ရှဲန်က ပြောသည်။
တရုတ်-မြန်မာနယ်စပ်အနီးရှိ အဆိုပါ မြေရှားသတ္တုတွင်းများထဲမှ ၃ ခုမှာ မြို့နှင့် ၃ ကီလိုမီတာ၊ ၄ ကီလိုမီတာခန့်သာ ဝေးသည်။
မြေရှားသတ္တုသည် လျှပ်စစ်ကား (EV)၊ လေစွမ်းအင်သုံး တာဘိုင်များ၊ စမတ်ဖုန်း၊ ကွန်ပျူတာနှင့် လျှပ်စစ်ပစ္စည်းများ ထုတ်လုပ်ရာတွင် အလွန်အရေးပါသည်။
မိုင်းပေါက်ဒေသရှိ မြေရှားသတ္တုတူးဖော်ရေး လုပ်ငန်များသည် စစ်ကောင်စီထုတ် တရားဝင် သတ္တုတူးဖော်ခွင့်ပြုချက် (၂၀၂၁ ခုနှစ် နိုဝင်ဘာလထုတ် နောက်ဆုံးစာရင်း) စာရင်းတွင် တစ်ခုမျှ ပါဝင်ခြင်းမရှိကြောင်း၊ UWSA နှင့် တရုတ်နိုင်ငံအကြား ဒေသတွင်း သဘောတူညီချက်တစ်ခု ရှိနိုင်ပြီး တရုတ်ကျောထောက်နောက်ခံ သတ္တုတူးဖော်ရေး ကုမ္ပဏီများက မြေရှားသတ္တုများကို တူးဖော်နေကြောင်း ၎င်းကဆိုသည်။
‘ဝ’ဒေသအတွင်း တူးဖော်ထွက်ရှိသည့် မြေရှားသတ္တုများကို တရုတ်နယ်စပ်ဖြတ်ကျော်ပြီး တရုတ်နိုင်ငံကို တင်ပို့မှုများရှိနိုင်ကြောင်း စိုင်းဟော်ရှဲန်က ပြောသည်။
“UWSA နဲ့ တရုတ်နိုင်ငံကြား သဘောတူညီချက် တစ်ခုတော့ ရှိလောက်တယ်။ ဒါကြောင့် နေပြည်တော် အာဏာပိုင်တွေရဲ့ ခွင့်ပြုချက်မလိုဘဲ တရုတ်ကုမ္ပဏီတွေက တူးဖော်ခွင့်ရနေတာပါ။ တရားဝင် ဥပဒေကြောင်းအရ ပြောရရင် နှစ်နိုင်ငံ သဘောတူညီချက်ရမှ သတ္တုတူးဖော်လို့ ရတာကိုး။ ဒါပေမယ့် အခု UWSA ထိန်းချုပ်နယ်မြေမှာ UWSA နဲ့ နိုင်ငံခြားကုမ္ပဏီတွေအကြား သဘောတူညီမှုနဲ့ လွတ်လွတ်လပ်လပ် တူးဖော်ခွင့်ရနေတယ်။ နယ်စပ်ဖြတ်ကျော်ပြီး တရုတ်ပြည်ကို တိုက်ရိုက်တင်ပို့နေတာတွေလည်း ရှိနိုင်တယ်” ဟု စိုင်းဟော်ရှဲန်က ဆက်ပြောသည်။
သို့သော် UWSA ထံမှ လုပ်ကိုင်ခွင့်ရ ကုမ္ပဏီအချက်လက်များကို အတိအကျ မသိရသေးကြောင်း ၎င်းက ဆိုသည်။
အလားတူ UWSA ထိန်းချုပ်ရာ ထိုင်း-မြန်မာနယ်စပ် သျှမ်းပြည်အရှေ့ပိုင်း မိုင်းဆတ်မြို့နယ် မိုင်းယွန်းဒေသတွင်လည်း မြေရှားသတ္တုကို အလုံးအရင်းဖြင့် တူးဖော်နေသည်။
ထိုင်းနိုင်ငံ ချင်းမိုင်ခရိုင် မယ်အိုင်းဒေသနှင့် မျက်နှာချင်းဆိုင် မိုင်းဆတ်မြို့ တောင်ဘက်ရှိ မိုင်းယွန်းဒေသတွင် မြေရှားသတ္တုတွင်း ၂ ခုကို ဂြိုလ်တုဓာတ်ပုံတွင် အထင်အရှား တွေ့ရပြီး ထိုဒေသသည် ထိုင်းနိုင်ငံမြောက်ပိုင်း နယ်စပ်နှင့် ၂၅ ကီလိုမီတာခန့်သာ ကွာဝေးသည်။
သို့သော် မိုင်းယွန်းဒေသ၌ တူးဖော်ရရှိသည့် မြေရှားသတ္တုများကို စစ်ကောင်စီ ထိန်းချုပ်ထားသော စစ်ဆေးရေး ဂိတ်များမှတစ်ဆင့် ဖြတ်သန်းပြီးမှသာ တင်ပို့ခွင့်ရရှိကြောင်း သိရသည်။
မိုင်းပေါက်မြို့၏ တောင်ဘက် သုံးကီလိုမီတာ အကွာရှိသော မြေရှားသတ္တုတွင်းတစ်ခုမှာ စစ်အာဏာသိမ်းပြီး ၂၀၂၂ ခုနှစ်နောက်ပိုင်းတွင် စတင်ခဲ့ပြီး၊ ထိုသတ္တုတွင်းများမှ စွန့်ပစ်ပစ္စည်းများ ပိုင်ချောင်းထဲသို့ စီးဝင်သောကြောင့် ချောင်းအနီးအနားရှိ ထောင်ပေါင်းများစွာသော မြို့နေလူထု၏ ကျန်းမာရေးကို ခြိမ်းခြောက်နေကြောင်း ရှမ်းလူ့အခွင့်အရေးမဏ္ဍိုင် (SHRF) က ထောက်ပြထားသည်။
ယမန်နှစ် ၂၀၂၄ စက်တင်ဘာလက တိုင်ဖွန်းမုန်တိုင်း ယာဂီကြောင့် မိုးကြီးခဲ့စဉ်က မိုင်းပေါက်မြို့သည် တောင်ကျရေများ စီးဆင်းလာမှုကြောင့် မကြုံစဖူး ရေကြီးမှုဒဏ်ကို ခံစားခဲ့ရသည်။
မိုင်းပေါက်ဒေသရှိ သတ္တုတွင်းများသည် သျှမ်းပြည်၏ အဓိကမြစ်ကြီး ၂ ခုဖြစ်သော သံလွင်မြစ်နှင့် မဲခေါင်မြစ်ဝှမ်းတို့ အကြားတွင် တည်ရှိသည်။ ထိုသတ္တုတွင်းများမှ ရေများသည် မိုင်းပေါက်မြို့ အနောက်ဘက်ရှိ ခါမြစ်မှတစ်ဆင့် သံလွင်မြစ်ထဲသို့ စီးဝင်သကဲ့သို့ အရှေ့ဘက်ရှိ လွေမြစ်မှတစ်ဆင့် မဲခေါင်မြစ်ထဲသို့ စီးဝင်သည်။
ထိုကြောင့် သတ္တုတွင်းများမှလာသော စွန့်ပစ်ရေဆိုးရေညစ်များသည် တရုတ်နိုင်ငံကို ထိခိုက်မှုမရှိဘဲ မြစ်အောက်ဖျားပိုင်းတွင် နေထိုင်ကြသော သျှမ်းပြည်ဒေသခံ ပြည်သူများ၏ ကျန်းမာရေးကို ဆိုးရွာစွာ ထိခိုက်စေနိုင်ကြောင်း ရှမ်းလူ့အခွင့်အရေးမဏ္ဍိုင် (SHRF) ၏ ပြောခွင့်ရ စိုင်းဟော်ရှဲန်က ပြောသည်။
အဆိုပါ မြေရှားသတ္တုတွင်း ပုံစံများမှာ ကချင်ပြည်နယ်ရှိ မြေရှားသတ္တုတူးဖော်ရေး လုပ်ငန်များနှင့် ပုံစံတစ်ထပ်တည်း တူညီနေပြီး ထိုနေရာများတွင် “In situ leaching” ခေါ် မြေအောက်မှ တိုက်ရိုက်ထုတ်ယူသည့် နည်းလမ်းကို အသုံးပြုနေကြောင်း သတ္တုတွင်း လုပ်သားများက မျှဝေထားသော အွန်လိုင်းဗီဒီယိုဖိုင်ထဲတွင် တွေ့ရသည်။
“In situ leaching” လုပ်ငန်းစဉ်သည် မြေရှားသတ္တုများကို ထုတ်ယူရန်အတွက် ဓာတုပစ္စည်းများကို ပိုက်များမှ တစ်ဆင့် တောင်ကုန်းများအတွင်းသို့ လောင်းထည့်ရသည်။
ထိုသတ္တုတူးဖော်မှုသည် သဘာဝပတ်ဝန်းကျင်ကို ဆိုးရွားစွာထိခိုက်စေပြီး မြေပေါ်၊ မြေအောက်ရေ အရင်းအမြစ်များကို ညစ်ညမ်းစေကာ သတ္တုတွင်းများ အောက်ဘက်တွင် နေထိုင်ကြသော ဒေသခံပြည်သူများ၏ ကျန်းမာရေးနှင့် အသက်မွေးဝမ်းကျောင်းကို ခြိမ်းခြောက်နေကြောင်း ရှမ်းလူ့အခွင့်အရေးမဏ္ဍိုင် (SHRF) ထုတ်ပြန်ချက်တွင် ရေးသားထားသည်။
မြန်မာနိုင်ငံ၏ မြေရှားသတ္တု ထုတ်လုပ်မှုသည် ယမန်နှစ် ၂၀၂၄ ခုနှစ်တွင် ခန့်မှန်း မက်ထရစ်တန်ချိန်ပေါင်း ၃၁,၀၀၀ တန်ရှိခဲ့ပြီး ကမ္ဘာ့အဆင့် ၄ နေရာတွင် ရှိနေကြောင်း မြေရှားသတ္တုအချက်အလက်များကို ဖော်ပြနေသည့် Statista ၏ ဝက်ဘ်ဆိုဒ်စာမျက်နှာတွင် ဖော်ပြထားသည်။
ယမန်နှစ် ၂၀၂၄ ကမ္ဘာ့မြေရှားဈေးကွက်ထဲ ဖြန့်ဖြူးရောင်းချမှုတွင်လည်း တရုတ်နိုင်ငံနှင့် အမေရိကန်နိုင်ငံပြီးလျှင် မြန်မာနိုင်ငံသည် အဆင့် ၃ နေရာတွင် ရပ်တည်နေခဲ့ကြောင်း သိရသည်။












Leave a Comments