Wednesday, January 28, 2026

နောက်ဆက်တွဲငလျင် ထပ်မံလှုပ်ခတ်ခြင်းကြောင့် နောင်ချိုအပါအဝင် ရန်ကုန်၊ မန္တလေးပြည်သူများ စိုးရိမ်ထိတ်လန့်

မေ(၆)ရက် ညပိုင်းတွင် ထပ်မံလှုပ်ခတ်ခဲ့သော အင်အားအသင့်အတင့် နောက်ဆက်တွဲ ငလျင်ကြောင့် သျှမ်းပြည်မြောက်ပိုင်း၊ နောင်ချိုမြို့နယ် အပါအဝင် ရန်ကုန်မြို့နှင့် မန္တလေးမြို့နေ ပြည်သူများ စိုးရိမ်ထိတ်လန့်ခဲ့ကြကြောင်း စုံစမ်းသိရသည်။

လူအိမ်မောကျချိန်တွင် မန္တလေးတိုင်း ကျောက်ဆည်မြို့အနီး ဗဟိုပြု၍ ပြင်းအား ၄ ဒဿမ ၄ အဆင့်ရှိ ငလျင်လှုပ်ခတ်ခဲ့ကြောင်း သိရသည်။

ယနေ့ (မေလ ၇ ရက်) နံနက် ၁ နာရီခွဲဝန်းကျင်တွင် မန္တလေးတိုင်း၊ ကျောက်ဆည်မြို့ အရှေ့မြောက်ဘက် ၂၅ ကီလိုမီတာအကွာ၊ မြေအောက် အနက် ၁၀ ကီလိုမီတာတွင် ဗဟိုပြု၍ ရစ်ခ်တာစကေး ၄ ဒဿမ ၄ အဆင့်ပြင်းအားရှိ ငလျင်လှုပ်ခတ်ခဲ့ကြောင်း မန္တလေးမြို့ဒေသခံ အမျိုးသားတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

“ဒီမနက် အိပ်လို့ကောင်းတဲ့ အချိန်ကြီးမှာကို ဖြစ်သွားတာ။ မနက် ၁ နာရီ ခွဲဝန်းကျင်လောက်က ဖြစ်သွားတာ။ တော်သေးတယ် အိမ်အပြင်မှာအိပ်လို့၊ အိမ်ထဲမှာ အိပ်တဲ့လူတွေကတော့ တော်တော်လှုပ်သွားတယ်လို့ ပြောတယ်။ ပြင်းအားကလည်း ၄ ဒဿမ ၄ လောက် ရှိတယ်လေ”ဟု ၎င်းအမျိုးသားက ပြောသည်။

ထို့အပြင် ရန်ကုန်မြို့တွင်လည်း ပြင်းအားမဂ္ဂနီကျု ၂ ဒဿမ ၂ ဖြင့် ပထမတစ်ကြိမ် လှုပ်ခတ်ခဲ့ပြီး ဒုတိယအကြိမ်တွင် ပြင်းအား ၃ ဒဿမ ၇ အဆင့်ရှိ နောက်ဆက်တွဲငလျင် ထပ်မံလှုပ်ခတ်ခဲ့ခြင်းကြောင့် မြို့နေပြည်သူများ ထိတ်လန့်နေကြပြီး တိုက်အောက်သို့ ပြေးဆင်းကြရသည်ဟု ရန်ကုန်မြို့နေ ပြည်သူများက ပြောသည်။

“ညကအိပ်နေတာ၊ ပထမ တစ်ခါလှုပ်တော့ အဲ လှုပ်နေတယ်ပေါ့။ ဒုတိယတစ်ခါက အရမ်းသိသာတော့ အောက်ပြေးဆင်းတာ။ ဖုန်းတစ်လုံးယူပြီး တစ်ဆောင်လုံး ပြေးဆင်းကြတာ တန်းနေတာပဲ။ ကြောက်တာပေါ့၊ တိုက်အမြင့်မှာ နေရတာ။ ငါက အလုပ်လာလုပ်တာ ငါသာ တိုက်ပိသွားရင် မိသားစုတွေတောင် သိလိုက်မှာ မဟုတ်ဘူး။ ငလျင်ကလည်း စိတ်ဒဏ်ရာ ပေးလွန်းတယ်၊ ညဆို အိပ်မပျော်ရဲဘူး”ဟု ရန်ကုန်မြို့တွင် အလုပ်လုပ်ကိုင်နေသည့် အသက်(၂၀)ကျော်အရွယ် အမျိုးသမီးတစ်ဦးက ပြောသည်။

ယခုကဲ့သို့ နောက်ဆက်တွဲ ငလျင်ငယ်များ ဆက်တိုက်လှုပ်ခတ်နေသည်ကို မပေါ့ဆသင့်ကြောင်းနှင့် အမြဲသတိဝီရိယ ရှိထားသင့်ကြောင်း၊ ယခင်က မန္တလေးတွင် ငလျင်ကြီး မလှုပ်ခတ်မှီ ယခုကဲ့သို့ ငလျင်ငယ်များ လှုပ်ခတ်ခဲ့သောကြောင့် ငလျင်ကြီး ထပ်မံလှုပ်ခတ်မည်ကို စိုးရိမ်ကြောင်း ၎င်းက ထပ်လောင်းပြောသည်။

ဆက်လက်ပြီး သျှမ်းပြည်မြောက်ပိုင်း၊ နောင်ချိုမြို့တွင်လည်း ပြင်းအား ၃ ဒဿမ ၃ အဆင့်ရှိ မြေငလျင်လှုပ်ခတ်ခဲ့သောကြောင့် ဒေသခံများ ထိတ်လန့်ခဲ့ရကြောင်း သိရသည်။

“အရင်တစ်ခါလို အရမ်းကြီးမဟုတ်ပေမယ့် နည်းနည်းလှုပ်ရင်တောင် အရင်တစ်ခါလည်း လှုပ်ခဲ့ ဖူးတော့ သတိထားနေရတာ။ ခုကဘာလို့ ငလျင်ငယ်တွေ ခဏခဏ လှုပ်လည်း မသိဘူး။ နောက်ထပ် ငလျင်ကြီးများ ထပ်လှုပ်အုံးမလား စိတ်ပူနေရတယ်” ဟု နောင်ချိုဒေသခံ အမျိုးသားတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

ပြီးခဲ့သည့် မတ်လ (၂၈)ရက်နေ့ နေ့လည်ပိုင်းတွင် စစ်ကိုင်းမြို့အနီး ဗဟိုပြု၍ အင်အား ၇ ဒဿမ ၇ ရှိ ငလျင်ကြီး လှုပ်ခတ်ခဲ့သောကြောင့် မန္တလေး၊ စစ်ကိုင်းနှင့် သျှမ်းပြည်တောင်ပိုင်း အောင်ပန်း ၊ အင်းလေးဒေသတို့တွင် ငလျင်ဒဏ်ကြောင့် လူထိခိုက်သေဆုံးပြီး အဆောက်အဦများ ပျက်စီးဆုံးရှုံးခဲ့ရသည်။
အဆိုပါ ငလျင်ကြောင့် မြန်မာတစ်နိုင်ငံလုံးတွင် စုစုပေါင်း (၄၂၁၂)ဦး သေဆုံးခဲ့ပြီး (၆၅၈၈) ဦးကျော်ဒဏ်ရာ ရရှိခဲ့ကြောင်း သိရသည်။

ယခုလက်ရှိတွင် ငလျင်ဒဏ်သင့် စစ်ကိုင်း၊ မန္တလေးနှင့် အင်းလေးဒေသတို့တွင် ပြန်လည်ထူထောင်ရေးအတွက် အကူအညီ လိုအပ်နေဆဲဖြစ်ပြီး ပြည်သူများအနေဖြင့်လည်း အိုးမဲ့အိမ်မဲ့ ဖြစ်ကာ စားဝတ်နေရေးအတွက် ခက်ခဲမှုများ ကြုံတွေ့နေကြရသည်ဟု ငလျင်ဘေး ကူညီနေသူများထံမှ သိရသည်။

မတ် ၂၈ ရက်က လှုပ်ခတ်ခဲ့သည့် အင်အားအလွန်ကြီးမားသည့် ရစ်ချ်တာစကေး ၇ ဒသမ ၇ ရှိသည့် အင်အားပြင်းငလျင် လှုပ်ခတ်မှုအပြီးတွင် ရစ်ချ်တာစကေး ၃ အထက်ရှိ နောက်ဆက်တွဲငလျင် အကြိမ် (၂၀၀) နီးပါး လှုပ်ခတ်ခဲ့ကြောင်း မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနက ထုတ်ပြန်ထားသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

Lashio_Election_Station

သျှမ်းမြောက်စစ်ရေးပဋိပက္ခကြား နောင်ချို၊ လားရှိုးနှင့် မူဆယ်မြို့တွင် ဆန္ဒမဲပေးသူနည်း

0
သျှမ်းပြည် နောင်ချိုမြို့၊ လားရှိုးမြို့နှင့် မူဆယ်မြို့များတွင် စစ်ရေးပဋိပက္ခကြား လုံခြုံရေး စိုးရိမ်မှုကြောင့် ဆန္ဒမဲပေးသူ နည်းပါးကြောင်း ဒေသခံပြောပြချက်အရ သိရသည်။ ယနေ့ (ဒီဇင်ဘာလ ၂၈ ရက်) တွင် စတင်ကျင်းပနေသည့် စစ်ကော်မရှင် ရွေးကောက်ပွဲ ပထမပိုင်းတွင် သျှမ်းပြည်မြောက်ပိုင်းမှ နောင်ချိုမြို့၊ လားရှိုးမြို့နှင့် မူဆယ်မြို့ (၃)...

ကျောက်မဲ၊ သီပေါ၊ နောင်ချို စစ်တပ်ပြန်ထိန်းချုပ်သော်လည်း စစ်ရှောင်နေရပ်ပြန်ရန် ခက်ခဲနေဆဲ

0
သျှမ်းပြည် နောင်ချို၊ ကျောက်မဲ နှင့် သီပေါမြို့တို့ကို စစ်ကော်မရှင်တပ် ပြန်လည် ထိန်းချုပ်နိုင်ခဲ့သော်လည်း စစ်ဘေးရှောင်အများစု ယနေ့အချိန်ထိ နေရပ်ပြန်ရန် ခက်ခဲနေဆဲဖြစ်ကြောင်း စုံစမ်းသိရသည်။ ၂၀၂၃ ခုနှစ် အောက်တိုဘာလ ၂၇ ရက်တွင် စတင်ခဲ့သည့် “၁၀၂၇ စစ်ဆင်ရေး” သည် သျှမ်းပြည်မြောက်ပိုင်းထဲ ဖြတ်သန်းသွားသည့် မြန်မာ-တရုတ်...

လားရှိုးဆေးရုံကြီးတွင် ဆေးကုသနေသည့် ဒဏ်ရာရ နောင်ပိန်စစ်ရှောင်တစ်ဦး သေဆုံး

0
သျှမ်းပြည် လားရှိုးမြို့ ပြည်သူ့ဆေးရုံကြီးတွင် ဆေးကုသမှု ခံယူနေသည့် ဗုံးမှန်ဒဏ်ရာရ နောင်ပိန်စစ်ရှောင်တစ်ဦး ရောဂါအခံဖြင့် သေဆုံးသွားကြောင်း စုံစမ်းသိရသည်။ ယနေ့ (စက်တင်ဘာလ ၄ ရက်) နံနက် ၁၀ နာရီခွဲကျော်တွင် လားရှိုးမြို့ရှိ ပြည်သူ့ဆေးရုံကြီး၌ ဆေးကုသမှု ခံယူနေသည့် ကျောက်မဲမြို့နယ် နောင်ပိန်တိုက်နယ် ပင်တိန်ရွာနေ အသက်...

နောင်ချို နေရပ်ပြန်စစ်ရှောင်များကို အိမ်ထောင်စုစာရင်းစစ်ဆေးပြီး စစ်မှုထမ်းအတွက် ဖမ်းဆီးနေ

0
သျှမ်းပြည် နောင်ချိုမြို့နယ်ရှိ နေရပ်ပြန်စစ်ဘေးရှောင်များ၏ နေအိမ်များကို စစ်ကော်မရှင်တပ်က ညအချိန်မတော် သန်းခေါင်စာရင်း စစ်ဆေးကာ လူငယ်အမျိုးသားများကို စစ်မှုထမ်းရန် ဖမ်းဆီးခေါ်ဆောင်သွားကြောင်း စုံစမ်းသိရသည်။ ဩဂုတ်လ တတိယပတ်မှ စတင်ပြီး စစ်ကော်မရှင်တပ် ပြန်လည်ထိန်းချုပ်ထားသည့် နောင်ချိုမြို့နယ် တောင်ဘက်ခြမ်းရှိ ကံကြီး၊ ဉာဏ်တော်၊ နောင်တော၊ ရွှေမုဋ္ဌော၊ အင်းဖို၊ မဲပုတ်နှင့်...

စစ်ကော်မရှင် လေကြောင်းဗုံးကြဲမှုကြောင့် နောင်ချိုစစ်ရှောင် ၄၀ ကျော်သေဆုံးဒဏ်ရာရ

0
ယနေ့ (ဩဂုတ်လ ၂၀ ရက်) နံနက်ပိုင်းတွင် TNLA ပူးပေါင်းတပ်နှင့် စစ်ကော်မရှင်တပ်တို့ မြေပြင်ထိတွေ့တိုက်ပွဲ ပြင်းထန်နေသည့် ကျောက်မဲမြို့နယ် နောင်ပိန်တိုက်နယ်အတွင်း ပင်တီးကျေးရွာ မဇ္ဈိမာရာမ အလယ်ကျောင်း လေကြောင်းဖြင့် ပေါင် ၅၀၀ ဗုံးတစ်လုံး တိုက်ခိုက်ခံရခြင်းကြောင့် နောင်ချိုစစ်ဘေးရှောင် (၄၀) ကျော် သေဆုံးဒဏ်ရာရခဲ့ကြောင်း...