ငလျင်ဒဏ်ကြောင့် ပြိုကျပျက်စီးသွားသော နေရာများ ဖယ်ရှားရှင်းလင်းရေးတွင် အချိန်ထပ်မံ လိုအပ်နေသော ကြောင့် တစ်ဖက်သတ်အပစ်ရပ်ကာလ (၁)လ သက်တမ်းတိုးလိုက်ကြောင်း ယမန်နေ့ (မေ ၁)ရက် ညနေပိုင်းတွင် ညီနောင် မဟာမိတ် အဖွဲ့တို့ ထုတ်ပြန် ကြေညာသည်။
မတ်လ ၂၈ ရက်တွင် လှုပ်ခတ်ခဲ့သော အားပြင်းငလျင်ကြောင့် ပျက်စီးသွားသော လူနေအဆောက်အုံများ၊ သာသနိက အဆောက်အအုံ များကိုဖယ်ရှားရှင်းလင်းရန် အချိန်ထပ်မံ လိုအပ်နေသောကြောင့် တစ်ဖတ်သတ် အပစ်ရပ်ကာလ ကို မေလ (၁) ရက်နေ့မှ (၃၁) ရက်နေ့အထိ တစ်လသက်တမ်းတိုးကြောင်း ထိုကြေညာချက် တွင်ပါရှိသည်။
MNDAA၊ TNLA နှင့် AA တို့ပါဝင်သော ညီနောင်မဟာမိတ်သည် အပစ်ရပ်စဲရေးကာလကို ဧပြီလ (၁) ရက်မှ (၃) ရက် နေ့အထိ ကြေညာထားပြီး ငလျင်ကယ်ဆယ်ရေးလှုပ်ငန်းများကို (၁) လကြာသည့်တိုင် ရှင်းလင်းဖယ် ရှားရေး လှုပ်ငန်းများထိရောက်စွာ လုပ်ဆောင်နိုင်ခြင်းမရှိသည့်အတွက် လူသားချင်းစာနာ ထောက်ထားရေး အတွက်ဖြစ်သည်ဟုလည်းဆိုသည်။

ညီနောင်မဟာမိတ်တို့ အပစ်ရပ်သက်တမ်းတိုးထားသည့် ကာလအတွင်း ခုခံကာကွယ်သော တုံ့ပြန်မှု မှလွှဲ၍ ထိုးစစ်ဆင်တိုက်ခိုက်မှုမျိုးပြုလုပ်မည်မဟုတ်ဟု ကြေညာထားကြောင်းသိရသည်။
ညီနောင်မဟာမိတ် တို့အပစ်ရပ်ထားသည့် ဧပြီလထဲတွင် တရုတ်ဖိအားကြောင့် MNDAA ထိန်းချုပ်ထားသော လားရှိုးမြို့ကို စစ်ကောင်စီ လက်ထဲပြန်အပ်ခဲ့ရသည်။ စစ်ကောင်စီဘက်ကလည်း စစ်ကိုင်းငလျင်ကြောင့် အပစ်ရပ်ထားသည်ဟု ထုတ်ပြန်ထားသော်လည်း TNLA ထိန်းချုပ်ထားသော နောင်ချို၊ မိုးကုတ်မြို့တို့ဘက် ဆက်တိုက်ဗုံးကြဲတိုက်ခိုက်မှုကြောင့် လူထု အသက်အိုးအိမ် ထိခိုက်ပျက်စီးမှုများလည်းရှိသည်။
အလုပ်သင် သတင်းထောက် စိုင်းဟန်မော(ဝ်) ရေးသားသည်။












Leave a Comments