သျှမ်းပြည်အရှေ့ပိုင်း ထိုင်း-မြန်မာနယ်စပ်အနီး စည်းကမ်းမဲ့ရွှေတူးဖော်မှုတွင် ဆိုင်ရာနိုက်(Cyanide) ဓာတုရည် စွန့်ပစ်မှုကြောင့် မဲခေါင်မြစ်အပါအဝင် ဒေသတွင်းရေအရင်းအမြစ်အပေါ် ဆိုးရွားစွာ သက်ရောက်မှု ရှိလာမည် ကို စိုးရိမ်မှုများ မြင့်တက်လာနေသည်။
အသက် ၃၅ နှစ် အရွယ် စိုင်းဦးသည် တာချီလိတ်ခရိုင် မိုင်းလင်းမြို့နယ်ရှိ ကျေးရွာတစ်ရွာတွင်နေထိုင်သည်။
စိုင်းဦးသည် သူမွေးထားသော နွားများ ရေကန်သို့ ရေဆင်းသောက်နေသည်ကို ရပ်ကြည့်ရင်း မကြုံဖူးသော အဖြစ်အပျက်တစ်ခု ဖြစ်ပေါ်လာမည်ကို သိပုံမပေါက်ပေ။
“သူတို့(နွားများ) ရေသောက်ပြီး ခြေလှမ်း အနဲငယ်လှမ်း လိုက်တဲ့ခါမှ လဲကျကုန်တာပဲ” ဟု သူကြုံတွေ့ခဲ့သော မယုံနိုင်စရာ အဖြစ်အပျက်ကို ပြန်ပြောပြသည်။
ထိုချောင်းရေသည် ရွှေချောင်းရေ (မြစ်) ဟု အဓိပ္ပာယ်ရှိသည့် “နမ့်ခမ်း” ချောင်းသည် လွယ်ခမ်းတောင်ကျောမှ မြစ်ဖျားခံ လာသည့် ချောင်းဖြစ်သည်။
လွယ်ခမ်းသည် စိုင်းဦးကဲ့သို့ ရွာသူရွာသားများ အတွက် သတ္တုတွင်းထွက်သည်ဆိုသည်ထက် ၎င်းတို့၏ ယုံကြည်ချက် နှင့် ဓလေ့ထုံးတမ်းများအရ မြတ်နိုးတန်ဖိုးထားသည့် ခိုကိုးရာ နေရာတစ်ခုဖြစ်သည်။
“အဲ့ဒီတောင်ပေါ်မှာရွှေတွေထွက်တယ်ဆိုတာ ကျနော်တို့သိတယ်၊ ကျနော်တို့ ဘိုးဘွားတွေလည်းသိတယ်။ အဲ့ဒါကြောင့် ရွှေတောင် လို့ခေါ်တာလေ။ ဒါပေမယ့် ကျနော်တို့ ရွှေတွေ လိုက်မရှာဘူး။ အဲ့ဒီ့တောင်က ကျနော်တို့ အသက်ရှင်ဖို့ သန့်ရှင်းတဲ့ရေတိုက်ကျွေးတယ်။ ကျနော်တို့ ဘိုးဘေးတွေရဲ့ ဝိဉာဏ် ခိုကိုးရာနေရာမို့လို့ပဲ”ဟု စိုင်းဉီးက ပြောသည်။
သို့ပေမယ့် ထိုယုံကြည်မှုသည် အပြင်လူများအတွက် မဟုတ်ပေ။ ၂၀၀၇ ခုနှစ်တွင် ပထမဆုံးသော တရုတ်နိုင်ငံ မိုင်း လုပ်သားလေးဦးသည် တရားဝင်ခွင့်ပြုချက်ဖြင့် ရောက်ရှိလာခဲ့သည်။ ထိုသူတို့သည် လွယ်ခမ်းတောင် လကမ္ဘာမျက်နှာပြင်ဖြစ်အောင် နေ့စဉ် တူးဖျက်နေသည်။
“သူတို့စရောက်တဲ့ချိန် ဘာခေတ်မီနည်းပညာ မှမပါဘူး၊ ခုခါမှာတော့ လုပ်ကွက်အလိုက် ရွှေတူးဖော်ဖို့ တွင်းထွက်ဓာတ်သတ္တုရှာဖွေစက် တွေ နဲ့ လုပ်နေလို့ တောင်တခုလုံး ပျက်စီးနေပြီ” ဟု ရွှေတောင်ဖျက်စီး ခံနေရမှုကို ရွာသားများနှင့်အတူ ကြည့်ရှုနေသည့် စိုင်းဦးကပြောသည်။
မကြာသေးမီက တူးဖော်မှုသည် ၁၇၈၀ ဟတ်တာ ထက်မနည်းသည့် လုပ်ကွက် သို့မဟုတ် New York ၏ Central Park ၏ အရွယ်အစား ထက် ငါးဆခန့် ကျယ်ဝန်းသည့် မိုင်းတွင်း ၂၀ ကျော်အထိ ချဲ့ထွင်လာသောကြောင့် နမ့်ခမ်းချောင်းလည်း ပျက်စီးပျောက်ကွယ်သွားပြီး သဲသောင်ပြင်အတွင်း စီးနေသော ရေများသည်လည်း အမည်းရောင်ပြောင်းကာ ဆိုးဝါးသောအနံ့အသက်များ ထွက်နေသည်။
မိုးသည်းထန်စွာ ရွာသောအချိန်တွင် ရွှေတွင်းမှ မြေစာများ တောင်အောက်သို့ စီးကျလာသောကြောင့် အိမ်များနှင့် စပါးစိုက်ခင်းများ လယ်ကွက်များ နစ်မြုပ်ကုန်ပြီး ကျွဲ၊နွားများ သောက်သုံးရာရေချောင်း ရေကန်များကိုလည်း ညစ်ညမ်း ပျက်စီးကုန်သည်။
ထိုအချိန်တွင် ရွှေထုတ်ယူရာတွင် သုံးသည့် အန္တရာယ်ရှိသော ဆိုင်ရာနိုက်(Cyanide) ဓါတ်တုရည် အကြောင်းကို စိုင်းဦး က ပထမဆုံး ကြားဖူးခြင်းဖြစ်သည်။
Mekong Eye မှ ထုတ်ပြန်သော ဂြိုလ်တုဓာတ်ပုံများအရ သျှမ်းပြည်နယ် အရှေ့ပိုင်းရှိ လွိုင်ခမ်း တောင်ကြောနှင့် မြစ်ချောင်းများတစ်လျှောက် ရွှေတူးဖော်သည့်နေရာများတွင် ဆိုင်ရာနိုက် (Cyanide) သိုလှောင်ကန်များ စနစ်တကျထား မှုမရှိသကဲ့သို့ ဆိုင်ရာနိုက် (Cyanide) ပြန်လည်သန့်ရှင်းသည့် စက်ရုံများလည်းမတွေ့ရပေ။

မဲခေါင်မြစ်အတွင်းသို့ ၃ ကီလိုမီတာခန့် သာဝေးပြီး အမည်မဖော်နိုင်သည့် ချောင်းငယ်မြောက်များစွာထဲလည်း ညစ်ညမ်းရေများစီးဝင်နေသည့် လက္ခဏာရှိကြောင်းလည်း ပုံထဲမှတဆင့်လည်း သိရှိနိုင်သည်။
မြန်မာတောင်တန်းများတွင် စည်းကမ်းမဲ့ သတ္တုတူးဖော်ခြင်းကြောင့် နယ်နိမိတ်ဖြတ်ကျော်ကာ ရေအရင်းအမြစ် များကို ညစ်ညမ်းစေနိုင်ကြောင်း သတိပေးချက်ထွက်ပေါ်လာသည်။

သေစေနိုင်သော အဆိပ်
၂၀၂၁ စစ်အာဏာသိမ်းပြီးချိန်မှစ စည်းကမ်းမဲ့ ရွှေတူးဖော်မှု တစ်နိုင်ငံလုံးတွင် ပြန့်ပွားလျက်ရှိသည်။ မြောက်ပိုင်း ယူနက်စကို ဇီဝနယ်မြေဖြစ်သော အင်းတော်ကြီးကန်မှစ တနင်္သာရီသဘာဝဘေးမဲ့တောအတွင်းရှိ မြစ်ချောင်းနဘေးများ တောင်တောင်များတွင် နိုင်ငံတဝှမ်း ပျံ့နှံ့သွားသကဲ့သို့ ပြည်တွင်းစစ်ကြောင့် စစ်ဘေးရှောင် ပြည်သူတွေ၏ လယ်ယာမြေတွေကိုကျူးကျော် ထိပါးလာကြသည်။
ရွှေတွင်းလုပ်သားများသည် သတ္တုရိုင်းများမှ ရွှေထုတ်ယူရန်အတွက် အဓိက အသုံးပြုသည့် ဆိုင်ယာနိုက် ဓာတုဆေးရည်များ မြစ်ချောင်းအတွင်း စည်းကမ်းမဲ့စွန့်ပစ်ကြသည်။ ဤလုပ်ငန်းစဉ်တွင် ဆိုင်ရာနိုက်ဖြင့် ရွှေသန့်စင်ခြင်းဟု လူသိများပြီး ရွှေကို ဆိုင်ယာနိုက်အရည်သို့ ပျော်ဝင်စေပြီး ညစ်ညမ်းသော သတ္တုဓာတ်ရည်များကို နောက်ဆုံးတွင် ချန်ထားခဲ့သည်။
အဆိပ်နည်းသော Thiosulphate(ဒိုင်အိုဆာလ်ဖိတ်) ကဲ့သို့သော အစားထိုးဒြပ်ပေါင်းများစွာရှိသော်လည်း၊ သတ္တုရိုင်းမှ ရွှေထုတ်ယူရာတွင် ဆိုင်ရာနိုက်သည် အကုန်ကျသက်သာ သောကြောင့် ရွှေတူးဖော်ရာတွင် တွင်တွင်ကျယ်ကျယ် အသုံးပြုနေဆဲဖြစ်သည်။ ထို့ကြောင့် ၎င်းသည် စည်းကမ်းမဲ့နှင့် တရားမ၀င်သတ္တု တူးဖော်ရေးလုပ်ငန်းများတွင် အထူးရေပန်းစားစေသည်။
အရည်သွေးနိမ့် ရွှေတွင်းများတွင် ဆိုင်ရာနိုက် အရည်များကို သတ္တုရိုင်းပေါ်သို့ ဖြန်းလိုက်ကာ ကျန်ရှိသောဓါတ် ရည်များကို လှောက်ကန်ထဲသို့ သိုလှောင်ထားသည့် ဂြိုလ်တု ဓာတ်ပုံများကို သျှမ်းပြည်အရှေ့ပိုင်းတွင် မကြာခဏ တွေ့ရသည်။
ဤလုပ်ငန်းစဉ်သည် ဆိုင်ရာနိုက်ပါဝင်သော ကျောက်သားများနှင့် အရည်ကို ပမာဏ မြောက်များစွာဖြစ်ပေါ် စေ သည်။ ထိုစွန့်ပစ်အဆိပ်တောက်များကို ပြန်လည်သန့်ရှင်းရန် စွန့်ပစ်ကန်သို့ စနစ်တကျ စွန့်ပစ်သင့်သည်။
ထိုစွန့်ပစ်ကန်များသည် ကြီးမားကျယ်ဝန်းပြီး နက်သော ရေကန်များဖြစ်ပြီး ရွှေလုပ်ကွက်၏ သုံးပုံတစ်ပုံခန့် အနည်းဆုံးရှိသည်။
သို့ရာတွင် ဂြိုလ်တုဓာတ်ပုံအရ သျှမ်းပြည်အရှေ့ပိုင်းရှိ ရွှေတွင်းလုပ်ကွက်များ၌ ထိုစွန့်ပစ်ဓါတုရည်ကန်များကို မတွေ့ရ သောကြောင့် အဆိပ်အတောက်ဖြစ် စွန့်ပစ်ပစ္စည်းများကို မည်သို့ စီမံခန့်ခွဲနေသည့်အကြောင်းပေါ် စိုးရိမ်မှုများ ပိုမို မြင့်တက်စေသည်။
၂၀၁၉ ခုနှစ်တွင် သျှမ်းပြည် တောင်ကြီးနှင့် ကျိုင်းတုံတက္ကသိုလ်များမှ ပညာရှင်များက လွိုင်ခမ်းတူးဖော်ရေး နယ်မြေမှ ခြောက်ကီလိုမီတာအကွာရှိ မိုင်းလင်းကျေးရွာမှ မြေနမူနာများကို စမ်းသပ်ခဲ့သည်။
ရလဒ်များအရ ရွှေပါဝင်မှုသည် 0.12 မှ 1.89 Parts Per Million (PPM) ဖြစ်ပြီး သတ္တုရိုင်းတစ်တန်လျှင် ရွှေတစ်ဂရမ်မှ နှစ်ဂရမ်နီးပါးမျှသာ ထုတ်ယူနိုင်သည်ဟု ဆိုလိုသည်။
ထို့ကြောင့် ဆိုင်ရာနိုက်ပါရှိသော မြေသား များသာကျန်ခဲ့သည်။
ဆိုင်ရာနိုက်သည် အသက်ရှူလမ်းကြောင်းကို အနှောက်ယှက်ပေးနိုင်ပြီး အသက်ဆုံးရှုံးစေသည်အထိ အန္တရာယ် ရှိသည်။ ဆိုင်ရာနိုက်သည် အချို့ပတ်ဝန်းကျင်တွင် အလိုအလျောက် ဓာတ်ပြယ်သော်လည်း ၎င်း၏ အဆိပ် သည် ရက်သတ္တပတ်နှင့် လချီ ကျန်ရှိနေသောကြောင့် ဂေဟစနစ်နှင့် လူသား၏ ကျန်းမာရေးကို ဆိုးရွာစွာထိခိုက် စေသည်။
စနစ်တကျစွန့်ပစ်ကန်များနှင့် ပြန်လည်သန့်ရှင်းရေးစက်ရုံများမရှိပါက ထိုအဆိပ်များသည် ပတ်ဝန်းကျင်သို့ အလွယ်တကူစိမ့်ဝင်နိုင်ပြီး မြေဆီလွှာ၊ ရေအရင်းအမြစ်နှင့် အစာကွင်းဆက်စနစ်များကို ပျက်စီးစေသည်။
ဤသို့ဖြစ်ပွားရခြင်းမှာ သျှမ်းပြည်အရှေ့ပိုင်း ‘ဝ’ ပြည်သွေးစည်းညီညွတ်ရေးတပ်မတော် (UWSA) နှင့် တပ်မတော်လက်အောက်ခံ လားဟူနယ်ခြားစောင့်တပ်တို့ ထိန်းချုပ်မှုအောက်တွင်ရှိသော ဆယ်စုနှစ် နှစ်စုကြာ တူးဖော်ရေးလုပ်ငန်းများ လုပ်ဆောင်လာခြင်းဖြစ်သည်။
ထိုဒေသသို့ သတင်းသမားများနှင့် သုတေသီများ ဝင်ရောက်ခွင့်မရှိသဖြင့် ဓာတ်ခွဲခန်းမှတဆင့် ညစ်ညမ်းမှုကို တိုင်းတာ အတည်ပြု ရန်မဖြစ်နိုင်ပေ။ ဂြိုလ်တုပုံရိပ်များသည် ဤအဆိပ်သင့်မှုအန္တရာယ်ကို ဖော်ထုတ်ရန် အတွက် အဓိကအားထားရသည့် ကိရိယာတစ်ခုဖြစ်လာသည်။

နိုင်ငံတကာမြစ်များကို ခြိမ်းခြောက်ခြင်း
သျှမ်းပြည် အရှေ့ပိုင်းတွင် သတ္တုတူးဖော်ရေး လုပ်ငန်းများသည် နိုင်ငံတကာ မြစ်လေးစင်း ဖြစ်သည့် နမ့်ဆိုင်၊ နမ့်ခုတ်၊ နမ့်ရော့နှင့် မဲခေါင်မြစ်များ တစ်လျှောက်တွင် တူးဖော်လျက် ရှိသည်။ ထိုထဲတွင် နမ့်ဆိုင်နှင့် မဲခေါင်မြစ် တစ်လျှောက်တွင် ရွှေတူးဖော်ရေးလုပ်ငန်းများရှိသည်။
နမ့်ဆိုင်သည် မြန်မာနှင့် ထိုင်းနိုင်ငံတို့က မျှဝေသုံးစွဲကြပြီး မဲခေါင်မြစ်သည် ကမ္ဘောဒီးယား၊ လာအို၊ မြန်မာ၊ ထိုင်းနှင့် ဗီယက်နမ်တို့တွင် လူဦးရေ သန်း ၇၀ ကို အထောက်ပံ့ပေးလျက်ရှိသည်။
မိုင်းလင်းတွင် မဲခေါင်မြစ်ထဲသို့စီးဝင်သည့် မြစ်လက်တက် ပေါင်းများစွာရှိသည်။ အဆိုပါ ချောင်းများနဘေး ရွှေတွင်းလုပ်ကွက် ၁၀ ဂဏန်းနှင့်အထက်ရှိသည်။
မိုင်းဆက်မြို့နယ် မိုင်းတုမ်း မိုင်းကန်း ဒေသ၏ အနောက် တောင်ဘက်တွင် အကြီးဆုံး ရွှေတွင်းများကို တွေ့ရပြီး နမ့်ဆိုင်မြစ်ကမ်းပါးနှစ်ဖက်တွင် တစ်ဖက် ၅ ကီလိုမီတာရှည် လုပ်ကွက်ကြီးများကိုတွေ့ရသည်။
Mekong Eye မှ ဂြိုလ်တုဖြင့် ခွဲခြမ်းစိတ်ဖြာထားသော ဓာတ်ပုံများအရ မြန်မာနိုင်ငံပိုင် နမ့်ဆိုင်ချောင်းမှ ၁၀ မီတာအောက်သာကွာဝေးသည့် မြစ်ကမ်းပါးများတစ်လျှောက်တွင် ပြန့်ကျဲနေသော ဆိုင်ယာနိုက်ရည်ကန်များ ဒါဇင်နှင့်ချီသည်ကို တွေ့ရှိရသည်။ ၃ဟတ်တာ အကျယ်အဝန်းရှိ စွန့်ပစ်ကန်သည်လည်း မြစ်စီးကြောင်းနှင့် မီတာ ၂၀၀ ခန့်သာ ကွာဝေးသည်။
မိုင်းကန်း အနောက်ဘက် ၅ကီလိုမီတာအကွာတွင်ရှိသော မိုင်းဆတ်မြို့နယ် မယ့်ဂျို့ကျေးရွာတွင် ၂၄ ဟက်တာကျယ်ဝန်းသော ရွှေတွင်းတစ်ခုသည် ထိုင်းနယ်စပ်မှ မီတာ ၁၅၀ ခန့်သာကွာဝေးပြီး နမ့်ဆိုင်ဖျား၏ ချောင်းလက်တက်တခုပေါ်တွင် တူးဖော်နေသည်။
Mekong Eye သည် အဆိုပါဒေသများရှိ မိုင်းတွင်း ဂြိုလ်တုဓာတ်ပုံများကို ထိုင်းနိုင်ငံမှ သတ္တုတူးဖော်ရေးနှင့် အင်ဂျင်နီယာပညာရှင် နှစ်ဦးထံ မျှဝေခဲ့ပြီး မြေအနေအထားပြောင်းလဲမှုနှင့် ရေကန်၏ အနေအထားအရ ရွှေတူးဖော်မှုများ ဆက်စပ်နေကြောင်း အတည်ပြုခဲ့သည်။
ရွာသူရွာသားများပြောကြားချက်အရ လုပ်ကွက်အများစုတွင် စနစ်တကျ စွန့်ပစ်ကန်များမရှိဘဲ အချို့လည်း ကန်များကို မြစ်များချောင်းများအနီးတွင် လုပ်ထားသဖြင့် အနီးအနားရှိ ရေအရင်းအမြစ်များအတွင်းသို့ အဆိပ်တောက်များ စီးဝင်နိုင်ခြေပို တိုးစေသည်။
မြစ်အောက်ပိုင်းတွင်နေထိုင်ကြသော ထိုင်းအသိုင်းအဝန်းများက ထိုအကျိုးဆက်များကို စတင်ခံစားလာရပြီး နမ့်ဆိုင်ချောင်းတလျှောက် မယ်ဆိုင်ခရိုင်ရှိ ကျေးရွာများသည် ၂၀၂၄ ခုနှစ် ရေကြီးရေလျှံမှုများကြုံတွေ လာခဲ့သည်။
ပြီးခဲ့သည့်နှစ် အောက်တိုဘာလတွင် ထိုင်းနိုင်ငံ၏ သဘာဝအရင်းအမြစ်ဌာနမှ ပြုလုပ်ခဲ့သော လေ့လာမှု တစ်ခုအရ သျှမ်းပြည် အရှေ့ပိုင်း နမ့်ဆိုင်ချောင်းပေါ်တွင် အကြီးစားရွှေတူးဖော်မှုကို ရေကြီးရခြင်း အကြောင်းရင်းအဖြစ် ဖော်ထုတ်ခဲ့သည်။

အသက် ၄၉ နှစ်အရွယ် မယ်ဆိုင်မြူနီစီပယ်မြို့တော်ဝန် Chaiyon Srisamut က ထိုင်းမြောက်ပိုင်းမြို့တွင် မြစ်ရေလျှံကာ ရွှံ့နွံထူထပ်ပြီး ပျက်စီးဆုံးရှုံးမှုကြီးမားသော သမိုင်းဝင်ရေလွှမ်းမိုးမှု ဖြစ်ခဲ့ပုံကိုပြန်ပြောင်း ပြောပြခဲ့သည်။
“မြန်မာဘက်ခြမ်းက တာဝန်ရှိသူတွေက ဒီနယ်မြေတွေဟာ သူတို့ထိန်းချုပ်မှုထက် ကျော်လွန်နေပြီလို့ တစိုက် မတ်မတ် ပြောနေတော့ သူတို့ စွက်ဖက်လို့ မရပါဘူး” ဟု Chaiyon က သတ္တုတွင်းနယ်မြေများသည် တပ်မတော် နှင့် မဟာမိတ် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များ၏ ထိန်းချုပ်မှုအောက်တွင် ရှိနေသည့်အချက်ကို ရည်ညွှန်း ပြီး Mekong Eye ကို ရည်ညွှန်းပြောဆိုခဲ့သည်။
နောက်ပိုင်းတွင် ရေစမ်းသပ်မှုများသည် သတ္တုတွင်းနှင့်ဆိုင်သော ဓာတုဗေဒပစ္စည်းများ၏ သဲလွန်စများကို ဖော်ထုတ်နိုင်သော်လည်း၊ ပါဝင်မှုနှုန်းသည် တရားဝင်သတ်မှတ်ချက်များအောက်တွင် ရှိနေသေးသည်။
“အဆင့်တွေက ကန့်သတ်ချက်ထက် ကျော်လွန်နေသလောက်ပါပဲ” ဟု ကြေကွဲဖွယ် လေသံဖြင့်၎င်းက ပြောပြသည်။
“ဒါဆို တစ်စုံတစ်ယောက်က တကယ်အရေးယူဖို့ တွန်းအားပေးခံရလိမ့်မယ်“ ဖြစ်နိုင်ရင် တစ်စုံတစ်ယောက်က တကယ်အရေးယူဖို့ အတင်းအကြပ် ဖိအားပေးစေလိမ့်မယ်” ဟုဆက်ပြောသည်။

နယ်နိမိတ်ဖြတ်ကျော်ပြဿနာများကို ဒေသခံနိုင်ငံရေးသမားတစ်ယောက်အနေဖြင့် ဖြေရှင်းနိုင်ဖို့ အာဏာမရှိ သလောက်ဖြစ်နေသည်။ ယခုအခါ မယ်ဆိုင်သည် ၎င်း၏ စည်ပင်ဘတ်ဂျက်၏ တိုးပွားလာသော ကြောင့် ရေသန့်စင်ရန်အတွက် နှစ်စဉ် ခွဲဝေချထားပေးနေသည်။ နမ့်ဆိုင်အတွင်းရေမကူးကြရန်လည်း တိုက်တွန်းထား သည်။ “ငါတို့ အကောင်းဆုံးလုပ်နိုင်တာက ဒါပဲရှိတယ်” ဟုပြောသည်။
မူမမှန်သည့် လှုပ်ရှားမှု
တာဝန်ယူမှုရှိသော ရွှေတူးဖော်မှုဖြစ်အောင် ဘေးကင်းသော သိုလှောင်မှု၊ ပြန်လည်သန့်စင်ရေး နှင့် သဘာဝ ပတ်ဝန်းကျင်ထိခိုက်မှု အနည်းဆုံးဖြစ်စေရန်အတွက် ဆိုင်ယာနိုက်များကို စနစ်တကျစွန့်ပစ်ရန် တောင်းဆို ထားသည်။ ဥပမာအားဖြင့်၊ ထိုင်း-သြစတြေးလျ နာမည်ကြီး ချာထရီရွှေတွင်းသည် ဟက်တာ ၆၀၀ နီးပါး ကျယ်ဝန်းပြီး နေရာ၏ သုံးပုံတစ်ပုံနီးပါးကို စနစ်ကျသော စွန့်ပစ်ကန်ကိုတည်ဆောက်ထားသည်။
ကုမ္ပဏီ၏အဆိုအရ၊ ရေဆိုးများတွင် ဆိုက်ယာနိုက်ပါဝင်မှုကို 130 ppm မှ 20 ppm အောက်အထိ လျှော့ချရန် ဒီဇိုင်းထုတ်ထားခြင်းဖြစ်ပြီး ပတ်ဝန်းကျင်မှ စွန့်ပစ်ခြင်းအတွက် ဘေးကင်းသည်ဟု ယူဆရသည့် အဆင့်ဖြစ်သည်။
အဆိုပါ လျော့ပါးသက်သာရေး ဆောင်ရွက်မှုများကြားမှ၊ ချာထရီသတ္တုတွင်းသည် ပတ်ဝန်းကျင် အသိုင်းအဝိုင်းများအတွင်းသို့ ဓာတုယိုစိမ့်မှုနှင့် အကြိမ်ကြိမ်စွပ်စွဲမှု ရင်ဆိုင်ခဲ့ရပြီး ခြောက်နှစ်ကြာ ပိတ်ပစ်ရန် အစိုးရမှ အမိန့်ပေးခဲ့သည်။
ဂျာမနီ၊ ချက်သမ္မတနိုင်ငံ၊ ဟန်ဂေရီနှင့် ကော်စတာရီကာနိုင်ငံ အစရှိသည့် လေးနိုင်ငံသည် ရွှေတူးဖော်မှုတွင် ဆိုင်ယာနိုက်များ စွန့်ပစ်ခြင်းကို လုံးဝတားမြစ်ထားပြီး သဘာဝပတ်ဝန်းကျင် ညစ်ညမ်းမှုအန္တရာယ် မြင့်မားမှုကြောင့် ရွှေတူးဖော်မှုတွင် တားမြစ်ထားသည်။
၂၀၀၀ ခုနှစ်ကတည်းက ကမ္ဘာလုံးဆိုင်ရာ သတ္တုတွင်းလုပ်ငန်းသည် ရွှေတူးဖော်မှုတွင် ဆိုက်ယာနိုက်ကို ဘေးကင်းစွာ ကိုင်တွယ်ဖြေရှင်းနိုင်စေရန် ရည်ရွယ်ထားပြီး ထုတ်ပြန် ထားသည့် နိုင်ငံတကာ Cyanide Management Code ကို လိုက်နာခဲ့ကြသည်။
UWSA ထိန်းချုပ်ထားသော ထိုလုပ်ကွက်များတွင် အဆိုပါ ကုတ်အား လိုက်နာခြင်းရှိမရှိကို UWSA ပြောရေးဆိုခွင့်ရှိသူ ဦးညီရမ်းကို အကြိမ်ကြိမ် အင်တာဗျုးရန် တောင်းဆို ခဲ့သော်လည်း ပြန်လည် ဖြေကြားခြင်းမရှိပေ။

စတော့ဟုမ်း ပတ်ဝန်းကျင်ဆိုင်ရာ အင်စတီကျုမှ အကြီးတန်း သုတေသနလုပ်ဖော်ကိုင်ဖက် Thanapon Piman က နိုင်ငံတကာအသိုက်အဝန်းသည် အရေးယူဆောင်ရွက်မှုမပြုသေးခင် ဓာတုဆေးရည်ပါဝင်မှု အလွန်မြင့်မား သည့် အဆင့်သို့ ရောက်ရန် မစောင့်ဆိုင်းသင့်ကြောင်း ဆိုသည်။
” ဓာတုဆေးရည်ပါဝင်မှု အဆင့် မြင့်တက်လာမှုကို ထောက်လှမ်းခြင်းအားဖြင့် မြစ်အောက်ပိုင်းနိုင်ငံတွေကို တုံ့ပြန်ဖို့ လှုံ့ဆော်ပေးနိုင်ပါတယ်” “ဒီလိုတိုးလာတာကို မြစ်ထဲဘာဖြစ်နေတာလဲဆိုတာ သက်သေပဲ” ဟုဆိုသည်။
လူအများက ဆိုင်ရာနိုက်ဓါတ်တုရည် ညစ်ညမ်းမှုသည် ရုတ်တရက်ရေကြီးမှုနှင့် မြေပြိုမှုတို့လောက် အရေးမပါကြောင်း ရှုမြင်ကြသော်လည်း ထိုပြဿနာတို့သည် နက်ရှိုင်းစွာ အပြန်အလှန် ဆက်နွယ်နေကြောင်း Thanapon က သတိပေးခဲ့သည်။
“ရေကြီးတဲ့အခါ ကမ်းနားတစ်လျှောက်မှာ ဓာတုရည်သိုလ်လှောင်ကန် လျှံထွက်မှု စိမ့်ထွက်မှုတွေရှိနေတဲ့ မိုင်းတွင်းမှ စီးဆင်းလာတဲ့ ရေများလည်း မြစ်ရေထဲပါဝင်နေတာပါ” ဟု ၎င်းက ရှင်းပြသည်။
၂၀၂၅ခုနှစ် ဇန်နဝါရီလတွင် သံတမန် ရာထူးဖြင့် အသက်မွေးဝမ်းကြောင်းပြုပြီးနောက်၊ Busadee Santipitaks သည် မဲခေါင်မြစ်ကော်မရှင် (MRC) အတွင်းဝန်ရုံး၏ အမှုဆောင်အရာရှိချုပ်အဖြစ် ခန့်အပ်ခြင်းခံရပြီး မဲခေါင်မြစ် ၏ နယ်နိမိတ်ဖြတ်ကျော် ရေအရင်းအမြစ်များကို စီမံခန့်ခွဲရန် အစိုးရအချင်းချင်း တာဝန်ပေးအပ်ခြင်းခံရသည်။
ထိုအခန်းကဏ္ဍကို တာဝန်ယူပြီးနောက် မြစ်ကြောင်းစောင့်ကြည့်ရေး အားကောင်းလာခြင်းသည် ဒေသ၏ ပိုရှုပ်ထွေးသော ရေဒိုင်းနမစ်များကို ကောင်းစွာနားလည်ရန် သူမ၏ ထိပ်တန်း ဦးစားပေးလုပ်ငန်းတစ်ခု ဖြစ်ကြောင်း အလေးပေးပြောကြားခဲ့သည်။
မဲခေါင်မြစ်ဝှမ်းအတွင်း ရွှေတူးဖော်ခြင်းလုပ်ငန်းမှ ဆိုင်ယာနိုက် ညစ်ညမ်းမှုအန္တရာယ်နှင့် ပတ်သက်၍ မေးမြန်းသည့်အခါ MRC အတွင်းရေးမှူးရုံးမှ ဆက်သွယ်ရေးအရာရှိတစ်ဦး၏ အီးမေးလ်မှတစ်ဆင့် “မင်းတွေ့ရှိချက်အသေးစိတ်အပေါ် ကျွန်ုပ်တို့ မှတ်ချက်ပေးစရာမရှိပါဘူး” ဟု ဖြေကြားခဲ့သည်။
ထိုအဖြေသည် သျှမ်းပြည် အရှေ့ပိုင်းတွင် ဆယ်စုနှစ်ကျော် ရွှေတူးဖော်မှု၏ အန္တရာယ်ဖြစ်စေသော အကျိုးသက်ရောက်မှုများကို မှတ်တမ်းတင်ရေးသားခဲ့သော ရှမ်းလူ့အခွင့်အရေးမဏ္ဍိုင် SHRF မှ သုတေသီများ အတွက် အံ့သြစရာမဟုတ်ပေ။
အကြောက်တရားကြောင့် တိတ်ဆိတ်ခြင်း
Mekong Eye သည် ဒေသခံများ ဘေးကင်းရေး စိုးရိမ်မှုများကြောင့် သူတို့ ဘဝအပေါ် သတ္တုတွင်း၏ အကျိုးသက်ရောက်မှုများအကြောင်းကို ထုတ်ဖော်ပြောဆိုကြရန် တိုက်တွန်းသော်လည်း အလွန်ခက်ခဲကြောင်း တွေ့ရှိရပါသည်။
စိုင်းဦးတို့၏ ကျေးရွာတွင် လွန်ခဲ့သည့်ဆယ်စုနှစ် နှစ်ခုက စတင်၍ သတ္တုတူးဖော်ရေး လုပ်ငန်းကို အရှိန်အဟုန်ဖြင့် ချဲ့ထွင်လာကတည်းက ဒေသခံများကန့်ကွက်ဆန္ဒပြခဲ့ကြသည်။ သို့သော်လည်း ၂၀၁၅ ခုနှစ်တွင် ဆန္ဒပြသူတစ်ဦး ပစ်သတ်ခံခဲ့ရသောကြောင့် ကြောက်ရွံ့မှုဖြင့် နှုတ်ဆိတ်သွားခဲ့ကြသည်။
၂၀၀၁ ခုနှစ်တွင် မိုင်းကန်း သို့ UWSA ရောက်ရှိလာသောကြောင့် ရွှေတူးဖော်ရေး လုပ်ငန်းကို ဆန့်ကျင်ရန် ကြောက်ရွံ့မှုများ မြင့်တက်လာပြီး သတ္တုတူးဖော်ရေး လုပ်ငန်းများကို လမ်းရှင်းပေးရန် ရွာသားများကို အတင်း အကျပ် ရွှေ့ပြောင်းခိုင်းခဲ့သည်။
“ကျနော်တို့ ရွာကနေအတင်းအဓမ္မ ထွက်ခိုင်းတဲ့အခါ ကျနော်တို့ ရွာသူကြီးက ညှိနှိုင်းဖို့ ကြိုးစားတယ်။ အဲ့တာ သူ့ကိုဖမ်းဆီး နှိပ်စက်ပြီး အသတ်ခံခဲ့ရတယ်” ဟုရွာမှထွက်ပြေးလာရသည့် အသက် ၅၅ နှစ် အရွယ်ရှိ စိုင်းဆုမ်က ပြန်လည် ပြောပြသည်။

သတ္တုတွင်း အပါအဝင် အခြားသတ္တုတူးဖော်ရေး လုပ်ငန်းများတွင် တာဝန်ခံကင်းမဲ့မှုသည် နိုင်ငံတကာ၏ ဝေဖန်မှုကို ခံရသည်။
၂၀၂၄ ခုနှစ် ဖေဖော်ဝါရီလတွင် အစိုးရ၊ ကုမ္ပဏီများနှင့် အရပ်ဘက်လူမှုအဖွဲ့အစည်းပေါင်း ၁၄၀ ၏ ကမ္ဘာလုံး ဆိုင်ရာညွန့်ပေါင်းအဖွဲ့ (EITI) သည် အစုအဖွဲ့ပေါင်းစုံပါဝင်ပတ်သက်မှုနှင့် ဒေတာပွင့်လင်းမြင်သာမှုကဲ့သို့သော မရှိမဖြစ်လိုအပ်သော အုပ်ချုပ်မှုဆိုင်ရာကျင့်ထုံးများကို ထိန်းကျောင်းနိုင်မှုမရှိခြင်းကို ကိုးကား၍ မြန်မာနိုင်ငံ အား စာရင်းသွင်းခဲ့သည်။
အားနည်းမှုရှိသော စည်းမျဥ်းစည်းကမ်းများနှင့် ဆက်လက်ဖြစ်ပွားနေသော ပဋိပက္ခများကြောင့် လစ်ဟာနေ သည့်အချိန်၌ တရုတ်သတ္တုတွင်းလုပ်သားများသည် တရုတ်နိုင်ငံ နှင့် ထိစပ်နေသည့်နယ်စပ်မျဉ်းတစ်လျှောက် စစ်ပွဲဇုန်များအတွင်း ရွှေကျောများ ရွှေတွင်းများကို ရှာဖေါ်တူးဖေါ်နေကြသည်။
၎င်းတို့၏ အခန်းကဏ္ဍကို မိုင်းတွင်းစစ်ဆင်ရေးတွင်သာမက နယ်စပ်ဖြတ်ကျော် ရွှေမှောင်ခိုစျေးကွက်များ တွင်လည်း မြင်နိုင်သည်။ ဖြစ်စဉ်တစ်ခုအရ သျှမ်းပြည်အတွင်းမှ ရွှေချောင်းဆယ်ကီလိုဂရမ်ကို အခွန် မဆောင်ဘဲ ထိုင်းနိုင်ငံအတွင်းသို့ ခိုးသွင်းရန် ကြိုးပမ်းမှုကြောင့် တရုတ်အမျိုးသားတစ်ဦးကို ထိုင်းအာဏာ ပိုင်များက ဖမ်းဆီးခဲ့သည်။
၂၀၂၃ မက်ထရစ်တန်ချိန် ၃၈၀ နီးပါး ထွက်ရှိသည့် ကမ္ဘာ့အကြီးဆုံးရွှေထုတ်လုပ်သည့် တရုတ်နိုင်ငံသည် ၎င်း၏ပြည်တွင်းထောက်ပံ့မှုကို လုံခြုံစေရန်နှင့် ၎င်း၏ Belt and Road Initiative (BRI) မှတစ်ဆင့် ပြည်ပရွှေတူးဖော်မှုကို မဟာဗျူဟာမြောက် ပိုင်ဆိုင်မှုအဖြစ် ရှုမြင်ခဲ့သည်။
၂၀၂၄ ခုနှစ်တွင် BRI စီမံကိန်း လက်အောက်ရှိ သတ္တုနှင့် သတ္တုတူးဖော်ရေး ရင်းနှီးမြှုပ်နှံမှုများသည် အမေရိကန်ဒေါ်လာ ၂၁.၄ ဘီလီယံအထိ စံချိန်တင် ရောက်ရှိခဲ့ကြောင်း Griffith Asia Institute ၏ အစီရင်ခံစာအရ သိရသည်။
မြန်မာ၊ လာအို၊ ဇင်ဘာဘွေ၊ ဂါနာနှင့် ကွန်ဂိုဒီမိုကရက်တစ် သမ္မတနိုင်ငံများသည် တရုတ်သတ္တုတွင်း ရင်းနှီးမြှုပ်နှံမှုအတွက် အဓိကနေရာများ ဖြစ်လာခဲ့သည်။
တရုတ်နိုင်ငံတော်ကောင်စီ သတင်းပြန်ကြားရေးရုံး (SCIO) သည် တရုတ်ရွှေအသင်းအပါအဝင် အရင်းအမြစ်များစွာကို ကိုးကား၍ ပြည်ပရွှေတူးဖော်မှုတွင် ရင်းနှီးမြှုပ်နှံမှုများသည် ချမ်းသာကြွယ်ဝမှုနှင့် ရွှေဝယ်လိုအား မြှင့်တင်ရန်နှင့် BRI တွင် ပါဝင်သည့်နိုင်ငံများနှင့် တရုတ်နိုင်ငံ၏ ရွှေကုန်သွယ်မှုအတွက် အဓိကအချက်ဖြစ်ကြောင်း မီးမောင်းထိုးဖော်ပြသည့် ဆောင်းပါးတစ်ပုဒ်ကို ထုတ်ပြန်ခဲ့သည်။
သို့သော် အဆိုပါရင်းနှီးမြှုပ်နှံမှုများသည် အခြေခံအဆောက်အအုံစီမံကိန်းများ၊ ကြွေးမြီသဘောတူညီချက် များနှင့် ရေရှည်ကုန်သွယ်မှုအစီအစဉ်များသည် အမြဲတမ်းဆက်နွယ်မှုရှိကြောင်း သတင်းအများအပြား တွင်ဖော်ပြသည်။
တရုတ်နိုင်ငံ၏ အရန်ရွှေများ ကျယ်ကျယ်ပြန့်ပြန့်ရှိသော်လည်း SCIO အစီရင်ခံစာတွင် သတ္တုရိုင်းအဆင့်သည် “အတော်လေး အရည်သွေးနည်းသည်” နှင့် “အချို့သော အရင်းအမြစ်များကို အလွယ်တကူရရှိနိုင်သည်” ဟု မှတ်ချက်ပြုထားသည်။
ထို့ကြောင့် ရွှေသည် ပိုမိုချမ်းသာလာပြီး သဘာဝပတ်ဝန်းကျင်ဆိုင်ရာ စည်းမျဉ်းများ နောက်ကျကျန်နေသဖြင့် ဆွဲဆောင်မှုရှိသော အခြားရွေးချယ်စရာတစ်ခု ဖြစ်လာသည်။
တရုတ်သတ္တုတူးဖော်ရေး လုပ်ငန်းများသည် ပြည်တွင်း၌ တင်းကျပ်သော စည်းမျဉ်းများ ချမှတ်ထားသော်လည်း အာဖရိကနှင့် ဝေးကွာသော သို့မဟုတ် အရှေ့တောင်အာရှ၏ အကြီးဆုံး ရွှေထုတ်လုပ်သည့် အင်ဒိုနီးရှားကဲ့သို့ ဝေးကွာသော နိုင်ငံများတွင် တရုတ်ပိုင် ရွှေတွင်းများသည် ဥပဒေဆိုင်ရာ အကျိုးဆက်များနှင့် ရင်ဆိုင်နေရသည်။
အခြားတစ်ဖက်တွင်လည်း မြန်မာနိုင်ငံတွင် ၂၀၂၁ ခုနှစ် စစ်တပ်က အာဏာသိမ်းပြီးကတည်းက တရုတ်သတ္တုတူး ဖော်ရေး လုပ်ငန်းများကို ဥပဒေအရ အရေးယူခြင်း မရှိသေးပေ။
UWSA သည် ရွှေပေါများသော နယ်မြေအများအပြားကို ထိန်းချုပ်ထားပြီး အဆိုပါအဖွဲ့သည် ပေကျင်းအတွက် နိုင်ငံရေးကြားခံနှင့် စီးပွားရေးမိတ်ဖက်အဖြစ် လုပ်ဆောင်ပေးနေသည်ဟုလည်း နိုင်ငံရေးသုံးသပ်သူများကပြော သည်။
UWSA ထိန်းချုပ်မှုအောက်ရှိ သတ္တုတူးဖော်ရေး လုပ်ငန်းများကို အနှောင့်အယှက်ပြုခြင်းသည် တရုတ်ကို ပဋိပက္ခအတွင်းသို့ တိုးဝင်လာစေမည့် အန္တရာယ်များဖြစ်သောကြောင့် မြန်မာစစ်တပ်နှင့်အခြားလက်နက်ကိုင် အဖွဲ့များက တွန့်ဆုတ်နေကြသည်။
နိုင်ငံတကာ တုံ့ပြန်မှု အကန့်အသတ်နှင့် မြန်မာနိုင်ငံအတွင်း တိတ်ဆိတ်ငြိမ်သက်မှုနှင့်အတူ စိုင်းဦးကဲ့သို့သော ရွာသားများသည် ၎င်းတို့အထွတ်ထိပ်ထားရာ တောင်များနှင့် မြစ်များ ချောင်းများ ဖျက်ဆီးခံရမှုအပေါ် နာကျင်စွာ သတိပြုမိနေကြသည်။
လက်ရှိမှာမူ ထိုမြစ်အောက်ပိုင်းနေ ဒေသခံများအတွက် အန္တရယ်ဖြစ်စေသော ဓါတုဆေးရည် “ချိန်ကိုက်ဗုံး” သည် ၎င်းဆီသို့ ဖြည်းညှင်းစွာ ရောက်ရှိလာနေသည်ကို သတိမထားမိသေးပေ။
ဆောင်းပါးရှင် – Kannikar Petchkaew ၏ အင်္ဂလိပ်ဘာသာ ဆောင်းပါးအား အလုပ်သင်သတင်းထောက် စိုင်းဟန်မောဝ် မှာ ဘာသာပြန်ဆိုထားသည်။ အဆိုပါ ဆောင်းပါးသည် Mekong Eye, Dialogue Earth, Prachatai နှင့် Shan Herald Agency for News (SHAN) တို့ ချိတ်ဆက်ဆောင်ရွက်သည်။












Leave a Comments