အာဏာသိမ်းပြီးနောက်ပိုင်း စစ်ကောင်စီကို လက်နက်ကိုင်စွဲကိုင်သော နည်းလမ်းဖြင့် တော်လှန်နေကြသည့် တော်လှန်ရေးအဖွဲ့အစည်းများထဲတွင် သျှမ်းပြည်တောင်ပိုင်းက တော်လှန်ရေးတပ်ပေါင်းစုလည်း ပါဝင်သည်။
ထိုတော်လှန်ရေးတပ်ပေါင်းစုများသည် အမျိုးသားညီညွတ်ရေးအစိုးရ NUG ၏ ကာကွယ်ရေးဝန်ကြီးဌာန MOD ကွပ်ကဲမှုအောက်မှ တပ်ရင်းများ ရှိသကဲ့သို့ သီးခြားအနေဖြင့် ရပ်တည်နေသည့် တပ်ရင်းတချို့လည်း ရှိသည်။
လက်ရှိတွင် MOD ၏ ကွပ်ကဲမှုအောက်မှ SSRY နှင့် SSPDF တို့သည် MOD မှ နုတ်ထွက်ပြီး သျှမ်းပြည်တောင်ပိုင်း ဒေသခံတော်လှန်ရေးတပ်ပေါင်းစု SSLRU နှင့် ပူးပေါင်း၍ သျှမ်းတောင်အမျိုးသားများ ကာကွယ်ရေးတပ် SSNDF အဖြစ် ပြောင်းလဲဖွဲ့စည်းလိုက်ကြောင်း ဧပြီ ၁၉ ရက်နေ့တွင် ထုတ်ပြန်ကြေညာသည်။
ယခုကဲ့သို့ စုဖွဲ့မှုပုံစံအသစ်ဖြင့် ပြောင်းလဲဖွဲ့စည်းလိုက်သည့် SSNDF မှ မည်သည့်ပုံစံဖြင့် လုပ်ငန်းလည်ပတ်သွားမည်၊ SSNDF ၏ စုဖွဲ့မှုပုံစံအသစ်နှင့် အနာဂတ် ရည်မှန်းချက်တို့ကို SSNDF/KNDF ဗျူဟာ (၉) စစ်နည်းဗျူဟာမှူး ကိုဖိုးခွားအား သျှမ်းသံတော်ဆင့် သတင်းထောက် စိုင်းဟန်လင်းက မေးမြန်းထားပါသည်။
မေး ။ ။ သျှမ်းပြည်တောင်ပိုင်းမှာ လှုပ်ရှားနေတဲ့ SSLRU ၊ SSRY ၊ SSPDF နဲ့ SODF တို့ ပူးပေါင်းပြီး သျှမ်းတောင်အမျိုးသားများ ကာကွယ်ရေးတပ် SSNDF ဆိုပြီး ပြောင်းလဲဖွဲ့စည်းလာတာ တွေ့ရတယ်။ ဒီစုဖွဲ့မှု ပုံစံအသစ်က ဘာကြောင့် ဖွဲ့ဖြစ်တာလဲဆိုတာ ပြောပြပေးပါဦး။
ဖြေ ။ ။ ကျနော်တို့ သျှမ်းတောင်ဘက်မှာရှိနေတဲ့ တပ်ရင်းတွေ တော်တော်များများက ကိုယ့် COC ၊ သူ့ COC ဆိုပြီးတော့ သူ့ပုံစံ၊ ကိုယ့်ပုံစံနဲ့ လှုပ်ရှားနေတာ များတယ်။ အဲ့ဒါကိုမှ ကျနော်တို့က သျှမ်းတောင်ဘက်က အဖွဲ့အစည်းတွေ ပေါင်းပြီးတော့ COC တစ်ခုအောက်ကနေ စစ်ရေးထိုးဖောက်မှုတွေ၊ စစ်ရေးလှုပ်ရှားမှုတွေ လုပ်ချင်တယ်ပေါ့။ အဲ့ဒါကြောင့်မလို့ ကျနော်တို့ အခုဖွဲ့စည်းလိုက်တဲ့ လေးဖွဲ့ကနေ စပြီးတော့ ခေါင်းစဉ်တစ်ခုအောက်၊ COC တစ်ခုအောက်မှာ စစ်ရေးလှုပ်ရှားဖို့ ရည်ရွယ်ထားတာပါပဲ။
မေး ။ ။ အခု SSNDF က KNDF ရဲ့ စစ်ဦးစီးအောက်မှာ နေမယ်လို့ ထုတ်ပြန်ထားတာ တွေ့ရတယ်ဆိုတော့ လက်ရှိမှာ ဘာတွေဆက်လုပ်သွားဖို့ရှိလဲ။ စုဖွဲ့မှုပုံစံအသစ်နဲ့ လုပ်ငန်းလည်ပတ်သွားမယ့် ပုံစံကို ပြောပြပေးပါဦး။
ဖြေ ။ ။ ကျနော်တို့ SSNDF အနေနဲ့ အချိန်ကာလတစ်ခု ရည်မှန်းထားတဲ့ ရည်မှန်းချက်တစ်ခုထိ မရောက်ခင် အချိန်အတောအတွင်းမှာတော့ KNDF ရဲ့ COC အောက်ကနေ KNDF နဲ့၊ တခြား KNDF မှာရှိနေတဲ့ တခြားဗျူဟာတွေနဲ့ အကုန်လုံး လက်တွဲပြီးတော့ ကရင်နီမှာရှိနေတဲ့ တိုက်ပွဲဖော်ဆောင်မှုတွေမှာလည်း ပါဝင်ကူညီမယ်။
ဒါပေမဲ့ ကျနော်တို့အဓိက ရည်ရွက်ချက်ဖြစ်တဲ့ သျှမ်းပြည်ဘက်မှာ အခြေခံနယ်မြေတွေ တည်ဆောက်ပြီးတော့ အဲ့ဘက်မှာ စစ်ရေးထိုးဖောက်မှုတွေ လှုပ်ဆောင်ဖို့အတွက်ကို ကျနော်တို့က ကျစ်ကျစ်လစ်လစ် အင်အားတစ်ခုဖြစ်အောင် တပ်ရင်းတွေ ပေါင်းစည်းလိုက်တဲ့ သဘောပါ။
မေး ။ ။ SSNDF အနေနဲ့ သျှမ်းတောင်ကို ထိုးဖောက်ဝင်မယ့် အဓိက ရည်ရွက်ချက်က ဘာလဲ။
ဖြေ ။ ။ ကျနော်တို့က သျှမ်းတောင်ဘက်မှာ တိုက်ပွဲဖော်ဆောင်ချင်တာမျိုး ရှိတယ်။ ပြီးတော့ ကျနော် စောစောက ပြောသလိုပါပဲ၊ ကျနော်တို့ သျှမ်းတောင်မှာ အခြေခံနယ်မြေတွေ တည်ဆောက်ချင်တယ်။ ပြီးတော့ ကျနော်တို့ SSNDF မှာ အများစုက လူမျိုးစုတမျိုးတည်းကို ကိုယ်စားပြုပြီး ဖွဲ့ထားတဲ့ အဖွဲ့အစည်းမဟုတ်ဘူး။
ကျနော်တို့ထဲမှာ လူမျိုးပေါင်းစုံပါတယ်။ သျှမ်းပြည်ဘက်က လူမျိုးစုံ တော်တော်များများပါတယ်။ ပအိုဝ်းတွေ၊ အင်းသားတွေ၊ တောင်ရိုးတွေ၊ ဓနုတွေ၊ ဗမာတွေ ပါတယ်။ တခြားလူမျိုးတွေလည်း ကျနော်တို့ဆီမှာ အများကြီး ပါဝင်တဲ့ အတွက်ကြောင့်မို့ ကျနော်တို့ SSNDF ကတော့ သေချာပေါက် ဒေသကိုပဲ ကိုယ်စားပြုပြီးတော့ ထွက်လာတဲ့ အဖွဲ့အစည်းတစ်ခုပဲပေါ့နော်။ ကျနော်တို့ကတော့ အဓိက သျှမ်းတောင်မှာ စစ်ရေးထိုးဖောက်မှုတွေ လုပ်မယ်။ စစ်ရေးဖော်ဆောင်မှုတွေ အားကောင်းအောင် လုပ်ချင်တာပါပဲဗျ။
မေး ။ ။ သျှမ်းတောင်ကို ဘယ်လိုပုံစံမျိုးနဲ့ ထိုးဖောက်ဝင်ရောက်မယ် ဆိုတာကော ပြောပြလို့ရမလား။
ဖြေ ။ ။ ကျနော်တို့ တချို့သတင်းတွေကျတော့ ကျနော်တို့သည် အခုမှ စတင်စုဖွဲ့တယ်၊ အခုမှ ပြင်ဆင်ဆဲကာလ၊ စုဆောင်းဆဲကာလဆိုတော့ ဘယ်လိုမျိုး ထိုးဖောက်ဝင်ရောက်မလဲဆိုတဲ့ ပုံစံထက်ဆိုင်ရင် သျှမ်းတောင်ဘက်ကို ထိထိရောက်ရောက်နဲ့ စစ်ရေးပုံဖော်မှုတွေ ဘယ်လိုလုပ်မယ်လို့ပဲ ကျနော်ကတော့ ဒီချိန်အတောအတွင်းမှာဘဲ ဒီလိုပဲဖြေထားနိုင်ဦးမယ်ဗျ။
မေး ။ ။ အခုသျှမ်းပြည်မှာ သျှမ်းလက်နက်ကိုင်အဖွဲ့အစည်း နှစ်ခုအပြင် နောက်ထပ် သျှမ်းလက်နက်ကိုင် အဖွဲ့အစည်းတစ်ခု ထပ်ပေါ်လာတော့မလားဆိုပြီး ပြောဆိုနေတာရှိတယ်။ ဒီအပေါ်မှာကော ဘာပြောချင်ပါသလဲ။
ဖြေ ။ ။ ကျနော်တို့က လက်နက်ကိုင်အဖွဲ့အစည်း တစ်ခုဆိုတာက ဒီတော်လှန်ရေးကာလ အတွင်းမှာပဲ။ စစ်ကောင်စီကို လက်နက်ကိုင်ပြီးတော့ တော်လှန်လို့ရတဲ့ အတွက်ကြောင့်မို့ ဒီရည်ရွယ်ချက်နဲ့ပဲ ကျနော်တို့က လက်နက်ကိုင်ဆောင်ခြင်း ဖြစ်ပါတယ်။ ကျနော်တို့က သတ်မှတ်ထားလို့ ရတာပေါ့နော်။ ဒီတော်လှန်ရေး ကာလအတောအတွင်းမှာပဲ လက်နက်ကိုင်ပြီးတော့ တော်လှန်ရေးလုပ်ငန်းတွေ လုပ်ဖို့အတွက် လက်နက်ကိုင်တယ်လို့ပဲ ယူဆလို့ရပါတယ် ပြောဆိုလို့ရပါတယ်ဗျ။
သျှမ်းလက်နက်ကိုင် အဖွဲ့အစည်းတစ်ခု အနေနဲ့ ပေါ်လာမှာတော့ မဟုတ်ဘူး။ စောစောက ကျနော်ပြောသလိုပဲ ကျနော်တို့သည် လူမျိုးပေါင်းစုံကို ကိုယ်စားပြုတယ်။ အဲ့အတွက်ကြောင့်မို့ ကျနော်တို့က လူမျိုးတစ်မျိုးတည်းကိုပဲ ကိုယ်စားပြုတာ မဟုတ်ဘဲနဲ့ ကျနော်တို့က ဒေသကို ကိုယ်စားပြုပြီး ထွက်ပေါ်လာမှာ ဖြစ်တဲ့အတွက်ကြောင့် တော်လှန်ရေးကိုပဲ ဦးတည်မှာပါ။ တော်လှန်ရေးကိုဘဲ တစိုက်မတ်မတ်နဲ့ ကျနော်တို့သွားဖို့ ရှိပါတယ်။
မေး ။ ။ အာဏာသိမ်းပြီးနောက်ပိုင်းမှာ စစ်ကောင်စီကို တော်လှန်တိုက်ခိုက်နေတဲ့ သျှမ်းတောင်က ပြည်သူ့ကာကွယ်ရေးတပ်ရှိပါတယ်။ ဒါပေမဲ့ သျှမ်းပြည်မှာက လက်နက်ကိုင်လို့ ပြောလိုက်ရင် သျှမ်းလက်နက်ကိုင် ၂ ဖွဲ့ကိုပဲ မြင်ကြတယ်ပေါ့။ ဒီအပေါ်မှာ ဘာပြောချင်ပါသလဲ။
ဖြေ ။ ။ တော်လှန်ရေးမှာ ပေါ်ပေါက်လာတဲ့ သျှမ်းလူငယ်တွေ ဖွဲ့စည်းထားတဲ့ လက်နက်ကိုင်အစုအဖွဲ့တွေ တော်တော်များတယ်။ အများကြီး ရှိနေပါတယ်။ ဒါပေမဲ့ ကျနော်တို့ ဖြစ်စေချင်တာ ကိုယ့်အဖွဲ့အစည်းနဲ့ ကိုယ့် COC လေးနဲ့ပဲ။ အခုကျနော်တို့ ရင်ဆိုင်တိုက်ခိုက် နေရတဲ့ စစ်ကောင်စီကို တစ်ဖွဲ့ချင်းစီ မတော်လှန်ဘဲ ကျနော်တို့ကတော့ ပေါင်းစည်းမှုတစ်ခု၊ အင်အား တစ်ခုအနေနဲ့ တော်လှန်ချင်တာပေါ့။
တော်လှန်ချင်တဲ့အတွက်ကြောင့်မို့ ကျနော်တို့ အင်အားကြီးကြီးမားမားနဲ့ အင်အားအလုံးအရင်းနဲ့ ဖြစ်လာမယ့် ဒီတော်လှန်ရေး အဖွဲ့အစည်းတွေလည်း သျှမ်းတောင်မှာ ရှိနေပါသေးတယ် ဆိုတဲ့ဟာကို သျှမ်းပြည်မှာရှိတဲ့ သျှမ်းပြည်သူလူထုကို အသိပေးချင်တာပါ။
မေး ။ ။ ပြီးတော့ အာဏာသိမ်းပြီးနောက်ပိုင်းမှာ သျှမ်းပြည်က လူငယ်တွေ တော်တော်များများ လမ်းပျောက်နေတာ ရှိတယ်။ တချို့က စစ်မှုထမ်းဥပဒေကြောင့် ထွက်ပြေးနေတာရှိတယ်၊ တချို့က နိုင်ငံခြားကို ရောက်သွားတာ ရှိတယ်။ အခုလက်ရှိ သျှမ်းပြည်မှာရှိတဲ့ လူငယ်တွေကို ဘာပြောချင်သလဲ။
ဖြေ ။ ။ လူငယ်တွေက အခုနောက်ပိုင်းမှာ သူတို့ရဲ့အနာဂတ်တွေက ရေရေရာရာ သေသေချာချာဆိုတာ မရှိဘူး။ ဘာကို မျှော်လင့်လို့ မျှော်လင့်ထားရမယ် မသိ၊ သူတို့ အနာဂတ်ပျောက်နေတယ်။ ပြီးရင် နောက်တစ်ခုက ဘာလုပ်လို့ လုပ်ရမှန်းမသိ။ ကျနော်တို့ လူတွေဆိုတာက တစ်ခုခုလုပ်နေမှ၊ တစ်ခုခု မလုပ်ဘူးဆိုရင် ခုဏပြောသလို လမ်းပျောက်တယ်။ ကျနော်တို့ရဲ့ ရည်မှန်းချက်ဘာမှန်း မသိဘူးဆိုတဲ့ စိတ်ခံစားချက်လေးတွေ ဖြစ်ပေါ်တာပေါ့။
ကျနော်ကတော့ အကြံပေးချင်တာပေါ့နော်၊ ကျနော်တို့ကလည်း လူငယ်တွေပါပဲ။ ကျနော်တို့ လူငယ်တွေအနေနဲ့ ကျနော်တို့ လွတ်လပ်ခွင့်တွေ ပျောက်ဆုံးနေတယ်။ ကျနော်တို့ အိပ်မက်တွေ ထင်သလောက် အကောင်အထည်ဖော်လို့ မရဘူး။ ဒီလိုမျိုး တော်လှန်ရေးကာလမှာ၊ ဒီလိုမျိုး နိုင်ငံရေးအခြေအနေ ဖြစ်ပေါ်နေတဲ့ အချိန်မှာပေါ့။ အဲ့ဆိုရင် ကျနော်တို့ အရင်ဆုံးလုပ်ရမှာက ကျနော်တို့အိပ်မက်တွေကို တခြားနိုင်ငံမှာသွားပြီး အကောင်အထည်ဖော်မယ်ဆို့လိုရှိရင်လည်း ဒါသူတို့ရဲ့ ရွေးချယ်ပိုင်ခွင့်ပေါ့နော်၊ ဖော်လို့ရပါတယ်။
ဒါပေမယ့် ကျနော်တို့ကတော့ ဘာကို ခိုင်ခိုင်မာမာ ဆုံးဖြတ်ထားလဲဆိုရင် – ကျနော်တို့ နေတဲ့နိုင်ငံမှာ ကျနော်တို့အိပ်မက်တွေ၊ ကျနော်တို့ရဲ့ အနာဂတ်တွေကို အကောင်အထည် ဖော်ချင်တယ်ဆိုရင် သေချာတယ်၊ အခုစစ်အာဏာရှင် မပြုတ်ကျမချင်းတော့ ကျနော်တို့လူငယ်တွေရဲ့ အိပ်မက်တွေ ထင်သလောက်ကြီး ဖြစ်လာမှာ မဟုတ်ဘူးပေါ့နော်။
အခု ကျနော်တို့ လူငယ်ခေတ်၊ ကျနော်တို့အိပ်မက်တွေ ဒီခေတ်မှာ ဖော်ချင်မှ ဖော်နိုင်လိမ့်မယ်။ ဒါပေမယ့် နောက်မျိုးဆက်တွေကတော့ သေချာပေါက် ကျနော်တို့လိုမျိုး လမ်းပျောက်တာတွေ၊ သူတို့ရဲ့ အနာဂတ် ရည်မှန်းချက်တွေ မရှိတာမျိုးတွေ မဖြစ်စေရဘူးလို့ ကျနော်တို့ ဆုံးဖြတ်ချက်တွေချပြီးတော့ ကျနော်တို့ ဒီတော်လှန်ရေးတွေ ရွေးချယ်ခဲ့တာပေါ့နော်။
မေး ။ ။ အခု သျှမ်းပြည်တောင်ပိုင်းမှာလည်း တိုက်ပွဲတွေ မကြာခဏ ဖြစ်ပွားနေတယ်။ တိုက်ပွဲကြောင့် ထွက်ပြေးတိမ်းရှောင်နေရသူတွေလည်း ရှိတယ်။ တိုက်ပွဲနဲ့ ပတ်သက်ပြီး ပြည်သူတွေအနေနဲ့ ဘယ်လို ဆောင်ရွက်သင့်လဲ၊ ဘာတွေကြိုတင်ပြင်ဆင်ဖို့ လိုအပ်မလဲ။
ဖြေ ။ ။ အဓိက ပြည်သူတွေကို ကျနော်အကြံပေးချင်တာပါ။ ကျနော်တို့ သျှမ်းတောင်ဘက်မှာ တော်တော်များများက စစ်နဲ့ပတ်သက်ပြီး ပြည်သူတွေက သိပ်မခံရဘူးပေါ့။ စစ်ရဲ့ ဒဏ်ကို အဖျားခတ်ပြီးတော့ ခံစားရတာမျိုးတွေတော့ ရှိပါတယ်။ ဒါပေမယ့် လုံးလုံးလျားလျား နေအိမ်တွေ ပျက်စီးရလောက်တဲ့အထိ၊ စစ်ပွဲကြားမှာ ပြေးလွှားရလောက်တဲ့အထိတော့ သူတို့မခံရသေးဘူးပေါ့နော်။
ဒါပေမယ့် ဒီလိုမျိုး ဖြစ်လာခဲ့ရင်ကောဆိုပြီး သူတို့မှာ စိုးရိမ်စိတ်လေး ရှိထားချင်တယ်။ မဖြစ်လာနိုင်ပါဘူး ဆိုတာကြီးကို တွေးပြီး ဘာမှ မပြင်မဆင်ဘဲနဲ့ နေတာမျိုးကိုတော့ မဖြစ်စေချင်ဘူး။ ဥပမာ- ကျနော်တို့ လုပ်စရာရှိတွေလုပ်ထားမယ်။ ရွှေ့ပြောင်းစရာရှိတာ ပြောင်းထားမယ်။ ကျနော် ဖြစ်စေချင်တာကတော့ သူတို့မိသားစုအတွက် အစီအစဉ် (Plan) တွေ ချထားစေချင်တာပေါ့။
တကယ်လို့များ စစ်ပွဲ ဖြစ်လာခဲ့ရင်ဆိုတဲ့ သူတို့ရဲ့ စိုးရိမ်စိတ်လေးတွေတော့ ကျနော်ကတော့ ရှိစေချင်တယ်။ ဘာဖြစ်လို့လဲဆိုတော့ ဒီဘက်နယ်မြေတွေမှာ တကယ်တမ်း စစ်ဖြစ်ပြီဟေ့ဆိုရင် ဘာကိုမှ အိမ်တွေ၊ ပစ္စည်းတွေ၊ တန်းဖိုးကြီး ပစ္စည်းတွေ ထိန်းသိမ်းထားနိုင်မှာလည်း မဟုတ်ဘူး။ ကြိုတင်ပြင်ဆင်လို့လည်း မရဘူးပေါ့နော်။
စစ်ဖြစ်တယ်ဆိုတာကလည်း ကျနော်တို့ အခုငလျင်ဖြစ်သွားသလိုပါပဲ။ ကျနော်တို့ ချက်ချင်းလက်ငင်း ပြင်ဆင်ချိန်မရတဲ့ အချိန်မှာ အခုလိုပြင်ဆင်ခွင့်ရတုန်းမှာ ကိုယ့်အတွက် ဘယ်လိုမျိုး လုံခြုံအောင် နေထိုင်ရမလဲ။ ကိုယ့်မိသားတွေအတွက် ဘယ်လိုမျိုး အစီစဉ်တွေ ချထားမလဲဆိုတာကိုတော့ အခုကတည်းက ကြိုတင်ပြင်ဆင်၊ အစီစဉ်တွေ ဆွဲထားသင့်ပါတယ်။
မေး ။ ။ ကျနော်မမေးမိတဲ့ မေးခွန်းတွေအပြင် ထပ်ပြီးတော့ ဖြည့်စွက်ပြောချင်တာ ရှိဦးမလား။
ဖြေ ။ ။ ကျနော်ထပ်လောင်း ပြောချင်တာကတော့ ကျနော်တို့သည် ဒီတော်လှန်ရေးမှာ ပေါ်လာတဲ့ အစုအဖွဲ့တွေပေါ့။ သျှမ်းတောင်က အစုအဖွဲ့ရယ်တော့ မဟုတ်ဘူး၊ တခြား အစုအဖွဲ့တွေကောပေါ့နော်။ ဒီတော်လှန်ရေးကို ကိုယ်စားပြုပြီး ဒီတော်လှန်ရေး ကာလမှာ ပေါ်လာတဲ့ အစုအဖွဲ့တွေသည် အဓိကတော့ ကျနော်အကြံပေးချင်တာကတော့ ခိုင်မာတဲ့ COC တစ်ခုကတော့ တည်ဆောက်ရမှာပါ၊ တည်ဆောက်သင့်တယ်။
ဘာလို့လဲဆိုရင် ကျနော်တို့ရဲ့ ရန်သူတွေက တစ်စုတစ်ဖွဲ့တည်းကို။ ကျနော်တို့က အစုအဖွဲ့တွေ အများကြီးနဲ့ တိုက်ရတာ။ သူတို့တစ်စုတစ်ဖွဲ့တည်းကို ကျနော်တို့ဒီဘက်မှာ တော်လှန်ရေး အင်အားစုတွေပေါင်းပြီး စုဖွဲ့ထားတဲ့ တစ်စုတစ်ဖွဲ့တည်းနဲ့ တိုက်မယ်ဆိုရင်တော့ ကျနော်တို့ တော်လှန်ရေးခရီးကတော့ မြန်ဆန်မယ်လို့တော့ ပြောချင်တယ်။
မေး ။ ။အခုလို အချိန်ပေးပြီး ဖြေကြားပေးတဲ့အတွက် ကျေးဇူးအများကြီး တင်ပါတယ်။
ဖြေ ။ ။ ဟုတ်ကဲ့ပါ။










Leave a Comments